ရူးဘ်ဂိုးလ်ဘာ့ဂ်စက်
ရူးဘ်ဂိုးလ်ဘာ့ဂ်စက် (အင်္ဂလိပ်: Rube Goldberg machine) စကားလုံးသည် ရူးဘ် ဂိုးလ်ဘာ့ဂ် ဆိုသည့် အမေရိကန်ကာတွန်းဆရာကို အစွဲပြု၍ အမည်ပေးထားခြင်းဖြစ်ပြီး အချင်းချင်း ချိတ်ဆက်တုံ့ပြန်ခြင်းရှိသော စက်၊ ထွေလာဆန်းပြားစွာ ပုံစံထွင်ထားသော စက်ကိရိယာတစ်ခုဖြစ်ကာ ရိုးရှင်းသောလုပ်ငန်းတစ်ခုကို သွယ်ဝိုက်သောနည်း၊ အလွန်တရာရှုပ်ထွေးသောနည်းဖြင့် ဆောင်ရွက်ရန်သာဖြစ်သည်။ အများအားဖြင့် ဤစက်မျိုး၌ တစ်ခုနှင့်တစ်ခု ဆက်စပ်မှုမရှိသော ရိုးရှင်းသည့် ကိရိယာတန်ဆာပလာများကို သုံးထား၏ ။ တစ်ခု၏ ဆောင်ရွက်မှုသည် နောက်တစ်ခု၏ လုပ်ငန်းအစကို ဖြစ်စေကာ နောက်ဆုံး၌ လိုချင်သည့်၊ ရည်ရွယ်သည့် ပန်းတိုင်/ရည်မှန်းချက်ကို ရရှိစေရန်ဖြစ်လေသည်။ ယူနိုက်တက်ကင်းဒမ်းတွင် ဤသို့သော ကြံဖန်တီထွင်ထားသည့် စက်ကို "ဟိသ် ရောဘင်ဆန် ထွေလာဆန်းပြားစက်" (Heath Robinson contraption) ဟု ကာတွန်းဆရာ ဒဘလျူ ဟိသ် ရောဘင်ဆန်ကို အစွဲပြု၍ပင် အမည်ပေးထားကြလေသည်။
ဤစက်၏ ပုံစံကို ပုံမှန်အားဖြင့် စာရွက်ပေါ်၌သာ ရေးဆွဲတင်ပြလေ့ရှိကြပြီး လက်တွေ့ဖော်ဆောင်ရန်မှာ ဖြစ်နိုင်ခြေမရှိပေ။ များမကြာသေးမီက ဤသို့သော စက်များကို ဖျော်ဖြေတင်ဆက်မှုအတွက် တည်ဆောက်နေခဲ့ကြသည်။

နှစ်ပေါင်းများစွာကာလအတွင်း ဤအသုံးအနှုန်းသည် ကျယ်ပြန့်လာ၍ အလွန်တရာရှုပ်ထွေးသောစနစ် ဟူ၍ အနက်ထွက်လာသည်။ ဥပမာ သတင်းစာခေါင်းကြီးပိုင်းတွင် "Is Rep. Bill Thomas the Rube Goldberg of Legislative Reform?" (လွှတ်တော်အမတ်ကြီး ဘီလ် တောမတ်စ်သည် ဥပဒေပြုပြင်ရေး၏ ရူးဘ်ဂိုးလ်ဘာ့ဂ်စက် ပေလော။)[၁] ဟူ၍ ရေးသားမှုမျိုးရှိသကဲ့သို့ "Retirement 'insurance' as a Rube Goldberg machine" (အငြိမ်းစား အာမခံ(မူဝါဒ)သည် ရူးဘ်ဂိုးလ်ဘာ့ဂ်စက်) စသဖြင့်လည်း ရေးသားကြသည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Economist's View: Is Rep. Bill Thomas the Rube Goldberg of Legislative Reform? 2006-05-06 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .. Economistsview.typepad.com (2005-06-06). Retrieved on 2011-05-06.
- ↑ Social Security's Progressive Paradox – Reason Magazine 2009-09-03 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .. Reason.com (2005-05-02). Retrieved on 2011-05-06.