ရွေးပင်

ဝီကီပီးဒီးယား မှ

ရွေးပင်သည် ရွေးကြီးပင်နှင့် ရွေးငယ်ပင် (ချင်ရွေးပင်) ဟူ၍ရှိရာ ရွေးကြီးပင်ကို ရုက္ခဗေဒအလို အရ အန်ဒီနန်သီရာ ပါဗိုနီနာ(အင်္ဂလိပ်: Adenanthera pavonina) [၁] ဟု ခေါ်သည်။

မြန်မာနိုင်ငံတွင် ရွှေ၊ ငွေ၊ ဘယဆေး အစရှိသည်တို့ကို ချိန်တွယ်ရာ၌ ရွေးစေ့အကြီးအငယ်(ရွေးကြီးစေ့နှင့် ချင်ရွေးစေ့) တို့ကို ပဲ၊ မူး၊ မတ်၊ ကျပ် စသည့်အလေးငယ်တို့နှင့် ပေါင်းဖက်၍ ယနေ့တိုင် အသုံးပြုလျက် ရှိကြလေသည်။ ရွေးစေ့နှစ်မျိုးစလုံးသည် ကြက်ဥပုံ ဖြစ်၍ ကြက်သွေးရောင်တွင် အစွန်းတစ်ဖက်၌ အမည်းစက်များဖြင့် လှပသော အစေ့များဖြစ်သည်။ ရွေးငယ်၊ သို့မဟုတ် ချင်ရွေးနှစ်စေ့သည် ရွေးကြီးတစ်စေ့နှင့် ညီမျှ၍ ရွေးကြီးစေ့ ခြောက်ဆယ်သည် တစ်ကျပ်သားနှင့် ညီမျှလေသည်။

ရွေးငယ်ပင် (ချင်ရွေးပင်)များသည် နွယ်ပင်များ ဖြစ်ကြ၍ မြန်မာနိုင်ငံအထက်ပိုင်းတွင် အတွေ့ရများသည်။ ရွေးကြီးပင်များကို မြန်မာနိုင်ငံ မြေပြန့်သစ်တောများ၌ တွေ့ရှိရသည်။ သို့သော် မြန်မာနိုင်ငံ မြေပြန့် သစ်တောများ၌ တွေ့ရှိရသည်။ သို့သော် မြန်မာနိုင်ငံမှာထက် ကပ္ပလီကျွန်းစုတွင် ပို၍တွေ့ ရသည်။ အမြင့်ပေ ၆ဝ ခန့်နှင့် တည့်မတ်သောပင်စည်ရှိ၍ အရိပ်ကောင်းပေးနိုင်သည့် အခက်အရွက်တို့ဖြင့် လှပသောသစ်ပင်ဖြစ်သည်။ ဆောင်းဥတု၌ ရွက်ဟောင်းကြွေ၍ နွေခါတွင် ရွက်စုံထွက်လျက် ရှိသဖြင့် လမ်းနံဘေး၌ စိုက်ပျိုးရန်သင့်သောအပင်မျိုး ဖြစ်သည်။ အကိုင်းဖြတ်စိုက်နည်းဖြင့် အပင်သစ်ပွားအောင် ပြုလုပ်နိုင်သည်။ ထို့ပြင် အကြီးမြန်သော သစ်ပင်လည်း ဖြစ်သည်။ ရွေးပင်များသည် စိုထိုင်းသောရာသီကို နှစ်သက်ကြသည်။

ရွေးပင်၏ အခေါက်သည် ညိုမဲရောင်ဖြစ်၍ ကြမ်းတမ်းသည်။ အလျား တစ်လက်မခန့်ရှိသော အရွက်များသည် ရိုးတံတစ်ဖက်တစ်ချက်တွင် မျက်နှာချင်းဆိုင် ထွက်ကြသည်။ အနံ့သင်းသော ပန်းပွင့်အဝါကလေးများ ပွင့်၍ ရှစ်လက်မခန့် ရှည်သော အသီးတောင့်များသည် ကောက်ကွေးလျက် ရှိသည်။ အသီးတောင့်များ မှည့်လာလျှင် အသီးခွံ ထက်ခြမ်းကွဲသွားပြီးလျှင် နီရဲရဲအစေ့များ ထွက်ကျလာကြသည်။

ရွေးပင်၏ အသားသည် နီ၍မာသည်။ အကြောအမျှင်များသိပ်သည်း၍ အရောင်တင်၍ရသော သစ်သား ဖြစ်သည်။ ထိုကြောင့် စားပွဲ၊ ဗီရို၊ ကုလားထိုင် စသော အိမ်အသုံးအဆောင်များနှင့် အဆောက်အအုံများ ဆောက်လုပ်ရာ၌ အသုံးဝင်သည်။ သို့သော် အနှစ်သား ကောင်းကောင်းရရှိရန် လွန်စွာခဲယဉ်းလေသည်။ ရွေးစေ့များကို အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ချိန် တွယ်ရာ၌ အသုံးပြုနိုင်သည့်အပြင် အနာအုံဆေး အဖြစ်ဖြင့်လည်း အသုံးချနိုင်သည်။ ရွေးကြီးပင်ကို တနင်္သာရီတောင်ပိုင်းရပ်များတွင် ရွေးနီပင်ဟု ခေါ်ကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)