အထည်အလိပ်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
A small fabric shop in canal town Mukalla, Yemen

အထည်အလိပ်ဆိုသည်မှာ လူတို့၏ ကိုယ် ခန္ဓာကို ဖုံးလွှမ်းရန် အဝတ်အစားနှင့် လူ့အသုံးအဆောင် အိပ်ရာခမ်းနားများ၊ ချုပ်လုပ်ရသော ပစ္စည်းဖြစ်လေသည်။ ယဉ်ကျေးမှုရောင်ခြည်သန်းစ ရှေးအခါကပင် လူများသည် မိမိ တို့၏ ကိုယ်ခန္ဓာကို ဖုံးလွှမ်းရန် အသိဉာာဏ်ရရှိကြ၍ မြက်ပင်၊ နွယ်ပင်၊ လျှော်မျှင်များဖြင့် အဝတ်တန်ဆာ ရက်လုပ်ကာ ဝတ်ဆင်ခဲ့ကြလေသည်။ ယခုခေတ်တိုင်အောင်လည်း အထည် အလိပ်ဟူသည်မှာ ရက်လုပ်၍ အသုံးပြုရသော ပစ္စည်းများ ဖြစ် ကြသည်။

ယခုခေတ်တွင် အထည်အလိပ် ရက်လုပ်ရန် အသုံးပြုကြ သော ပစ္စည်းများမှာ ပိုး၊ ဝါဂွမ်း၊ ဂုံလျှော်တို့မှ ပြုလုပ်ရရှိသော ခြည်မျှင်နှင့် သိုးမွေး၊ ကုလားအုတ်မွေး စသည် သားမွေးများ ဖြစ်ကြသည်။ ယင်းတို့ကို အထည်ရက်လုပ်၍ ရနိုင်စေရန် အမျှင်များဖြစ်အောင် ပြုလုပ်ရလေသည်။ အထည်အလိပ် ရက် လုပ်ပုံမှာ ရက်ကန်းစင်ပေါ်တွင် ဖြန့်တန်းထားသည့် တိုင်ချည် ဟုခေါ်သော ခြည်မျှင်များကြားထဲသို့ ဖောက်ခြည်ဟု ခေါ်သော ခြည်မျှင်များများကို ထိုးသွင်း ရက်လုပ်ကြရလေသည်။ ထိုသို့ အတိုင်အဖောက်များနှင့် ရက်လုပ်ခြင်းမှာ ရှေးရှေးက လူတို့ သည် နွယ်ပင်မြက်ပင်များကို ရက်လုပ်သည့်နည်းနှင့် အခြေခံ အားဖြင့် တူညီလေသည်။ ထိုမှတစ်ဆင့် တဖြည်းဖြည်း တိုးတက်ကောင်းမွန်အောင် တီထွင်လာကြ၍ ဒေသအလိုက် ကောင်းနိုးရာရာများကို အဆန်းတကြယ် ထည့်သွင်း ရက်လုပ် ကြလေသည်။ အချို့ အထည်အလိပ်များမှာ ရက်လုပ်ပုံကို လိုက်၍ အမျိုးအစား ကွဲဲပြားလေသည်။

အထည်အလိပ်များကို ရက်လုပ်ကြပြီးနောက် ရက်လုပ်သည့် ဒေသကို အစွဲပြု၍ အမည်ပေးကြလေသည်။ ကျွနု်ပ်တို့ မြန်မာ နိုင်ငံတွင် ထင်ရှားသော ဘန်ကောက်၊ ဇင်းမယ်စသည့် ပိုး ထည်မျိုးများမှာ ယင်းတို့ကို စတင် ရက်လုပ်ရာဒေသ၏အမည် ကို အစွဲပြု၍ခေါ်ခြင်း ဖြစ်လေသည်။ အနောက်တိုင်းတွင် ဒမတ်အမည်ရှိသော အထည်မျိုးမှာလည်း ဤကဲ့သို့ပင် အရပ် ဒေသကို အစွဲပြု၍ ခေါ်သောအထည်မျိုး ဖြစ်သည်။ ဒမတ် အထည်မျိုးမှာ ဆီးရီးယားနိုင်ငံ ဒမတ်စကပ်မြို့တွင် စတင် ရပ်လုပ်သော ဖဲထည်များ ဖြစ်လေသည်။ ထိုဖဲထည်များ၏ အထည်သားများတွင် ပန်းပွင့်၊ ပန်းနွယ်၊ ကျေးငှက်တိရစ္ဆာန် ရုပ်များနှင့် ရှုမျှော်ခင်းပုံများကို ထည့်သွင်း ရက်လုပ်လုပ်ထား သည်။ နောက်ခေတ်များတွင် စားပွဲ၊ ကုလားထိုင် စသည် အိမ်ထောင်ပရိဘောဂများ ကို ဖုံးလွှမ်းရန် ထိုသို့ အဆင်အပွင့် ဖော်ကာ ရက်လုပ်သည့် အထည်မျိုးမှန်သမျှကို ဒမတ်ဟူ၍ပင် ခေါ်လေသည်။ ဗရိုကိတ်ခေါ် အထည်မျိုးတွင်ကား ဖောင်းကြွ၍ လှပသော ပန်းပေါက်ပန်းပွင့်ပုံများပေါ်အောင် ရက်လုပ်ထားလေ သည်။ ထိုသို့ အဆင်အပွင့်များ ထည့်သွင်းရက်လုပ်ရာတွင် တစ်ခါတစ်ရံ ရွှေခြည် ငွေခြည်မျှင်များကိုပါ ထည့်သွင်း ရက် လုပ်ထားကြသည်။

လင်နင်ခေါ် ပိတ်ချောမျိုးမှာကား ပိုက်ဆံပင်နှင့် ခပ်ဆင် ဆင်တူသည့် ဘီသွာလျှော်ပင်မျိုးမှ ရရှိသော အမျှင်များဖြင့် ရက်လုပ်ရသော အထည်မျိုး ဖြစ်သည်။ ဘီသွာလျှော်ပင်မှ အမျှင်များမှာ ပိုးမျှင်ကလေးများသဖွယ် အလွန်သေးငယ်၍ ထိုအမျှင်များဖြင့် ရက်လုပ်ရရှိသော ပိတ်ချောမှာလည်း ပိုးသားတမျှ နူးညံ့၍ အဖိုး တန်လေသည်။ လင်နင်ထည် အမျိုးမျိုးရှိသည့်အနက် မျက်နှာသုတ်ပဝါစသော အထည်ကြမ်း မျိုးလည်း ရှိပေသည်။ ( လင်နင်ပိတ်။)

ကင်းဗရစ် ခေါ် ပိတ်ချောထည်မျိုးမှာ နူးညံ့ဖြူဖွေးသော လင်နင်အထည်ချော တစ်မျိုးဖြစ်လေသည်။

သရက်ထည်ဟုခေါ်သော ပွင့်ရိုက်ခြည်ထည်များမှာ ဝါဂွမ်း ခြည်မျှင်များဖြင့် ရက်လုပ်ထားလေသည်။ သရက်ထည်များသည် အစပထမတွင် အဖြူသက်သက် ခြည်ထည်မျိုးများသာ ဖြစ် သော်လည်း နောင်တွင် အရောင်အသွေး အမျိုးမျိုးဖြင့် အဆင် အပွင့်များ ရိုက်ပေးကြသည်။ အဆင်များပေါ်စတွင် အဆင်ဖော် ထားသော ဘလောက်တုံးများဖြင့် အထည်အသားပေါ်တွင် လက်ဖြင့် လိုက်၍ ဖိနှိပ်ပြီးလျှင် အဆင်ရိုက်ရသည်။ နောက် ပိုး၊ ဖဲ၊ သိုးမွေးထည်များကိုလည်း သရက်ထည်များကဲ့သို့ ပွင့်ရိုက် အထည်များ ပြုလုပ်ကြလေသည်။

အထည်အလိပ်များကို ရှေးအခါက လက်ဖြင့်ရက်လုပ်ကြ၏။ သိပ္ပံပညာ တိုးတက်လာ၍ စက်မှုလက်မှုလုပ်ငန်း ထွန်းကား လာသောအခါ အထည်အလိပ်တို့ကို စက်ဖြင့် ရက်လုပ်ကြ၏။ အထူးသဖြင့် အနောက်နိုင်ငံများတွင် အထည်အလိပ် စက်ရုံကြီး များ ပေါ်ပေါက်လာလေသည်။ မြန်မာနိုင်ငံ အစရှိသော အရှေ့ တိုင်း နိုင်ငံများတွင်ကား လက်ရက်ကန်းဖြင့် အထည်အလိပ် များကို ရက်လုပ်ကြတုန်းပင် ရှိသေးသည်။ လက်ရက်ထည်များ မှာ သေသပ်ခိုင်ခံ့လှသော်လည်း စက်ဖြင့် ရက်လုပ်သောအထည် များမှာ အချိန်ကုန်စရိတ် နည်း၍ အဖိုးပေါပေါနှင့် ရောင်းချနိုင် သဖြင့် အသုံးများလေသည်။ ရက်လုပ်ပုံတို့၏ အခြေခံသဘော ကို ယူ၍ တိုးတက်ကောင်းမွန် တီထွင်ထားခြင်းသာ ဖြစ်လေ သည်။ ယခုခေတ်တွင် လက်ရက်ထည် လုပ်ငန်းများသည် တစ်နေ့တစ်ခြား နည်းပါးသွားလေပြီ။

တိုးတက်နေသော သိပ္ပံပညာသည် အထည်များ ရက်လုပ်ပုံ၌ ပြုပြင်ပြောင်းလဲမှုများကို ဖြစ်ပေါ်လာစေသကဲ့သို့ အထည်ရက် လုပ်ရမည့် ပစ္စည်းများကိုလည်း ပြုပြင်ပြောင်းလဲပေး၍ အစား ထိုးပေးလေသည်။ သိပ္ပံ ပညာ၏ ဖန်တီးမှုကြောင့် ပိုးထည် များကို အစားထိုးရန် ပိုးတုအထည်များ ရက်လုပ်နိုင်လေသည်။ ပိုးတု အထည်များကို ရေယွန်ဟုခေါ်၍ သစ်သားကို အမှုန့် ဖြစ်အောင်ပြုပြီးလျှင် ပိုးတုချည်မျှင်များအဖြစ်သို့ရောက်အောင် သိပ္ပံနည်းဖြင့် စီမံထားခြင်း ဖြစ်လေသည်။ ဝါစေ့အခွံများကို လည်း ရေယွန်ပိုးတုများ ရက်လုပ်နိုင်မည့် ပိုးတုခြည်မျှင်များ ဖြစ်အောင် သိပ္ပံပညာက ဖန်တီးပေးလေသည်။ ( ရေယွန်။)

ဒုတိယကမ္ဘာစစ်အပြီးတွင် ပေါ်လာ၍ အလွန်လူကြိုက်များ သော နိုင်လွန်ခေါ် ပိုးတုအထည်များမှာလည်း သိပ္ပံပညာက ဖန်တီး ထုတ်လိုက်သော အထည်များဖြစ်သည်။ နိုင်လွန်ပိုး ထည်များမှာ ကျောက်မီးသွေး၊ ရေ၊ လေ၊ ဓာတ်ဆီငွေ့တို့မှ ဓာတုဗေဒနည်းဖြင့် စီမံလုပ်ကိုင်ထားသော ပိုးထည်တစ်မျိုး ဖြစ်လေသည်။ ( နိုင်လွန်။)

ပိုးတုများကဲ့သို့ပင် သိုးမွေးတုများကိုလည်း သိပ္ပံပညာဖြင့် လုပ်ကိုင် ဖြစ်မြောက်လေသည်။ အီတလီနိုင်ငံမှ ဓာတုဗေဒပါရဂူများသည် နွားနို့မှ သိုးမွေးတု ဖြစ်အောင် တီထွင်လုပ်ကိုင်၍ ထိုသိုးမွေးတုများကို လာနီတော ဟု အမည်ပေးလေသည်။ သိုးမွေးထည်များမှာကား သိုး၏ အမွေးများသာမက သားမွေး ကုလားအုတ်မွေးဖြင့်လည်း ပြုလုပ် ရရှိလေသည်။ ရှံထည်များမှာလည်း သိုးမွေးဖြင့် ပြုလုပ်ထား သော အထည်များ ဖြစ်လေသည်။

သိုးမွေးဖြင့် ရက်လုပ်သော သိုးမွေးထည်များအပြင် သိုးမွေး၊ သားမွေး စသည့် တိရစ္ဆာန်မွေးများဖြင့် ပြုလုပ်ရသော ကြိတ် သက္ကလတ်ထည်များလည်း ရှိပေသေးသည်။ ကြိတ်သက္ကလတ် ထည်များမှာ ရက်လုပ်သော အထည်မျိုး မဟုတ်ပေ။ သိုးမွေး များမှာ တစ်ခုနှင့်တစ်ခု ငြိတွယ်နေတတ်သော သဘောရှိလေရာ ထိုအမွေးများကို ဖြန့်ချပြီးလျှင် အလွှာအလွှာမျာကို ထပ်ပေးရ သည်။ အလွှာအတော်ထူသောအခါ ဒလိမ့်တုံးများဖြင့် လှိမ့်ချ ခြင်းဖြင့် သက္ကလတ်အလွှာများကို ရရှိလေသည်။ သက္ကလတ် များကို ဤနည်းဖြင့် ရှေးကပင် ပြုလုပ်၍ သုံးခဲ့ကြလေသည်။ ( ကြိတ်သက္ကလတ်။)

အထည်အလိပ် အမျိုးမျိုးတွင် ရက်လုပ်ရသည့် အထည်မျိုး မဟုတ်သော အထည်အလိပ်များလည်း ရှိပေသေးသည်။ ပုံစံ အားဖြင့် ခြေအိတ်၊ လက်အိတ်၊၊ အတွင်းခံအဝတ်အထည် စသည်တို့မှာ ရက်လုပ်ရသော အထည် မဟုတ်ချေ။ ယင်းတို့မှာ လက်ဖြင့် နှစ်ချောင်းထိုး ထိုးသကဲ့သို့ ခြည်မျှင်တစ်ချောင်း တည်းဖြင့် ကွင်းဆက်ကလေးများ ပြုလုပ်ကာ လုပ်ကိုင်ရသော အထည်မျိုးဖြစ်သဖြင့် ဆွဲကား၍ ရလေသည်။ ထိုကဲ့သို့ အထည်မျိုး ပြုလုပ်နည်းကို တွေ့ရှိသည်မှာ နှစ်ပေါင်းသုံးလေး ရာမျှသာ ကြာပေသေးသည်။

ကတ္တီပါခေါ်သော အထည်မျိုးမှာကား ရက်လုပ်ရသည့် အထည်မျိုးဖြစ်သော်လည်း ရက်လုပ်နည်းမှာ တစ်မျိုးတစ်ဖုံ ဖြစ်လေသည်။ ကတ္တီပါထည်များမှာ များသောအားဖြင့် ပိုး၊ သိုးမွေးတို့ဖြင့် ရက်လုပ်ရ၍ များစွာအဖိုးတန်လှပေသည်။ သို့ရာတွင် နှစ်ပေါင်း မကြာမီခန့်က ဈေးချိုသော ခြည် ကတ္တီပါများလည်း ပေါ်ပေါက်လာခဲ့သည်။ ကတ္တီပါအသားမှာ အလှဘက်တွင် ညီညာနူးညံ့သော အမွေးကလေးများ ရှိလေ သည်။ ထိုသို့ အမွေးပွကလေးများဖြစ်အောင် အတိုင်အဖောက် ရက်လုပ်သွားစဉ် ကွင်းကလေးများဖြစ်အောင် အတိုင်ပင် အဖောက်ပင်များကြားတွင် ထည့်သွင်းရက်လုပ်သွားရလေသည်။ မျက်နှာပြင်ပေါ်တွင် ကွင်းကလေးများဖြင့် ပြည့်ကျပ်လာသော အခါမှ ညီညာစွာ ဖြတ်ပစ်သဖြင့် ကတ္တီပါထည်မှာ အမွေး ထောင်ထောင်ကလေးများနှင့် ဖြစ်လာလေသည်။ လူများသည် အဝတ်အစား ဝတ်စားဆင်ယင်ရမှန်း သိသည့် ခေတ်မှ စ၍ အဝတ်အစားများကို တစ်ခေတ်နှင့် တစ်ခေတ် မတူအောင် အမျိုးမျိုး အဆန်းတကြယ်ထွင်ကာ ဝတ်စား ဆင်ယင်လာခဲ့ကြသည်။ အထည်အလိပ်များကိုလည်း အမျိုးမျိုး ဆန်းပြားအောင် ပြုပြင်လုပ်ကိုင်ခဲ့ရာ တစ်နေ့တစ်ခြား အထည် အလိပ် အမျိုးအစားများ တိုးတက်များပြား ဆန်းကြယ်လာ လေသည်။ ယနေ့သော်ကား အထည်အလိပ်များကို ဝတ်စား ဆင်ယင်မှုအတွက်သာ အသုံးပြုသည်မဟုတ်ဘဲ အိပ်ရာခမ်းနား နေအိမ်စသည်တို့ကို ပြင်ဆင်မွမ်းမံမှုတို့အတွက်ပါ အသုံးချကြ လေသည်။ သို့ဖြစ်၍ အထည်အလိပ်များမှာ အိမ်ထောင်စုတစ်ခု တွင် အလွန်လိုအပ်၍ မသုံးမဖြစ်သော ပစ္စည်းများ ဖြစ်ပေ သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)