ရွှေကြူး၊ ဦး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဦးရွှေကြူး (မြန်မာ ၁၂၄၅-၁၂၉၇) (ခရစ် ၁၈၈၃ - ၁၉၃၅)သည် မြန်မာ့ ပထမဆုံး ခေတ်သစ် မဂ္ဂဇင်း ထုတ်ဝေသူ ဖြစ်သည်။ ဒေါင်းတံဆိပ် မြန်မာဖတ်စာသစ်ကို စတင်ထုတ်ဝေရန် တီထွင်ကြံစည်ခဲ့သူလည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ယနေ့တိုင် ဖြန့်ချိလျက်ရှိသည့် မြန်မာ့အလင်း သတင်းစာ အား တည်ထောင်ခဲ့သူ ဖြစ်သည်။

ဦးရွှေကြူး

ငယ်ဘဝ[ပြင်ဆင်ရန်]

ဦးရွှေကြူးသည် မြန်မာသက္ကရာဇ် ၁၂၄၅ (ခရစ်နှစ် ၁၈၈၃ ခုနှစ်)ခုနှစ်တွင် မော်လမြိုင်မြို့၌ ဖွားမြင်သည်။ အဖ ဦးခင်၊ အမိ ဒေါ်ဂွမ်းဖြစ်၏။ ဦးရွှေကြူးတွင် မွေးချင်းရှစ်ဦး ရှိလေသည်။ ဦးရွှေကြူးသည် အင်္ဂလိပ်စာတတ်၊ ခေတ်ပညာတတ် ပုဂ္ဂိုလ်တစ်ယောက်လည်းဖြစ်၏။ ရန်ကုန်ကောလိပ်တွင် ဝိဇ္ဇာတန်းအထိ တက်ရောက် သင်ကြားခဲ့ဖူးသည်။

မျိုးချစ်စိတ်ထက်သန်သူ[ပြင်ဆင်ရန်]

မျိုးချစ်စိတ်ထက်သန်သူလည်း ဖြစ်၍ သတင်းစာ မဂ္ဂဇင်းမှအစ စာပေအရေးအသားတွင် အထူးဝါသနာ ထုံသူတစ်ယောက်လည်း ဖြစ်လေသည်။ 'ဒေါင်းတံဆိပ် မြန်မာ ဖတ်စာသစ်ကို' တွေ့ဖူး၊ ဖတ်ဖူး၊ လေ့ကျင့်ဖူးသူတိုင်း ဦးရွှေကြူးနှင့် ဆရာလင်းတို့၏ ကျေးဇူးကို မည် သည့်အခါမျှ မေ့ပျောက်နိုင်လိမ့်မည်မဟုတ်ပေ။ ထိုဒေါင်းတံဆိပ် မြန်မာဖတ်စာသစ်ကို စတင်ထုတ်ဝေရန် တီထွင်ကြံစည်ခဲ့သူမှာ ဦးရွှေကြူးဖြစ်၍ အရေးအသားအားလုံးအတွက်တာဝန်ခံရသူမှာ အဂ္ဂမဟာပဏ္ဍိတ ဆရာကြီးဦးလင်း ဖြစ်လေသည်။


ဦးရွှေကြူးသည် ပထမကမ္ဘာစစ်ကြီး မဖြစ်မီက ရန်ကုန်မြို့တွင် လာရောက်ဖွင့်လှစ်နေကြသော ဂျာမန် စီးပွားရေးလုပ်ငန်းများနှင့် အဆက်အသွယ်ပြုကာ လုပ်ကိုင်ခဲ့ရာ စီးပွားရေး လုပ်ငန်းဘက်တွင် အတော် အတွေ့အကြုံ ဗဟုသုတများခဲ့၏။ ၁၂၇၁ ခုနှစ်၌ ရန်ကုန်မြို့ ဘားလမ်းအမှတ် ၅၁ တွင် ရွှေကြူး ကုမ္ပဏီဟူ၍ ဖွင့် လှစ်ပြီးနောက် မြေဩဇာလုပ်ငန်း၊ ထီးလုပ်ငန်း၊ စက်ရက်ကန်းလုပ်ငန်း၊ အင်္ဂလိပ်စာကို စာပေးစာယူဖြင့် သင်ကြားခြင်းတို့ကို လုပ်ကိုင်သည်။ ၁၂၇၃ ခုနှစ်တွင် ဦးရွှေကြူး၊ ဆရာမြို့၊ ဦးရွှေလှေးတို့ တွေ့ဆုံဆွေးနွေး၍ ပိဋကတ်သုံးပုံ မြန်မာပြန်မှုကို သဘောတူညီပြီးနောက် ပိဋကတ်သုံးပုံ ထုတ်ဝေရေးကုမ္ပဏီ တည်ထောင်ခဲ့ရာ ရွှေကြူးကုမ္ပဏီက ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။

မြန်မာ့အလင်းမဂ္ဂဇင်း[ပြင်ဆင်ရန်]

ထိုပြင် ဦးရွှေကြူးသည် ရွှေကြူးပုံနှိပ်တိုက်ဟူသော အမည်ဖြင့် ပုံနှိပ်တိုက်တစ်တိုက် ထူထောင်လျက် ခရစ် ၁၉၁၂ ခုနှစ် ဇွန်လတွင် မြန်မာ့အလင်းမဂ္ဂဇင်း စတင် ထုတ်ဝေခဲ့သည်။ စင်စစ် မြန်မာ့အလင်းမဂ္ဂဇင်း အလျင်ကထုတ်ဝေခဲ့သော မဂ္ဂဇင်းများ ရှိသော်လည်း ထိုမဂ္ဂဇင်းများသည် လူထုအား ခေတ်သစ် ဉာဏ်များကို များစွာသွတ်သွင်းပေးနိုင်သောမဂ္ဂဇင်းများ မဟုတ်ဘဲ ရှေးဟောင်းကျမ်းဂန်များမှလာသော ဆုံးမစာများနှင့် ဘာသာရေးများသာ ထည့်သွင်းထုတ်ဝေသော မဂ္ဂဇင်းများ ဖြစ်လေရာ ဦးရွှေကြူးစီမံထုတ်ဝေလိုက်သော မြန်မာ့အလင်း မဂ္ဂဇင်းမှာမူ ခေတ်သစ်ဉာဏ်သစ်များ သွတ်သွင်းပေးသောနည်းများ ပါရှိသော မဂ္ဂဇင်းဖြစ်သဖြင့် တစ်စတစ်စ လူကြိုက်များလာ၏။ ထိုအတွင်း ၁၉၁၄ ခုနှစ် ဩဂုတ်လတွင် ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားလေရာ အခွင့်အရေးကို ကောင်းစွာယူတတ်သော ဦးရွှေကြူးသည် မြန်မာ့အလင်း မဂ္ဂဇင်းအပြင် မြန်မာ့အလင်း စစ်ကြေးနန်းသတင်းဟူသောအမည်ဖြင့် ရက်ခြား သတင်လွှာတစ်စောင်ကို ထိုနှစ် နိုဝင်ဘာလတွင် ထုတ်ဝေခဲ့လေသည်။ မြန်မာ့အလင်း စစ်ကြေးနန်းသတင်းကို တစ်ပြည်လုံးကပင် အလုအယက် ဝယ်ယူဖတ်ရှုကြသော ဟူ၏။ ၁၉၁၅ ခုနှစ် မတ်လ ၁၅ ရက်နေ့မှ အစပြု၍ 'မြန်မာအလင်း သတင်းစာ'ဟု အမည်ပြောင်း၍ ထုတ်ဝေခဲ့သည်။


မြန်မာ့အလင်း ရက်ခြားသတင်းစာကို ထုတ်ဝေပြီးနောက် တစ်နှစ်တွင် 'မတ်လ ၁၅ ရက်နေ့ကို သတိပြုပါ'ဟူသော ကြော်ငြာအတွက် မြန်မာပြည်အစိုးရတို့က အာမခံငွေ ၅ဝဝဝိ တောင်းဆိုခြင်းခံရသည်။ ကြော်ငြာရှင်မှာ စာရေးဆရာ ပီမိုးနင်းဖြစ်၍ ကြော်ငြာရှင်ကိုယ်တိုင်က မိမိ၏ စာအုပ်တစ်အုပ်ကို ထုတ်ဝေမည့်အကြောင်း ကြော်ငြာခြင်း ဖြစ်ပါသည်ဟု ရှင်းလင်းခဲ့သော်လည်း အချည်းနှီး ဖြစ်သည်။ ထိုကြောင့် အာမခံငွေ မပေးဘဲ သတင်းစာကို ရပ်စဲထားလိုက်ပြီးနောက် ၁၉၁၆ ခုနှစ်တွင် ဦးရွှေကြူးသည် ကျောက်ပုံနှိပ်ပညာသင်ရန် ဂျပန်နိုင်ငံသို့ သွားရောက်သည်။


လမ်းခရီးတွင် ဆိုင်ဂွန်မြို့၌ စံနေတော်မူသော မြင်ကွန်းမင်းသားကြီးထံသို့ဝင်ရောက်၍ မြန်မာနိုင်ငံကို မြန်မာမင်းဆက်များ၏လက်သို့ ပြန်အပ်နှံရေးကိစ္စအတွက် တိုင်ပင်ကာ ဂျပန်နိုင်ငံသို့ ခရီးဆက်လက် ထွက်ခွာသွားသည်။ ဦးရွှေကြူး၏ ရည်ရွယ်ချက်မှာ ထိုစဉ်က အင်္ဂလိပ်၊ ပြင်သစ်တို့ကတဘက်၊ ဂျာမနီ၊ ဩစတြီးယားတို့ကတစ်ဖက် စစ်ဖြစ်နေရာ မြန်မာများသည် ဗြိတိသျှတို့ဘက်မှ ငွေအား လူအားနှင့် ကူညီယိုင်းပင်းလိုက်လျှင် မြန်မာပြည်ကို ကျေးဇူးတင်သောသဘောနှင့် မြန်မာမင်းများလက်သို့ ပြန်ပေးကောင်းရဲ့ဟု သဘောပိုက်ကာ မြင်ကွန်းမင်းသားကြီးထံမှ ကိုယ်စားလှယ် လွှဲစာချွန်တော်ကို ယူဆောင်လျက် ဂျပန်နိုင်ငံရှိ ဗြိတိသျှသံအမတ်ကြီး လော့ကမ် နင်ဟံနှင့် စကားဆိုခဲ့သည်။ သို့သော် မြန်မာပြည် အစိုးရတို့သည် ဦးရွှေကြူး၏ကိစ္စကို အဓိပ္ပာယ်တစ်မျိုးကောက်ယူကာ ဦးရွှေကြူးအား ဂျပန်နိုင်ငံမှ ပြန်ပို့ရန် အမိန့်ထုတ်ခဲ့၏။

ပြည်နှင်ဒဏ်ပေးခြင်း[ပြင်ဆင်ရန်]

ဦးရွှေကြူးသည် ဂျပန်နိုင်ငံမှ ပြန်လာ၍ စင်္ကာပူအရောက်တွင် မြန်မာပြည်သို့ ပြန်မလာရန် ပြည်နှင်ဒဏ်ပေးခြင်း ခံရလေသည်။ စင်္ကာပူတွင် ရှိနေစဉ် 'စတြိတ်တိုင်း(The Straits Times)' သတင်းစာတွင် သတင်းဆောင်းပါးများ ရေးသားခဲ့ရာ ထိုသတင်းစာ၏ အယ်ဒီတာဖြစ်သူ အေ၊ ဒဗျူစတီး(Alexander William Still)က အင်္ဂလိပ်စာအရေးအသား ကောင်းသည်ဟု ချီးကျူးခြင်းခံရသည်။


ဦးရွှေကြူးသည် ခရစ် ၁၉၂၁ ခုနှစ်တွင်မှ မြန်မာပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ခွင့် ရခဲ့လေသည်။ သို့ရာတွင် ဦးရွှေကြူး၏ မျိုးချစ်စိတ်မှာ မည်သို့ပင် ဖိနှိပ်ကွပ်ညှပ်ခြင်း ခံခဲ့ရငြားသော်လည်း လျော့သည်ပေါ့သည်ဟူ၍ မရှိ၊ တိုးလျက်တက်လျက်သာ ရှိခဲ့ရာမှ မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် 'လစ်ဗာတီ' (လွတ်လပ်ရေး)ခေါ် သတင်းစာတစ်စောင်ကို ကြိုးပမ်းထုတ်ဝေခဲ့၏။ သို့သော် အကြောင်းမညီညွတ်လှသဖြင့် တာရှည်မခံဘဲ ရပ်စဲသွားရလေသည်။[၁]


"ဒေါင်းတံဆိပ် မြန်မာ ဖတ်စာသစ်" ကို တွေ့ဖူး၊ ဖတ်ဖူး၊ လေ့ကျက် ဖူးသူတိုင်း "ဦးရွှေကြူးနှင့် ဆရာလင်း"၊ "ဆရာလင်းနှင့် ဦးရွှေကြူး" တို့၏ ကျေးဇူးကို မည်သည့် အခါမျှ မေ့ပျောက် နိုင်လိမ့်မည် မဟုတ်။ အဘယ့်ကြောင့် ဟူမူ ထို "ဒေါင်းတံဆိပ် မြန်မာ ဖတ်စာသစ်" ကို စတင် ထုတ်ဝေရန် တီထွင် ကြံစည် ခဲ့သူမှာ ဦးရွှေကြူး ဖြစ်၍ အရေးအသား အားလုံး အတွက် တာဝန် ခံရသူမှာ အဂ္ဂမဟာ ပဏ္ဍိတ ဆရာကြီး ဦးလင်း ဖြစ်သော ကြောင့်တည်း။


ဦးရွှေကြူးသည် အင်္ဂလိပ်စာတတ်၊ ခေတ်ပညာတတ် ပုဂ္ဂိုလ် တယောက်လည်း ဖြစ်၏။ မျိုးချစ်စိတ်ဓာတ် တက်ွ့ွကသော လူငယ်လူရွယ် တယောက်လည်း ဖြစ်၏။ သတင်းစာ၊ မဂ္ဂဇင်းမှ အစ စာပေ အရေးအသားတွင် အထူး ဝါသနာထုံသူ တယောက်လည်း ဖြစ်၏။ တိုင်းပြည်၏ အသိဉာဏ်၊ ပညာဉာဏ် တို့ကို ဖွံ့ဖြိုး တိုးတက် စေလိုသူ တယောက်လည်း ဖြစ်၏။ ပစ္စည်းဥစ္စာ အရာ၌ အတော်အတန် ကုံလုံ ွ့ွကယ်ဝသူ တယောက်လည်း ဖြစ်၏။ သို့နှင့် "မြန်မာ ဖတ်စာသစ်" တအုပ်ကို ထုတ်လုပ် ဖြန့်ချိ လိုသော အခါ ဦးရွှေကြူးက ဆရာကြီးလင်း၏ အကူအညီ တို့ကို တောင်းခံ၏။ စာပေနှင့် ပတ်သက်၍ အသက် ၈ဝ ပြည့် အရွယ်တွင် အနိစ္စ ရောက်သွားသည် အထိ အမြဲတမ်း ကြိုးပမ်း ချီးမြှင့် ခဲ့ပေသော ဆရာကြီး ဦးလင်း ကလည်း ဝမ်းမြောက် ဝမ်းသာ နှင့်ပင် လက်ခံ ကူညီ ခဲ့ပေ၏။ ထို့ကြောင့်လည်း နောက်ဆုံးတွင် "ဒေါင်းတံဆိပ် မြန်မာ ဖတ်စာသစ်" များ ပေါ်ပေါက် လာရခြင်း ဖြစ်သတည်း။


ဦးရွှေကြူးသည် ဆိုခဲ့ ပြီးသည့် အတိုင်း အင်္ဂလိပ် စာတတ်၊ ခေတ်ပညာတတ် ပုဂ္ဂိုလ် တယောက် ဖြစ်၏။ ဆိုခဲ့သည့် အတိုင်းလည်း မျိုးချစ်စိတ် တက်ွ့ွက နေသူ တယောက် ဖြစ်သည် သာမက သတင်းစာ၊ မဂ္ဂဇင်းမှ အစ စာပေ အရေး အသားတွင် အထူး ဝါသနာ ထုံသူ တယောက် ဖြစ်သည့် အပြင် တိုင်းပြည်၏ အသိဉာဏ်၊ ပညာဉာဏ် တို့ကိုလည်း ဖွံ့ဖြိုး တိုးတက် စေလိုသူ တယောက် ဖြစ်ရကား စီးပွားရေး အတွက် ရန်ကုန်မြို့ ဘားလမ်း အမှတ် ၅၁ တွင် "ရွှေကြူး ကုမ္ပဏီ" ကို ဖွင့်လှစ် ဦးစီး နေခိုက် အင်္ဂလိပ် သက္ကရာဇ် ၁၉၁၂ ခုနှစ် ဇွန်လတွင် "မြန်မာ့အလင်း မဂ္ဂဇင်း" ကို စတင် ထုတ်ဝေ လိုက်လေသည်။ စင်စစ် 'မြန်မာ့အလင်း မဂ္ဂဇင်း' အလျင် ထုတ်ဝေ ခဲ့ကြသော မဂ္ဂဇင်း မျာလည်း ရှိခဲ့ဖူး ကြပါ၏။ သို့ရာတွင် ထိုမဂ္ဂဇင်း များမှာ လူထုအား ခေတ်သစ် ဉာဏ်များကို များစွာ သွတ်သွင်း ပေးနိုင်သော မဂ္ဂဇင်းများ မဟုတ်မူဘဲ ရှေးဟောင်း ကျမ်းဂန်များမှ လာသော ဆုံးမစာများနှင့် ဘာသာရေး များသာ ထည့်သွင်း ထုတ်ဝေသော မဂ္ဂဇင်းများ ဖြစ်လေရာ ဦးရွှေကြူး စီမံ ထုတ်ဝေ လိုက်သော "မြန်မာ့အလင်း မဂ္ဂဇင်း" မှာမူ ခေတ်သစ်ဉာဏ်များ သွတ်သွင်း ပေးသော နည်းများ ပါရှိ လာသော မဂ္ဂဇင်း ဖြစ်သဖြင့် ထို "မြန်မာ့ အလင်း မဂ္ဂဇင်း" သည် ခေတ်သစ် လောက မဂ္ဂဇင်း ဖြစ်သည်ဟု ဆိုနိုင် ကြပေသည်။


ထို့အပြင် "ဒေါင်းတံဆိပ် မြန်မာ ဖတ်စာ" များကို ထုတ်ဝေ လိုက်စဉ်က မြန်မာ ပညာရှိ ဦးလင်း၏ အကူအညီကို တောင်းခံ ခဲ့သည့် နည်းတူ ယခုလည်း မြန်မာပိုင်း ဆိုင်ရာ အရေးအသား သီးခြား ကဏ္ဍ အစ ရှိသည်တို့ အတွက် မြန်မာ ပညာရှိ လယ်တီ ပဏ္ဍိတ ဦးမောင်ကြီး၏ အကူအညီကို တောင်းခံ ခဲ့သေး၏။ ဤသည် တို့ကို ထောက်ရှုခြင်း အားဖြင့် ဦးရွှေကြူးသည် မည်မျှ အမြော်အမြင် ကြီးကြောင်း၊ မြန်မာစာကို မည်မျှ ချစ်ခင် မြတ်နိုးကြောင်း ကောင်းစွာပင် သိနိုင် ပေတော့သည်။

မြန်မာ့ အလင်း သတင်းစာ[ပြင်ဆင်ရန်]

သို့နှင့် တလလျှင် နှစ်ကြိမ်မျှသာ ထုတ်ဝေ နေသေးသော "မြန်မာ့အလင်း မဂ္ဂဇင်း" ကို တစတစ လူသိ များလာ၏။ တစတစ လူကြိုက် များလာ၏။ ထိုအတွင်း အင်္ဂလိပ် သက္ကရာဇ် ၁၉၁၄ ခုနှစ် နိုဝင်ဘာလတွင် ပထမ ကမ္ဘာစစ်ကြီး ဖြစ်ပွား ခဲ့ပေသည်။ ထိုအခါ အခွင့်အရေးကို ကောင်းစွာ ယူတတ်သော ဦးရွှေကြူးသည် "မြန်မာ့ အလင်း မဂ္ဂဇင်း" အပြင် "မြန်မာ့ အလင်း စစ်ကြေးနန်း သတင်း" ဟူသော အမည် ဖြင့်လည်း ရက်ခြား သတင်းလွှာ တစောင်ကို ထုတ်ဝေ လိုက်လေ၏။ ထိုသတင်းလွှာနှင့် ပတ်သက်၍လည်း အင်္ဂလိပ် သက္ကရာဇ် ၁၉၁၄ ခုနှစ် အောက်တိုဘာ လထုတ် "မြန်မာ့ အလင်း မဂ္ဂဇင်း" မှာပင် -


"... ထိုသို့ သိသင့်သည့် အားလျော်စွာ ကွ္ဆနု်ပ်တို့ ကုမ္ပဏီက ယခု ဖြစ်ပွားလျက် ရှိသော စစ်မက် အကြောင်းအရာ သတင်းများကို မြန်မာ ဘာသာအား ကောင်းမွန်စွာ ပြန်ဆို ပြီးလျှင် ထူးဆန်း၍ မှတ်သားဖွယ် ကောင်းသော အချက်များ ကိုလည်း ရှင်းလင်းစွာ ရေးသား၍ တနေ့လျှင် ဓာတ်ပုံ တခုစီ ပြောင်းလွှဲပြီးလျှင် "မြန်မာ့အလင်း စစ်ကြေးနန်း" အမည်နှင့် နေ့စဉ် ထုတ်ဝေရာ မိတ်ဆွေပေါင်း များစွာတို့ နှစ်သက် သဘော ကျသည့် အားလျော်စွာ ဝယ်ယူ ဖတ်ရှုကြ သဖြင့် နေ့စဉ် တိုးတက်၍ ပိုမို၍ ရိုက်နှိပ် ရလေသည်။ ..."


စသည်ဖြင့် ရေးသား ဖော်ပြ ထားလေသည်။ ထိုသို့ ရေးသား ဖော်ပြ ထားသည့် အတိုင်းလည်း "မြန်မာ့ အလင်း စစ်ကြေးနန်း သတင်း" ကို တပြည်လုံး ကပင် အလုအယက် ဝယ်ယူ ဖတ်ရှု ကြသော ဟူ၏။ ဦးရွှေကြူးသည် ထိုမျှနှင့် ရောင့်ရဲ တင်းတိမ်ခြင်း မရှိသေးဘဲ အင်္ဂလိပ် သက္ကရာဇ် ၁၉၁၄ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့မှ စ၍လည်း "မြန်မာ့ အလင်း စစ်ကြေးနန်း သတင်း" ကို နေ့စဉ် ထုတ်ဝေ လိုက်ပြန်ကာ၊ အင်္ဂလိပ် သက္ကရာဇ် ၁၉၁၅ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် မူကား "မြန်မာ့ အလင်း သတင်းစာ" ဟု အမည် ပြောင်း၍ ထုတ်ဝေ လိုက်လေသည်။ ထိုအတော အတွင်း ရက်ခြား သတင်းလွှာများ၊ နေ့စဉ် သတင်းစာများ၏ တာဝန်က ကြီးလေး လာရကား "မြန်မာ့အလင်း မဂ္ဂဇင်း" ကို ရပ်စဲလိုက် ရပေ၏။


ဤတွင် 'အခွင့်အရေးကို ကောင်းစွာ ယူတတ်သော ဦးရွှေကြူး' ဟု ဆိုခဲ့ရာ၌ သတင်းစာ အရောင်းရ တွင်ကျယ်အောင် အခွင့်အရေး ယူတတ်ခြင်းဟု ဆိုလိုရင်း မဟုတ်ပေ။ ဦးရွှေကြူးသည် ကမ္ဘာ့ရေးရာ၊ စစ်ရေးရာတို့ အပြင် ခေတ်ပညာ ဗဟုသုတ တို့နှင့် စပ်လျဉ်း၍ တတိုင်း တပြည်လုံးကို နား၊ မျက်စီ ဖွင့်ပေး နိုင်မည့် အခွင့်အရေး၊ ဖိနှိပ် ချုပ်ချယ်လျက် ရှိသော အင်္ဂလိပ် အစိုးရ တို့အား အခါအခွင့် သင့်တိုင်း သတိပေး နှိုးဆော် နိုင်မည့် အခွင့်အရေး တို့ကိုပါ ဦးမလေး လက်မတွန့်ဘဲ ရေးသား ဖော်ထုတ် နိုင်စွမ်း ရှိသည် တို့ပင် ဖြစ်ပေသည်။ သို့နှင့် "မြန်မာ့အလင်း စစ်ကြေးနန်း သတင်း"၊ "မြန်မာ့အလင်း သတင်းစာ" တနည်းအားဖြင့် "ရွှေကြူး ကြေးနန်း သတင်း"၊ "ရွှေကြူး သတင်းစာ" တို့ကြောင့် တပြည်လုံး တောရော မြို့ပါ မကျန် လှုပ်လှုပ်ရွရွဖြင့် နိုးကြား ထွ့ွက လာရကား အင်္ဂလိပ် အစိုးရသည် "မြန်မာ့ အလင်း သတင်းစာ" နှင့် ဦးစီး ထုတ်ဝေသူ ဦးရွှေကြူးအား မျက်စောင်း ထိုးစ၊ ငြိုငြင်စ ပြုလာသည်။ ထိုအခိုက် တနေ့သော အခါတွင် အင်္ဂလိပ် အစိုးရတို့ မနှစ်သက်သည့် သတင်း တရပ် ပါလာမှုကြောင့် "မြန်မာ့ အလင်း သတင်းစာ" ကိုလည်း အမိန့်နှင့် ပိတ်လိုက်ကာ ဦးစီး ထုတ်ဝေသူ တိုက်ပိုင်ရှင် ဦးရွှေကြူး အားလည်း မြန်မာပြည် အပြင်အပ ဖြစ်သော စင်္ကာပူမြို့သို့ ပြည်နှင်ဒဏ်ဖြင့် ပို့လိုက်သည်။


ထို အဖြစ်အပျက် များကား ပထမ ကမ္ဘာစစ်ကြီး အတွင်းက ဖြစ်ပါ၏။ ပထမ ကမ္ဘာစစ်ကြီး ပြီးသော်လည်း ဦးရွှေကြူးသည် ကိုယ့်တိုင်း ကိုယ့်ပြည်သို့ ပြန်လည် လာရောက်ခွင့် မရရှာသေး။ နောက် အင်္ဂလိပ် သက္ကရာဇ် ၁၉၂၁ ခုနှစ် အတွင်းသို့ ကျရောက်သော အခါမှသာ မြန်မာပြည်တွင်းသို့ ချင်းနင်း ဝင်ရောက်ခွင့် ရတော့သည်။


သို့ရာတွင် ဦးရွှေကြူး၏ မျိုးချစ်စိတ်မှာ မည်သို့ပင် ဖိနှိပ် ကွပ်ညှပ်ခြင်း ခံခဲ့ရ ငြားသော်လည်း လျော့သည်၊ ပေါ့သည် ဟူ၍ မရှိ။ တိုးလျက်၊ တက်လျက်သာ ရှိခဲ့ရာမှ မြန်မာပြည်သို့ ပြန်လည် ရောက်ရှိ လာသည်နှင့် တပြိုင်နက် "လစ်ဘာတီ" (လွတ်လပ်ရေး) ခေါ် သတင်းစာ တစောင်ကို ကြိုးပမ်း ထုတ်ဝေ ပြန်ဘိသည်။ သို့သော် အကြောင်း မညီ ညွှတ်လှ သဖြင့် ထိုသတင်းစာမှာ တာရှည် မခံဘဲ ရပ်စဲ သွားရပြီး သည့်နောက် နောက်ဆုံးတွင် ဦးရွှေကြူးသည် ရန်ကုန် မြူနီပါယ် အဖွဲ့တွင် အတွင်းရေးမှူးအဖြစ် ဝင်ရောက် ဆောင်ရွက် ခဲ့ရသည်။


ထို့နောက် များမကြာမီ ပင်လည်း တွံတေးသို့ ခေတ္တ သွားရောက်ရာမှ ခလုတ် တိုက်မိ၍ ခြေဖျားတွင် ရသော ဒဏ်ရာကြောင့် အနာ ဝင်ပြီးလျှင် အနိစ္စ ရောက်ရ ရှာလေသည်။


မျိုးချစ်စိတ် ထက်သန်၍ စာပေ မြတ်နိုးသူ ဦးရွှေကြူးကား "မြန်မာ့ အလင်း မဂ္ဂဇင်း" ကို စတင် ထုတ်ဝေ ခဲ့ရုံမျှမက မိမိ ကိုယ်တိုင်လည်း "ရွှေကြူး အသံထွက် အင်္ဂလိပ် - မြန်မာ အဘိဓာန်"အစ ရှိသည် တို့ကို ရေးသား ထုတ်ဝေခဲ့ ပေသေး သတည်း။

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
  • စာဆိုတော်များ အတ္ထုပ္ပတ္တိ၊ မောင်သုတ (ခ) ဗိုလ်မှူး ဘသောင်း (မဟာ ဝိဇ္ဇာ၊ ရွှေတံဆိပ်ရ) ပြုစု၊ ဦးခင်အေး (မောင်ခင်မင်၊ ဓနုဖြူ) ပါမောက္ခ၊ မြန်မာစာ ဌာန၊ ရန်ကုန် တက္ကသိုလ် တည်းဖြတ် ဖြည့်စွက်၊ ရာပြည့် စာအုပ်တိုက်၊ ပဥ္စမအကြိမ် ၁၊ ဩဂုတ်၊ ၂ဝဝ၂။
  • မြဝတီ မဂ္ဂဇင်း၊ အတွဲ ၃၊ အမှတ် ၇ လာ 'ဇေယျ' ၏ 'ဦးရွှေကြူး' ဆောင်းပါး။
  • မြဝတီ မဂ္ဂဇင်း၊ အတွဲ ၂၊ အမှတ် ၂ နှင့် ၃ လာ 'ငွေဥဒေါင်း' ၏ 'မြန်မာမဂ္ဂဇင်း သမိုင်း' ဆောင်းပါး။
  • အင်္ဂလိပ် သက္ကရာဇ် ၁၉၅၆ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့ထုတ် ၁ဝ ကြိမ်မြောက် 'သမာဓိ သတင်းစာ'။