ရေယွန်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ရေယွန်ဆိုသည်မှာ သစ်ပျော့ဖတ်၊ သို့မဟုတ် အစေ့ကပ် ဝါမျှင်တိုမှ ဓာတုဗေဒနည်းဖြင့် စီမံ ပြုလုပ်ထားသော ပိုးတု ဖြစ်သည်။ ပိုးတုဟု ဆိုသော်လည်း ယခုအခါ ရေယွန်ပိုးဟူ၍ပင် အခေါ်များကြပေသည်။

ဤပိုးတုကို မလုပ်တတ်မီအခါက ပိုးမွေးမြူသောသူတို့ သည် ပိုးမျှင်ထွက်သော ပိုးကောင်ကလေး သန်းပေါင်းများစွာ ကို အပင်ပန်းခံ၍ တယုတယ မွေးမြူခဲ့ကြရသည်။ ပိုးမွေးမြူ သော အလုပ်မှာ အချိန်ကုန်၍ ငွေကုန်ကြေးကျလည်း အလွန် များ၏။ သို့ရာတွင် လိုအပ်သောပိုးမျှင်များကို အခြားနည်းများ ဖြင့် မရနိုင်သောကြောင့် ပိုးမွေးမြူသည့် အလုပ်ကိုပင် အစဉ် အဆက် အားကိုးလုပ်ကိုင်ခဲ့ကြရလေသည်။ ၁၇ ရာစုနှစ်သို့ ရောက်လာသောအခါ ပိုးမျှင်ကို လူတို့လုပ်နိုင်လျှင် မည်မျှ ကောင်းအံ့နည်း၊ လူတို့ ကြံစည်ပြုလုပ်လျှင် မဖြစ်နိုင်ဘဲ ရှိအံ့ လောဟူ၍ သိပ္ပံပညာရှင်ကြီးအချို့၏ စိတ်တွင် ဖြစ်ပေါ်လာ သည်။ သိပ္ပံပညာရှင်အသီးအသီးပင် နည်းအမျိုးမျိုးဖြင့် စမ်းသပ် ကြိုးစားကြ၏။ သို့ရာတွင် နောင်နှစ်ပေါင်း ၁၅ဝ မှ ၂ဝဝ တိုင်အောင် မည်သူမျှ ကြိုးစားရာ၌ မအောင်မြင်ခဲ့ပေ။ ရေယွန်ပိုးကို ရှေးဦးပထမ အောင်မြင်စွာ စမ်းသပ်ပြုလုပ် နိုင်သူမှာ ကောင့်အီလျဲဒါရှာဒိုနေ အမည်ရှိသော ပြင်သစ်လူမျိုး လူငယ် သိပ္ပံပညာရှင်တစ်ဦးပင် ဖြစ်သည်။ သူသည် ပါစတာ ခေါ် ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီးထံတွင် ပညာရပ်များကို ဆည်းပူးလျက်ရှိစဉ် ပိုးတုလုပ်ငန်း၌ လေ့လာစမ်းသပ်ပြီးနောက် ၁၈၈၄-၈၅ ခုနှစ်၌ မိမိ၏ ပိုးတုပြုလုပ်နည်းကို ရှေးဦးစွာ မူပိုင်ခွင့် မှတ်ပုံတင်နိုင်ခဲ့လေသည်။

ရှာဒိုနေသည် ၁၈၈၉ ခုနှစ်တွင် ပထမ ရေယွန်ပိုးအလုပ်ရုံ တစ်ရုံကို တည်ထောင်သည်။ သို့သော် သူ့နည်းမှာ စရိတ် အကုန်အကျ များလှပေသည်။ နောင်တွင် ကရော့စနှင့် ဗီဗန် အမည်ရှိသော အင်္ဂလိပ်လူမျိုး ဓာတုဗေဒပညာရှင်နှစ်ဦးက ဗစ္စကို့နည်းကို တွေ့ရှိသောအခါမှ ရေယွန်ပိုးကို ဈေးပေါပေါနှင့် ပြုလုပ်ရောင်းချ နိုင်လာကြသည်။ ယခုအခါ အက်ဆက်တိတ် နှင့် ဗင်ဗတ်နည်းများကိုလည်း အသုံးပြုကြပေသည်။ အက်ဆက်တိတ်နည်းဖြင့် ပြုလုပ်သော ရေယွန်ပိုးထည်သည် မီးပူတိုက် လျှင် အရောင်တောက်လာ၍ အပူလွန်လျှင် ပျော်ဝင်သွားတတ်သည်။ သို့သော် အလွယ်တကူနှင့်ကား မညစ်နွမ်းနိုင်ချေ။ မည်သည့်နည်းနှင့် ပြုလုပ်သည်ဖြစ်စေ၊ ရေယွန်ပိုးတုသည် ပိုးစစ်နှင့်မခြား အလွန်ကောင်းသောအထည် ပစ္စည်းဖြစ်၍ ပိုးစစ် ထက်ပင် ပိုမိုခိုင်ခံ့သေး၏။ တန်ဖိုးမှာမူ ပိုးစစ်ထက်များစွာ သက်သာပေသည်။ ပိုးတုပင် ဖြစ်သော်လည်း ရေယွန်ကို ယခု အခါ ပိုးတုဟု သဘောမထားကြတော့ဘဲ လူတို့၏ အသုံး အဆောင် အထည်အလိပ်များအဖြစ် အလွန်အသုံးများလာ လေပြီ။ ရေယွန်ကို ဆေးဆိုးသောအခါ ပိုးစစ်ထက် ပို၍ ဆေးစွဲသည်ကိုလည်း တွေ့ရသည်။ မကြာမကြာလည်း ရေယွန် ကို ပိုးစစ်နှင့်ဖြစ်စေ၊ အခြားပစ္စည်းများနှင့် ဖြစ်စေ ရော၍ အသုံးပြုထားသည်ကို တွေ့ရသည်။ ဒုတိယကမ္ဘာစစ်ကြီး အတွင်းက ရေယွန်ကို ရာဘာ (ကြက်ပေါင်စေး)ဖြင့် ရော၍ တာယာများ ပြုလုပ်ရာတွင် ထည့်သွင်းအသုံးချကြည့်ရာ အလွန်ကောင်းမွန်သည်ကို တွေ့ခဲ့ရလေသည်။ ရေယွန်ပြုလုပ်နည်းမှာ အံ့တစ်ပါးဟုပင် ဆိုရပေမည်။

ရှေးဦးစွာ စပရု ခေါ် ထင်းရှူးပင်တစ်မျိုးကို စက်ရုံထဲသို့ သွင်းပေးရပြီးနောက် စက်ရုံထဲမှ ထွက်လာသောအခါ ထင်းရှူးပင် ဘဝမှ ကတ္တီပါကဲ့သို့ တောက်ပသော ပိုးသားဘဝသို့ ပြောင်းသွားလေသည်။ ဝါနှင့် အစေ့ကပ်ဝါမျှင်တိုများကိုလည်း ရေယွန်ပြုလုပ်ရာတွင် အသုံးပြုလေ့ ရှိကြပေသည်။ ရေယွန်ပြု လုပ်ပုံမှာ ပိုးကောင်များကိုယ်တိုင် ပိုးမျှင်ဖြစ်အောင် ပြုလုပ်သည့် သဘာဝနည်းကို အခြေပြုထားခြင်းပင် ဖြစ်သည်။ ပိုးကောင်များအကြောင်းကို လေ့လာစုံစမ်းသောအခါ ပိုးကောင်တို့သည် ပိုးစာရွက်များကိုသာ စားသောက်ကြသည်ကို တွေ့ရ သည်။ ထိုကြောင့် ပိုးမျှင်သည် ပိုးကောင်များ စားသောက်သော ပိုးစာရွက်မှ ရသောပစ္စည်းပင် ဖြစ်ရမည်ဟု သိရသည်။ ထို ပစ္စည်းကား အပင်မှန်သမျှတွင် အခြေခံပစ္စည်းအဖြစ်နှင့် ပါဝင်သော ဆဲလျူလို့ပင်ဖြစ်၍ ထိုဆဲလျူလို့တွင် ကာဗွန်၊ ဟိုင်ဒြိုဂျင် နှင့် အောက်ဆီဂျင်ဓာတ်များ ပါဝင်လေသည်။

ဗစ္စကို့နည်းဖြင့် ရေယွန်ပြုလုပ်ရာ၌ စက်ရုံများသို့ ရောက် လာသော သစ်နှင့်ဝါးများကို ပထမပျော့ဖတ်စက်မှ ပျော့ဖတ်ဖြစ် အောင် လုပ်ပေးလိုက်သည်။ ထိုနောက် အညစ်အကြေးများမှ စင်ကြယ်စေရန် ကော့စတစ်ဆိုဒါရည်ဖြင့် ဆေးပေးပြီးလျှင် အစိတ်စိတ်အမွှာမွှာဖြစ်အောင် စက်ဖြင့် ချေပေးရပြန်သည်။ ထိုချေပြီးသား အစအနများကို တစ်ဖန် ကာဗွန်ဗိုင်ဆာလဖိုဒ်ပျော်ဝင်ရည် ထည့်ထားသောကန်တွင် ထည့်ပြီးလျှင် အတော် ကြာအောင် မွှေပေးရသည်။ ထိုအခါ ဆဲလျူလို့ အစအနများသည် လိမ်မော်ရောင်ရှိသော ဆဲလျူလို့ဇန်သိတ်ခေါ် ပစ္စည်း ဖြစ်လာသည်။

အဆိုပါ ပစ္စည်းကို ကော့စတစ်ဆိုဒါ ပျော်ဝင်ရည်တွင် ဖျော်ပြီးလျှင် စစ်ယူလိုက်သည်။ ထိုနေက် မှောင်ခန်းတွင်းရှိ ကန်များထဲသို့ စုပ်သွင်းပေးပြီးလျှင် ကန်များထဲ၌ ငါးရက်မျှ ထားပြီးနောက် တစ်ဖန် အကြိမ်ကြိမ် ပြန်၍ စစ်ပေးပြန်သည်။ ထိုအခါ ပျားရည်ကဲ့သို့ စေးပျစ်၍ ပယင်းရောင်ရှိသော ပစ္စည်း တစ်မျိုး ဖြစ်လာသည်။ ထိုပစ္စည်းသည် ဗစ္စကို့ဖြစ်၍ ထိုပစ္စည်း မှ ပိုးမျှင်ပြုလုပ်ရန် အဆင့်တစ်ဆင့်သာ ကျန်ပေတော့သည်။ ထိုသို့ ဗစ္စကို့မှ တစ်ဆင့် ရေယွန်ပြုလုပ်ယူရသောကြောင့် ဤ နည်းကို ဗစ္စကို့နည်းဟု ခေါ်တွင်ခြင်း ဖြစ်သည်။

ပိုးမျှင်ပြုလုပ်ရာတွင် စပင်းနာရက်ခေါ် အပေါက်ကလေး များ ဖောက်ထားသော ခေါင်းမှ ဗစ္စကို့ရည်ကို ပန်းထုတ်ပေး ရ၏။ ထိုခေါင်းကို ရွှေ၊ သို့မဟုတ် ပလက်တီနမ်ဖြင့် ပြုလုပ် ထား၍ သာမန်မျက်စိဖြင့် မမြင်နိုင်လောက်အောင် သေးငယ် သော အပေါက်ကလေးပေါင်း ၁၈ ပေါက်မှ ၁၄၄ ပေါက်အထိ ဖောက်ထားသည်။ စပင်းနာရက်ကို ပြွန်ထိပ်တွင် တပ်၍ ဗစ္စကို့ ရည်ကို စက်အားဖြင့် ပန်းထုတ်လိုက်သောအခါ အလွန်သေး ငယ်သော အမျှင်ကလေးများ ပန်း၍ထွက်လာသည်။ ထိုအမျှင် ကလေးများကို ခေါင်းမှထွက်လာလျှင်လာခြင်း အက်ဆစ်ပျော် ဝင်ရည်ထည့်ထားသော ကန်ထဲသို့ ကျစေသည်။ အက်ဆစ်နှင့် တွေ့သောအခါ အမျှင်ကလေးများသည် ချက်ချင်း မာကျော တောင့်တင်းသွားသည်။ ထိုအမျှင်ကလေးများသည် ပင့်ကူမျှင် တမျှ သေးငယ်ကြ၏။ သို့သော် ပင့်ကူမျှင်ထက် ပို၍ ခိုင်ခံ့လေ သည်။

ထိုနောက် ခြည်ငင်စက်ဖြင့် ထိုအမျှင်ကလေးများကို ခြည်မျှင်ဖြစ်အောင် ငင်ရေးရ၏။ ခြည်မျှင်များကို တစ်ဖန် အခင်များဖြစ်အောင် ရစ်ထုံးပေးပြီးသော ဆေးဖြင့် ချွတ်လိုက် သောအခါတွင် ပကတိအဖြူရောင် ဖြစ်သွားတော့၏။ ထိုခြည် ခင်များကို သေချာစွာ ဆေးကြော သွေ့ခြောက်စေပြီးနောက် အရောင်နှင့် နူးညံ့ပုံ အလိုက် ရွေးချယ်၍ စက်ရုံများသို့ အထည်အလိပ်ရက်ရန် နောက်ဆုံး ပေးပို့လိုက်ကြသည်။ ငင်ခြင်း ရက်ခြင်းမရှိဘဲ ဗစ္စကို့ရည်မှ တိုက်ရိုက်ဇာနှင့် ပိုက်ကွန်များ ပြုလုပ်သည့်စက်မျိုးလည်း ရှိသေး၏။ ထိုစက်မျိုး တွင် သံမဏိဆလင်ဒါများပေါ်၌ အလိုရှိသော ဖာ၊ သို့မဟုတ် ပိုက်ကွန်ပုံအတိုင်း ထုလုပ်ထားသည်။ ထိုနောက် ဗစ္စကို့ရည်ကို လိုသလောက် သံမဏိဆလင်ဒါပေါ်၌ လောင်းပေးရသည်။

ထိုနောက် ဆလင်ဒါကို အက်ဆစ်ရည်တွင် လှည့်ပေးသောအခါ အက်ဆစ်က ပုံထုထားသည့် မြောင်းများအတွင်းရှိ ဗစ္စကို့ရည် ကို ရေယွန်ပိုးသားအဖြစ်သို့ ပြောင်းလဲသွားစေသည်။ နောက်ဆုံးတွင် ထိုသို့ဖြစ်ပေါ်လာသော ဇာ၊ သို့မဟုတ် ပိုက် ကွန်ကို ဆလင်ဒါမှ ခွာယူရန်သာ လိုပေတော့သည်။ ရေယွန်သည် ခိုင်ခံ့၍ ကြာရှည်အသုံးခံနိုင်၏။ သို့သော် နည်းအမျိုးမျိုးဖြင့် ပြုလုပ်ရရှိသော ရေယွန် အမျိုးမျိုးရှိသည့် အနက် အချို့သောအမျိုးကို စိုစွတ်နေချိန်၌ ပွတ်တိုက်၍ မပေးရ။ ဆပ်ပြာရည်တွင် စိမ်ပြီးလျှင် ချေးစင်အောင် ဆုပ်နယ် ပေးရုံသာ ပြုလုပ်ရသည်။ထိုအပြင် သွေ့ခြောက်အောင် လှန်းရာ တွင်လည်း လေတဖျပ်ဖျပ် တိုက်ခတ်နေသည့်နေရာမျိုး၌ မလှန်း ရချေ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)