ရန်ကုန်ရှိ တက္ကသိုလ်များ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

အနောက်တိုင်းအယူအဆအရ သင်ကြားပို့ချအပ်သော တက္ကသိုလ်ပညာရေးကို မြန်မာနိုင်ငံ၌ ၁၈၇၈ ခုနှစ်ကပင် စတင်ခဲ့သော်လည်း ကာလကတ္တားတက္ကသိုလ်၏ ဩဇာအာဏာနှင့် ကြီးကြပ်မှုမှ ကင်းလွတ်သော သီးခြားတက္ကသိုလ်အဖြစ်မူ ၁၉၂ဝ ပြည့်နှစ်ကျမှ ရောက်ရှိလာကာ ရန်ကုန်တက္ကသိုလ်ဟု အမည်တွင်ခဲ့သည်။

ရန်ကုန်ရှိ တက္ကသိုလ်များ[ပြင်ဆင်ရန်]

ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးအစိုးရသည် ၁၉၆၄ ခုနှစ် တက္ကသိုလ် ပညာရေးစနစ်သစ်ဖြင့် တက္ကသိုလ်များကို ဖွဲ့စည်းသောအခါ ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်နှစ်ခုနှင့် သက်မွေးဝမ်းကျောင်းပညာဆိုင်ရာ တက္ကသိုလ်ရှစ်ခုတို့ကို ဖွဲ့စည်းခဲ့သည်။ ထိုသို့ စံနစ်သစ်ဖြင့်ဖွဲ့စည်းပေးလိုက်သော တက္ကသိုလ် ဆယ်ခုတို့အနက် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်စီးပွားရေးတက္ကသိုလ်ဆေးတက္ကသိုလ် (၁) ရန်ကုန်ဆေးတက္ကသိုလ်(၂) ရန်ကုန်ရန်ကုန်စက်မှုတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ တိရစ္ဆာန်မွေးမြူရေးနှင့် ဆေးကုသရေးတက္ကသိုလ်တို့သည် ရန်ကုန်မြို့တွင် တည်ရှိပြီးလျှင် မန္တလေး ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်နှင့် မန္တလေးဆေးတက္ကသိုလ် တို့သည် မန္တလေးမြို့တွင် တည်ရှိလေသည်။ ထိုတက္ကသိုလ်များကို စံနစ်ဟောင်းတွင် တည်ရှိခံသော ပင်မတက္ကသိုလ်ကြီးများ ဖြစ်သည့် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့က မွေးထုတ် ပေးခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တက္ကသိုလ်[ပြင်ဆင်ရန်]

ဤရန်ကုန်တက္ကသိုလ် စာစောင်ရေးသူ မြန်မာတစ်ယောက်တည်း ပါဝင်သော ရန်ကုန်တက္ကသိုလ် တည်ထောင်ရေးကော်မီတီ အဖွဲ့ဝင်လူကြီးတို့သည် ပထမကမ္ဘာစစ်ကြီး ဖြစ်နေသည့်အတောအတွင်း ရန်ကုန် ကောလိပ်ကျောင်းအုပ်ကြီး၏ ခန်းမ၌ အကြိမ်ကြိမ် စည်းဝေးကာ တက္ကသိုလ်ပညာသင်ကြားရေးနှင့် စပ်လျဉ်း သော ကိစ္စအဝဝတို့ကို နှီးနှောတိုင်ပင် ဆင်ခြင်ဆုံးဖြတ် ကြလေသည်။ ၁၉၂ဝ ပြည့် နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်ကို အစိုးရက တည်ထောင်လေသည်။ ထိုသို့ တည်ထောင်ရာတွင် ရန်ကုန်ကောလိပ်နှင့် အမေရိကန်ကောလိပ်ဟူသော အမည်သစ်နှင့် တက္ကသိုလ်တွင် ဖက်စပ် ပါဝင်သော ကောလိပ်များ ဖြစ်ကြ၏။ အက်ဥပဒေအရဆိုလျှင် ဆရာနှင့်တပည့် အတူနေထိုင်ကာ ပညာသင်ကြားပြသရသောတက္ကသိုလ်ဖြစ်၏။ တက္ကသိုလ်၌ နေထိုင်ကာ ပညာသင်ကြား လေ့ကျက်ခြင်းသည် စရိတ်စက ကြီးသည်ကတစ်ကြောင်း၊ တက္ကသိုလ်ဝင်စ ကျောင်းသားများအား လမ်းခင်းသည့် အနေဖြင့် တစ်နှစ်ထပ်၍ သင်ကြားရမည်ကတစ်ကြောင်း၊ ကောင်စီနှင့် ပါမောက္ခအဖွဲ့တို့တွင် ပြင်ပလူကြီးများ အနည်းငယ်သာ ပါဝင်ကြသည်ကတစ်ကြောင်း၊ အရစ်ကျစာစစ်ခြင်းစံနစ် မရှိသည်သာမက ပြင်ပ ကျောင်းသားများအား ဖြေဆိုခွင့်မပေးသင့်သည်ကတစ်ကြောင်း၊ ထိုအကြောင်းကြောင်းတို့ကြောင့် တည်ထောင်စ တက္ကသိုလ်ကို ကျောင်း သားများက သပိတ်မှောက်ကြလေ၏။ ထိုအခါမှစ၍ အမျိုးသား ပညာရေးကောင်စီက အုပ်ချုပ်သော အမျိုးသားကျောင်းများ ပေါ်ပေါက်လာကြလေသည်။ ပြည်သူလူထု လိုလားတောင့်တသည့် တက္ကသိုလ်မျိုးဖြစ် အောင် ၁၉၂၄ ခုနှစ်တွင် အက်ဥပဒေကို ပြင်ဆင်ရ၏။ ထိုပြင်ဆင်သည့် အက်ဥပဒေတွင်

  1. တက္ကသိုလ်အသစ် ဖြစ်နိုင်မည်ဟု မျှော်လင့်ရသော ကောလိပ်တို့ကို နယ်များတွင် ဖွင့်ရန်၊
  2. ရန်ကုန်တက္ကသိုလ်က မထောက်ပံ့သော ကောလိပ်တို့ကို ဖက်စပ်ပါဝင်သော ကောလိပ်များဟု အသိအမှတ်ပြုရန်၊
  3. ကောင်စီကို တိုးချဲ့၍ ပြင်ပ လူကြီးများကို ပိုမိုခန့်ထားရန်၊
  4. ပါမောက္ခအဖွဲ့သို့ ကောင်စီက ရွေး၍တင်လိုက်သော လူကြီးများသည် ပြင်ပလူကြီးများသာ ဖြစ်ရန်ဟူသော အချက်တို့သည် မှတ်သားဖွယ်ကောင်းသောအချက်များ ဖြစ်ကြ၏။ ဤသို့ဖြင့် မန္တလေးတွင် ဥပစာကောလိပ်ကို တည်ထောင်၍ စိုက်ပျိုးရေးကောလိပ်ကို အသိအမှတ်ပြုကြ၏။ ရန်ကုန်၌လည်း တက္ကသိုလ်ကောလိပ်မှ ဆေးပညာကော လိပ်နှင့် ဆရာဖြစ်သင် ကောလိပ်တို့ ပေါ်ပေါက်ကြလေသည်။

သပိတ်မှောက်ခြင်း[ပြင်ဆင်ရန်]

တက္ကသိုလ်ကောလိပ်ကျောင်းအုပ်ကြီးက ကျောင်းသား နှစ်ယောက်အား စည်းကမ်းသေဝပ်မှု ထားသည်အတွက်ကြောင့် ၁၉၃၆ ခုနှစ် ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့တွင် တက္ကသိုလ် ကောလိပ်၊ ဂျပ်ဆင်ကောလိပ်ကျောင်းသား ၇ဝဝ ခန့်တို့သည် သပိတ်မှောက်ကြ၏။ ကိုနုနှင့် မစ္စတာရာရှစ်တို့သည် သပိတ် ခေါင်းဆောင်များ ဖြစ်ကြ၏။ မှတ်ဖွယ်ကောင်းသောအချက် တစ်ခုမှာ ထိုသပိတ်မှောက်မှုကြောင့် အချိန်ပြည့် ပါမောက္ခတို့ အနက် မြန်မာတစ်ဦးတည်းဖြစ်သော ဤစာစောင်ရေးသူသည် တက္ကသိုလ်ကောလိပ်၌ ပထမမြန်မာကျောင်းအုပ်ကြီး ဖြစ်လာ၏။ ထိုနည်းအတူ များမကြာမီ ဂျပ်ဆင်ကောလိပ်၌လည်း ဒေါက်တာလှဖူးသည် ပထမမြန်မာ ကျောင်းအုပ်ကြီးဖြစ်၍ ဆရာဖြစ်သင် ကောလိပ်၌လည်း ဦးဘသည် ပထမ မြန်မာ ကျောင်းအုပ်ကြီး ဖြစ်၏။ သပိတ်မှောက်သည့် အကြောင်းနှင့် စပ်လျဉ်း၍ လက်ခနောင်းတက္ကသိုလ် ဒု-အဓိပတိပါဝင်သော ရန်ကုန် တက္ကသိုလ်ပညာပြန့်ပွားရေးနှင့် တက္ကသိုလ်အဖွဲ့များ တွင် ပြင်ပလူကြီးများ ပိုမိုခန့်ထားရေး စသည်တို့ကို ၁၉၃၉ ခုနှစ် ပြင်ဆင်သောအက်ဥပဒေတွင် ထည့်သွင်းလေသည်။ ၁၉၃၉ ခုနှစ်အဆုံးတွင် တက္ကသိုလ် ကျောင်းသားများသည် အစိုးရအား သပိတ်မှောက်ကြရာ ဂျပ်ဆင်ကောလိပ်ကျောင်းသား ကိုအောင်ကျော်သည် အဓိကရုဏ်းတွင် အသက်ဆုံးရှာရလေ သည်။ မီးတုတ်မီးတုတ် ရှို့ရှို့ဟူသော အော်သံများကို ထိုအခါ၌ ကြားရတတ်၏။ ၁၉၄၂ ခုနှစ်မတိုင်မီ တက္ကသိုလ်တွင် မှတ်ဖွယ်ကောင်း သော အချက်များကား အောက်ပါတို့တည်း။

  • (၁) ကျောင်းသားအများတို့သည် တက္ကသိုလ်ကျောင်းဆောင်များတွင် နေထိုင်ကာ ပညာသင်ကြားကြ၏။
  • (၂) အဓိပတိ၊ ဒု အဓိပတိနှင့် ကောင်စီအဖွဲ့ဝင်အချို့တို့ကို ရွေးကောက်၍ ခန့်ထားကြ၏။
  • (၃) ဖက်စပ်ပါဝင်သောကောလိပ်များကို တည်ထောင် ထောက်ပံ့အုပ်ချုပ်ခြင်း၊ တက္ကသိုလ်၏ အထောက်အပံ့ မရသော ကောလိပ်များကို အသိအမှတ်ပြုခြင်း၊ နယ်တွင်

တက္ကသိုလ်အသစ် ဖြစ်မည်ဟု မျှော်လင့်ရသော အပေါင်းပါ ကောလိပ်များကို ဖွင့်ခြင်းတို့သည် တက္ကသိုလ်၏ လုပ်ငန်း များတွင် ပါဝင်ကြ၏။

  • (၄) မူလ ၁၉၂ဝ ပြည့်နှစ် အက်ဥပဒေ၌ အဓိပတိ၊

ဒုအဓိပတိ၊ ကောင်စီ၊ ပါမောက္ခအဖွဲ့တို့ကို တက္ကသိုလ် အာဏာပိုင်များဟု ဖော်ပြခဲ့ရာ ၁၉၃၉ ခုနှစ် ပြင်ဆင်သော အက်ဥပဒေ၌ကား ကောင်စီ၊ အမှုဆောင်ကော်မီတီ၊ ပါမောက္ခ အဖွဲ့၊ ပင်တိုင်ကော်မီတို့ကို အာဏာပိုင်များဟု ခေါ်၏။


လူကြီးဦးရေ ၇ဝ ကျော်ပါသောကောင်စီသည် တက္ကသိုလ် ၏ အကြီးဆုံးအာဏာပိုင်ဖြစ်၍ အခြားအာဏာပိုင်တို့၏လုပ်ငန်းကို ဝေဖန်နိုင်သည်။ အမှုဆောင်ကော်မီတီသည် ကောင်စီကိုယ်စား ဆောင်ရွက်သော အဖွဲ့ငယ်ဖြစ်သည်။ အဖွဲ့ဝင်ဦးရေ ၁ဝ ဦးခန့်သာရှိ၍ ကောင်စီလူကြီးများ၊ အစိုးရဌာနမှူးများနှင့် ကောလိပ် ကျောင်းအုပ်ကြီးများ ပါဝင်ကြသည်။ ပါမောက္ခအဖွဲ့သည် တက္ကသိုလ်ပညာသင်ကြားရေးနှင့်ဆိုင်သောအဖွဲ့ ဖြစ်သည်။ အမှုဆောင်ကော်မီတီအား ပညာရေးအကြောင်းအရာများနှင့် စပ်လျဉ်း၍ အကြံပေးခြင်း၊ သင်ကြားရေး၊ သုတေသနပြုရေး၊ စာစစ်ရေးနှင့် ကောလိပ်တို့တွင် ကထိကနှင့် အခြားဆရာများ ခန့်ထားရေးတို့သည် ယင်း၏လုပ်ငန်းတွင် ပါဝင်ကြသည်။ ပင်တိုင်ကော်မီတီသည် ပါမောက္ခအဖွဲ့ကိုယ်စား ဆောင်ရွက်သော အဖွဲ့ငယ်ဖြစ်၍ တက္ကသိုလ်အုပ်ချုပ်ရေးမှူး၊ ကျောင်းအုပ်ကြီးများနှင့် ပါမောက္ခကိုယ်စား ခြောက်ဦးတို့ ပါဝင်ကြ၏။ ဖက်စပ်ပါဝင်သော ကောလိပ်များနှင့် အပေါင်းပါ ကောလိပ်တို့၌ကား ကျောင်းအုပ်ထိန်းရေးအဖွဲ့သည် အာဏာပိုင်ဖြစ်သည်။ ယင်းအဖွဲ့ကို အစိုးရသဘောတူညီချက်နှင့် ဖွဲ့ရသည်။ ဘဏ္ဍာရေး၊ အမှုထမ်းအရာထမ်း ခန့်ထားရေး၊ ကျောင်းသား စည်းကမ်းသေဝပ်မှု စသည်တို့တွင် အာဏာရှိသော်လည်း နှစ်စဉ်ရန်ပုံငွေစာရင်းကို ကောင်စီမှတစ်ဆင့် အစိုးရထံသို့ တင်ရသည်။ ကထိကနှင့် အခြားဆရာများကို ခန့်ထားရာ၌ ပါမောက္ခ အဖွဲ့အား အကြောင်းကြားရသည်။ သို့ဖြစ်၍ ကောလိပ်တို့ကို တက္ကသိုလ်က ထိန်းသည်မှန်သော်လည်း တက္ကသိုလ်အဖွဲ့များတွင် ကောလိပ်၏ ကိုယ်စားလှယ်များ ပါဝင်ကြသည်။ ၁၉၄၂-၄၅ ခုနှစ် ဂျပန်ခေတ်အတွင်း ပညာဝန်ကြီး လက် အောက်၌ ဤစာစောင်ရေးသူနှင့် အခြားရှစ်ဦး ပါဝင်သော တက္ကသိုလ်အဖွဲ့သည် တက္ကသိုလ်ကို ရန်ကုန်မြို့၊ ကော်မရှင်နာလမ်း (ယခု ဗိုလ်ချုပ်အောင်ဆန်းလမ်း)ရှိ စိန်ဂျွန်းကွန်ဗင့်ကျောင်း အဆောက်အအုံ၌ ဆက်လက်တည်ထောင်ခဲ့သည်။ မြန်မာပြည်တစ်ဝန်းတွင် တက္ကသိုလ်တွင်သာ အင်္ဂလိပ်စာကို သင်ကြားခဲ့၏။ ဂျပန်ဘာသာကို တက္ကသိုလ်တန်းမီ သင်နိုင် သော ကျောင်းသားမရှိသဖြင့် သင်ကြားခြင်း မပြုခဲ့ချေ။ တက္ကသိုလ်ပညာရပ်များကို ဂျပန်ပါမောက္ခများက သင်ကြားပေးလိုသော်လည်း ဘာသာပြန်ဖြင့် သင်ကြားရမည့် စံနစ်ကို တက္ကသိုလ်အဖွဲ့က မကြိုက်သဖြင့် ဆေးပညာမှအပ သင်ကြားခွင့် မပြုခဲ့ချေ။


ထိုအတောအတွင်း ဆင်မလာမြို့တွင်ရောက်ရှိနေသော စစ်ပြေးမြန်မာပြည်အစိုးရသည် ရန်ကုန်တက္ကသိုလ် ရပ်ဆိုင်းရေး အက်ဥပဒေကို ၁၉၄၂-၄၃ ခုနှစ်တွင် ပြုလုပ်၍ မြန်မာပြည်သို့ ပြန်ရောက်သောအခါ တည်ထောင်မည်ဟု ရည်ရွယ်သော ကြားဖြတ်တက္ကသိုလ်အတွက် စီမံကိန်းဆွဲလေသည်။ ကောလိပ်များအစား ပညာသင်ကြားရေးဆိုင်ရာ မဟာဌာန များကို ဖွင့်ကာ တက္ကသိုလ်ဗဟိုဌာနတစ်ခုတည်းက စီမံ အုပ်ချုပ်သောစံနစ်ကို လိုလားကြောင်း ဖော်ပြထား၏။ မြန်မာ ပြည်သို့ ၁၉၄၅ ခုနှစ် မေလတွင် ပြန်ရောက်သည်နှင့် တစ်ပြိုင် နက် ထိုရပ်ဆိုင်းရေးအက်ဥပဒေကို ရုပ်သိမ်းပြီးလျှင် ၁၉၄၅ ခုနှစ် ပြင်ဆင်သောအက်ဥပဒေကို ပြုလုပ်လေသည်။ သို့ရာတွင် ကြားဖြတ်တက္ကသိုလ် တည်ထောင်ခြင်းနှင့် စပ်လျဉ်းသော အကြောင်းအရာတို့ကို စုံစမ်းရန် ၁၉၄၆ ခုနှစ် ဩဂုတ်လ၌ တက္ကသိုလ် စီမံအုပ်ချုပ်ရေးကော်မီတီတစ်ခုကို ဖွဲ့လိုက်ပြန်ရာ ထို ကော်မီတီက ယခင်စီစဉ် ဖွဲ့စည်းပုံအတိုင်း ကောလိပ်များ ကို ပြန်လည်ဖွင့်လှစ်ရန် အကြံပေးသော်လည်း ထိုအကြံကို မလိုက်ဘဲ ဗဟိုဌာနတစ်ခုတည်းဖြင့် စီမံအုပ်ချုပ်ပုံကိုပင် ဆက် လက်ပြုလုပ်ကြလေသည်။ ယခင်ကအတိုင်း ကောလိပ်များကို ပြန်ဖွင့်လျှင် ဂျပ်ဆင်ကောလိပ်ကိုပါ ပြန်ဖွင့်ရမည်ကို စိုးရိမ်ဟန် ရှိသည်။ ဤသို့ဖြင့် ၁၉၄၉ ခုနှစ် ပြင်ဆင်သော အက်ဥပဒေတွင် အုပ်ချုပ်ရေးအရာရှိနှင့် မဟာဌာနမှူးတို့ကို တွေ့ရ၏။ မြန်မာ နိုင်ငံ အစိုးရသည်လည်း ပြည်ထောင်စုသမတမြန်မာနိုင်ငံအစိုးရ ဖြစ်လာ၏။ ဖက်စပ်ပါဝင်သော ကောလိပ်များနှင့် ကျောင်းအုပ် ကြီးတို့ မရှိတော့ချေ။ နယ်တွင် အပေါင်းပါကောလိပ်များကား ရှိကြ၏။ တက္ကသိုလ် ဗဟိုဌာနတစ်ခုတည်းက ကောင်စီနှင့် ပါမောက္ခအဖွဲ့အား စီမံအုပ်ချုပ်၏။ သိပ္ပံ၊ ဝိဇ္ဇာ၊ ဆေးပညာ၊ ပညာရေး၊ ဥပဒေ၊ အင်ဂျင်နီယာပညာ၊ စိုက်ပျိုးရေးတို့ကို လို လားအပ်သည်နှင့်အညီ ဆောင်ရွက်မှု အမျိုးမျိုးတို့တွင် ပညာ တတ် ပညာရှင်လုပ်ငန်းတတ်များကို တတ်မြောက်အောင် သင် ကြားပေးရန် ရည်ရွယ်ချက် ရှိသည်။ ကောင်စီတွင် မန္တလေး တက္ကသိုလ်ကောလိပ်၏ ကိုယ်စားလှယ်လည်း ပါဝင်သည်။ အပေါင်းပါ ကောလိပ်တို့၏ နှစ်စဉ်ရန်ပုံငွေစာရင်းအကြောင်းကို လည်း ဖော်ပြသည်။ ၁၉၅၃ ခုနှစ် ပြင်ဆင်သော အက်ဥပဒေ တွင် မေမြို့ရှိ စစ်တက္ကသိုလ်အကြောင်း ပါသည်။ ၁၉၅၉ ခုနှစ် ပြင်ဆင်သောအက်ဥပဒေတွင် ကျောင်းသားရေးမှူးများအကြောင်း ပါသည်။ ၁၉၆၁ ခုနှစ် ဇန္နဝါရီလ ၁ ရက်နေ့ ကျင်းပသော အစည်းအဝေးတွင် ပါမောက္ခအဖွဲ့သည် အောက်ပါအတိုင်း ဆုံးဖြတ်လိုက်၏။


အလျင်အမြန် တိုးတက်လျက်ရှိသော အခြေအနေများ၊ မမျှော်လင့်အပ်သော အခြေအနေများအတွက် လက်ရှိ တက္ကသိုလ် စီမံအုပ်ချုပ်ပုံသည် မလုံလောက်၍ ကြေနပ်ဖွယ် မရှိချေ။ သို့ဖြစ်၍ တက္ကသိုလ်၏ အခြေအမြစ်ကို ပြောင်းလဲကာ အုပ်ချုပ်ပုံကို အသစ်ပြုပြင်ရန် လိုပေသည်။ တက္ကသိုလ်ကို ပြိုလဲအောင် ဖန်တီးနေသည့် အခြေခံပြဿနာအချို့တို့ကား ကျောင်းသားဦးရေ တိုးတက်မှုကြောင့် အုပ်ချုပ်ရေးယန္တရားသည် လေးလံလျက် ရှိခြင်း၊ ကျောင်းသားစည်းကမ်း သေဝပ်မှုနှင့် အမှုထမ်း အရာထမ်းခန့်ထားမှုများနှင့် စပ်လျဉ်း၍ အုပ်ချုပ်ရေး ၌ အခက်အခဲတွေ့ရခြင်း၊ ပညာသင်ကြားပေးရာ၌ သင့်တော် သော အဆင့်အတန်းကို မီအောင် ကြိုးစား၍ သင်ကြားပေး ခြင်း-ဟူသော ပြဿနာများ ဖြစ်ကြ၏။ အချုပ်ဆိုသော် တက္ကသိုလ်နယ်သည် ကျယ်ပြန့် တိုးတက်လျက် ရှိရကား ဗဟိုဌာနတစ်ခုတည်းကနေ၍ စီမံအုပ်ချုပ်ရန် ခက်ခဲကြောင်း တွေ့ရ၏။ သို့ဖြစ်၍ ဗဟိုဌာနရှိ အာဏာကို ခွဲဝေအပ်နှင်းမှ ဖြစ်မည် ထင်မြင်ပါကြောင်းဟူသတည်း။ အဆိုပါ ပါမောက္ခအဖွဲ့၏ ထင်မြင်ချက်ကို ကောင်စီက သဘောတူ၍ အစိုးရလက်ခံလျှင် ပင်ရင်းတက္ကသိုလ်ကောလိပ်၊ သမိုင်းရှိ ကောလိပ်အသစ်၊ ကြို့ကုန်းရှိ အင်ဂျင်နီယာကောလိပ်၊ လမ်းမတော် ဆေးပညာကောလိပ်၊ ပြည်လမ်းရှိ ပညာရေး ကောလိပ်၊ အင်းစိန်ရှိ တိရစ္ဆာန်ဆေးကုကောလိပ်တို့သည် ရန်ကုန်တက္ကသိုလ်၏ ဖက်စပ်ကောလိပ်များ ဖြစ်ကြလိမ့်မည်။


သို့သော် ၁၉၆၄ ခုနှစ် တက္ကသိုလ်ပညာရေးဥပဒေအရ ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၊ ရန်ကုန်ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်ဆေးတက္ကသိုလ်(၂)၊ ရန်ကုန်စက်မှုတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ တိရစ္ဆာန်မွေးမြူ ရေးနှင့် ဆေးကုသရေးတက္ကသိုလ်ဟူ၍ စံနစ်သစ်ဖြင့် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ ထို့အပြင် အဆိုပါတက္ကသိုလ်များနှင့် ပညာရေး အားဖြင့် ဆက်သွယ်လျက်၊ အုပ်ချုပ်ရေးအားဖြင့်မူ သီးခြား ကင်းလွတ်သော ကောလိပ်လေးခုတို့ကိုလည်း တစ်ပြိုင်နက် တည်း ဖွဲ့စည်းပေးခဲ့၏။ ရန်ကုန်ဆေးတက္ကသိုလ် (၁)နှင့် ဆက်သွယ်ပေါင်းစည်းထားသော ကောလိပ်မှာ ရန်ကုန်မြို့ရှိ သွားဘက်ဆိုင်ရာ ဆေးကောလိပ်ဖြစ်၏။ ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်နှင့် ဆက်သွယ်ပေါင်းစည်းထားသော ကောလိပ် များမှာ ရန်ကုန်မြို့ရှိ လုပ်သားများကောလိပ်၊ မော်လမြိုင် ကောလိပ်နှင့် ပုသိမ်ကောလိပ်တို့ ဖြစ်ကြလေသည်။ စံနစ်သစ်ဖြင့် ဖွဲ့စည်းထားသည့် တက္ကသိုလ်များ ရှေးရှု ဆောင်ရွက်ရမည့် အဓိကရည်မှန်းချက်များမှာ-(က) မြန်မာ့ ဆိုရှယ်လစ်လောက တည်ဆောက်ရာတွင် ပါဝင်လုပ်ဆောင်နိုင် မည့် ပညာရှင်များ မွေးထုတ်ပေး ရန်၊ (ခ) ဆိုရှယ်လစ်စီးပွား ရေး၊ အုပ်ချုပ်ရေး၊ လူမှုရေးလုပ်ငန်းအရပ်ရပ်တွင် တိုးတက်မှု ရှိအောင် စွမ်းဆောင်နိုင်မည့် ပညာရှင်များ မွေးထုတ်ပေးရန်၊ (ဂ) အသက်မွေးဝမ်းကျောင်းမှုကို အထောက်အကူပြုမည့် အတတ်ပညာနှင့် သိပ္ပံပညာကို ဦးစားပေး၍ လေ့ကျင့်သင်ကြား ပေးရန်၊ (ဃ) ဆိုရှယ်လစ်စံနစ် တည်ဆောက်ရေးလုပ်ငန်း အောင်မြင်မှုကို ရှေးရှု၍ သုတေသနလုပ်ငန်းများ ဆောင်ရွက် ရန်၊ (င) ဆိုရှယ်လစ်အတွေးအခေါ်နှင့် လျော်ညီသည့် စိတ်နေ သဘောထား၊ ကျင့်ဝတ်သိက္ခာများနှင့် ပြည့်စုံအောင် လေ့ကျင့် သင်ကြားပေးရန်၊ (စ) လုပ်အားကို ဂုဏ်ယူစိတ်ရှိအောင် လေ့ကျင့်သင်ကြားပေးရန်၊ (ဆ) မြန်မာ့ဆိုရှယ်လစ်လောက တည်ဆောက်ရာတွင် ပါဝင်နေကြသော လုပ်သားပြည်သူတို့၏ ပညာဉာဏ်အမြော်အမြင်ကို၎င်း၊ ကျွမ်းကျင်မှုကို၎င်း အစဉ် တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်တို့ ဖြစ်သည်။ ထို့အပြင် တက္ကသိုလ်အသီးအသီးသည် (က) ပြည်ထောင်စု မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စံနစ်များနှင့် ကိုက်ညီသည့် ပညာရပ်များကို ပို့ချသင်ကြားပေးရန်၊ (ခ) ပြည်ထောင်စုမြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စအဝဝအတွက် အထူးပညာတတ်ပုဂ္ဂိုလ်များ၊ ပညာကျော်များ၊ စက်မှုလက်မှု ကျွမ်းကျင်သူများ စသည့် အတတ်ပညာသည်များ နှင့် အသိပညာရှင်များ ဖြစ်ထွန်းအောင် အတတ်ပညာသင်ကြား ပေးရန်၊ (ဂ) သုတေသနလုပ်ငန်းအတွက်၎င်း၊ ပညာတိုးပွားရေး အတွက်၎င်း၊ ပညာဖြန့်ချိရေးအတွက်၎င်း စီမံထားချက်များ ပြုလုပ်ရန်၊ (ဃ) တက္ကသိုလ်ပညာရေးဆိုင်ရာ စာမေးပွဲများ ကျင်းပရန်၊ (င) တက္ကသိုလ်များ၊ ဒီပလိုမာလက်မှတ်များ၊ တက္ကသိုလ်စာမေးပွဲ အောင်လက်မှတ်များနှင့် တက္ကသိုလ်ဆိုင်ရာ အခြား ပညာဂုဏ်ထူးဆောင်ဘွဲ့များ အပ်နှင်းချီးမြှင့်ရန်၊ (စ) တက္ကသိုလ်ကျောင်းသားကျောင်းသူများ၏ နေရေး၊ ထိုင်ရေးနှင့် စည်းကမ်းသေဝပ်ရေးတို့ကို ကြီးကြပ်စီမံခန့်ခွဲရန်နှင့် ကျောင်း သား ကျောင်းသူများ၏ ကိုယ်လက်ကြံ့ခိုင်ရေးနှင့် ကျန်းမာရေး တိုးတက်အောင် စီမံခန့်ခွဲရန်၊ (ဆ) တက္ကသိုလ်ကျောင်းသား ကျောင်းသူများကို ဆိုရှယ်လစ်လူ့ဘောင်နှင့် ဟပ်မိအောင် ကျောင်းခန်းပြင်ပ ပညာရေးလုပ်ငန်းများတွင် လေ့ကျင့်ပေးရန်၊ (ဇ) တက္ကသိုလ်က ရှေးရှုဆောင်ရွက်ရမည့် အဓိက ရည်မှန်း ချက်များကို ပြီးမြောက်အောင်မြင်ရမည့် အဓိက ရည်မှန်းချက် များကို ပြီးမြောက် အောင်မြင်စေရေးအတွက် လိုအပ်သော အခြားကိစ္စအရပ်ရပ်ကို ဆောင်ရွက်ရန်ဟူသော တာဝန်ဝတ္တရား များကို ဆောင်ရွက်သွားရမည် ဖြစ်သည်။


တော်လှန်ရေးအစိုးရသည် မိမိ၏ ကိုယ်စား တက္ကသိုလ် ပညာရေးကို ကြီးကြပ်ရန်အတွက် တော်လှန်ရေးအစိုးရ ပညာရေးဌာန တာဝန်ခံဦးဆောင်သည့် တက္ကသိုလ်များ ဗဟို ကောင်စီကို ဖွဲ့စည်းပေးထားသည်။ ထိုတက္ကသိုလ်များ ဗဟို ကောင်စီ၏ တာဝန်ဝတ္တရားများမှာ (က) တက္ကသိုလ်ပညာရေး ဆိုင်ရာ ဝါဒသဘောထားများကို ချမှတ်ပေးရန်၊(ခ) တက္ကသိုလ် များ လက်အောက်ခံကောလိပ်၊ သိပ္ပံကျောင်းသစ်များနှင့် ဆက် သွယ် ပေါင်းစည်းထားသည့် ကောလိပ်၊ သိပ္ပံကျောင်းသစ်များ ဖွဲ့စည်းဖွင့်လှစ်ပေးရေးအတွက် အစိုးရထံ ထောက်ခံချက် တင်ပြ ရန်၊ (ဂ) တက္ကသိုလ်များမှ မည်သို့သော ဘွဲ့လွန်ဒီဂရီ၊ ဘွဲ့၊ ဒီပလိုမာနှင့် အောင်လက်မှတ်များ ပေးရမည်ကို စဉ်းစား ဆုံး ဖြတ်ရန်၊ (ဃ) မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီနှင့်၎င်း၊ ဆိုရှယ် လစ်စီးပွားရေး တည်ဆောက်မှု ကော်မီတီနှင့်၎င်း ညှိနှိုင်း၍ လိုအပ်သောပညာရှင်အရေအတွက် ရရှိနိုင်အောင် တက္ကသိုလ် များတွင် လက်ခံသင်ကြားမည့် ကျောင်းသားဦးရေ ကန့်သတ် ရန်၊ (င) တက္ကသိုလ်များ၏ နှစ်စဉ်ကုန်ကျစရိတ် ခန့်မှန်းခြေ ကို သတ်မှတ်ရန်နှင့် ခွင့်ပြုရန်၊ (စ) တစ်နိုင်ငံလုံးကို အကျိုး ပြုစေမည့် သုတေသနလုပ်ငန်းများကို အပ်နှင်းချီးမြှင့်ရေးကို စဉ်းစားသတ်မှတ်ပေးရန်၊ (ဇ) တက္ကသိုလ်ပညာရေးအတွက် ရည်မှန်းချက်များ အကောင်အထည်ဖော်ရာတွင် ဆောင်ရွက် ရမည့် လုပ်ငန်းဆောင်တာများကို စဉ်းစားဆုံးဖြတ်ရန်၊ (ဈ) တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့များ၏လုပ်ငန်းများကို ကြီးကြပ် ရန်နှင့် တင်ပြသော ပြဿနာအရပ်ရပ်ကို စဉ်းစားဆုံးဖြတ်ပေး ရန်တို့ ဖြစ်၏။


ထို့အပြင် တက္ကသိုလ်ပညာရေး အဆင့်အတန်း၊ သင်ရိုး မာတိကာ အစရှိသော ပညာရေးနှင့် သက်ဆိုင်သည့် ကိစ္စ အရပ်ရပ် ကြီးကြပ်ရန်အတွက် တက္ကသိုလ် ပညာရေးအဖွဲ့များ ကောင်စီကိုလည်း တော်လှန်ရေးအစိုးရအဖွဲ့ ပညာရေးဌာန တာဝန်ခံကိုပင် အကြီးဥက္ကဋ္ဌပြုလျက် ဖွဲ့စည်းပေးထားသည်။ တက္ကသိုလ်ပညာရေးအဖွဲ့များ ကောင်စီ၏ တာဝန်ဝတ္တရားများမှာ (က) တက္ကသိုလ်ပညာရေးအဆင့်အတန်းကို ပြဋ္ဌာန်းသတ်မှတ် ရန်၊ (ခ) တက္ကသိုလ်များသို့ ဝင်ခွင့်ရရှိရန် လိုအပ်သည့် ပညာ အရည်အချင်းနှင့် ရွေးချယ်ပုံနည်းစံနစ် သတ်မှတ်ပေးရန်၊ (ဂ) တက္ကသိုလ်စာမေးပွဲများ ကျင်းပရေးအတွက် စည်းကမ်းနှင့် စံနစ်များကို ပြဋ္ဌာန်းသတ်မှတ်ရန်၊ (ဃ) တက္ကသိုလ်ဆရာ အဆင့်ဆင့်ကို အခြခံပညာအရည်အချင်းကို သတ်မှတ်ရန်နှင့် ထိုဆရာတို့ ပညာတိုးတက်ရေးအတွက် သုတေသနလုပ်ငန်း စသည်များ ချမှတ်ပေးရန်၊ (င) တက္ကသိုလ်ပညာရေးအဖွဲ့ အသီးသီး၏ သုတေသနလုပ်ငန်းများကို၎င်း၊ အလုပ်ဝတ္တရားနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရမည့်လုပ်ငန်းများကို၎င်း ညှိနှိုင်းပေးရန်၊ (စ) တက္ကသိုလ်ပညာရေးအဖွဲ့ အသီးသီးက တင်ပြသော တက္ကသိုလ်ပညာတိုးတက်ရေးလုပ်ငန်းများကိုစိစစ်၍ တက္ကသိုလ် များ ဗဟိုကောင်စီသို့ တင်ပြရန်တို့ ဖြစ်လေသည်။ တက္ကသိုလ်များ အုပ်ချုပ်ရေးကို ပညာရေးဌာနက တိုက် ရိုက် ကြီးကြပ်သည်။ တက္ကသိုလ်အသီးသီးတွင် အုပ်ချုပ်ရေးနှင့် ပညာရေးဆိုင်ရာတာဝန်များကို စီမံခန့်ခွဲရန်အတွက် တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့နှင့် တက္ကသိုလ်ပညာရေးအဖွဲ့များ ဖွဲ့စည်းထား ၏။ တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့အသီးအသီးတွင် ပါမောက္ခချုပ် က ဥက္ကဋ္ဌ၊ မော်ကွန်းထိန်းအရာရှိက အတွင်းအရေးမှူးအဖြစ် ဆောင်ရွက်ပြီးလျှင် ပညာရေးဌာနက ရွေးချယ်သော ပုဂ္ဂိုလ် နှစ်ဦး၊ တက္ကသိုလ်များ ဗဟိုကောင်စီဝင်နှစ်ဦးနှင့် တက္ကသိုလ် ဆရာ သုံးဦး ပါဝင်၏။ ယင်းအဖွဲ့၏ တာဝန်ဝတ္တရားများမှာ (က) တက္ကသိုလ်ရာထမ်း မှုထမ်းများအား ရာထူးခန့်ထားရေး၊ ရာထူးတိုးမြှင့်ရေး၊ ပြောင်းရွှေ့ရေး၊ ခွင့်ပေးရေး စသော ပုဂ္ဂိုလ် ရေးဆိုင်ရာ ကိစ္စအဝဝကို အစိုးရပြဋ္ဌာန်းသည့်ဥပဒေ၊ ထုတ်ပြန် သည့် ညွှန်ကြားချက်နှင့် အမိန့်များအတိုင်း ဆောင်ရွက်ရန်၊ (ခ) နည်းဥပဒေညွှန်ကြားချက်နှင့် အမိန့်များအရ ဆောင်ရွက် ခွင့် ပေးထားသော ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများကို ဆောင် ရွက်ရန်၊ (ဂ) ကျောင်းသား ကျောင်းသူများနှင့် သက်ဆိုင်သော စည်းကမ်းများ သတ်မှတ်ရန်နှင့် ထိုစည်းကမ်းများအတိုင်း လိုက်နာအောင် ကြပ်မတ်ထိန်းသိမ်းရန်၊ (ဃ) တက္ကသိုလ်နယ် မြေ ကိစ္စများကို ဆောင်ရွက်ရန်၊ (င) ကျောင်းသားကျောင်းသူ များအတွက် ကာယဗလနှင့် ယဉ်ကျေးမှုလုပ်ငန်းအရပ်ရပ်ကို ကြီးကြပ်စီမံရန်၊ (စ) တက္ကသိုလ်ရာထမ်းမှုထမ်းနှင့် ကျောင်းသား ကျောင်းသူတို့၏ ကျန်းမာရေးကိစ္စများကို စီမံဆောင်ရွက်ရန်၊ (ဇ) ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းလခ လွတ်ငြိမ်းခွင့် ချီးမြှင့်ရေးကိစ္စအတွက် ထောက်ခံချက် တင်ပြရန်တို့ ဖြစ်ပေ သည်။


တက္ကသိုလ်ပညာရေးအဖွဲ့ အသီးအသီးတွင်ကား ပါမောက္ခ ချုပ်က ဥက္ကဋ္ဌ၊ မော်ကွန်းထိန်းအရာရှိက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်လျက် အဖွဲ့ဝင်များအဖြစ် ပါမောက္ခများ၊ ဌာနမှူးများ၊ ဘာသာရပ်အသီးသီး၌ ကျွမ်းကျင်သည့် ပြင်ပမှ ပုဂ္ဂိုလ်များ၊ ဒီဂရီကောလိပ်နှင့် ဥပစာကောလိပ် ကျောင်းအုပ်ကြီးများနှင့် မဟာဌာနမှူးများ ပါဝင်ကြ၏။ ယင်းအဖွဲ့ အသီးအသီး၏ တာဝန်ဝတ္တရားများမှာ (က) သင်ရိုး မာတိကာ သတ်မှတ်ရန်၊ (ခ) သင်ရိုးညွှန်းတမ်း ရေးဆွဲရန်၊ (ဂ) စာမေးပွဲများ ကျင်းပ ပေးရန်နှင့် အောင်စာရင်းများ ကျေညာရန်၊ (ဃ) ဘွဲ့၊ ဒီပလို မာ၊ အောင်လက်မှတ်နှင့် ဆုများ ချီးမြှင့်ရန်၊ (င) ဌာနသစ်များ တီထွင်ရေးအတွက် ထောက်ခံရန်၊ (စ) တက္ကသိုလ် ပညာသင် ကြားရေး ရာထူးအဆင့်အသီးအသီးအတွက် လိုအပ်သော ပညာ အရည်အချင်းများကို သတ်မှတ်တင်ပြရန်နှင့် (ဆ) တက္ကသိုလ် တွင် ပြဋ္ဌာန်းမည့်စာအုပ်စာတမ်းဟူသရွေ့ကို စိစစ်အတည်ပြုရန် တို့ ဖြစ်၏။


ကောလိပ်များတွင်လည်း အုပ်ချုပ်ရေးအဖွဲ့များကို ဖွဲ့စည်း ထားရှိသည်။ တက္ကသိုလ်ပညာရေး စံနစ်သစ်၏ ထူးခြားချက် များမှာ (၁) ရည်မှန်းချက်အတိအကျ ရှိခြင်း၊ (၂) တက္ကသိုလ် များ ခွဲခြားတည်ထောင်ဖွင့်လှစ်ခြင်း၊ (၃) သိပ္ပံပညာနှင့် အသက် မွေးဝမ်းကျောင်းပညာကို ဦးစားပေးခြင်း၊ (၄) ခေတ်နှင့်လျော်ညီ မည့် သင်ရိုးညွှန်းတမ်းများ ပြောင်းထားခြင်း၊ (၅) အထူးပြု လေ့လာရေးစံနစ်ကို တီထွင်ခြင်း၊ (၆) မြန်မာဘာသာကို သင် ကြားရေး မဏ္ဍိုင်အဖြစ် သတ်မှတ်ခြင်း၊(၈) သင်ကြားပုံ ပြောင်း လဲခြင်း၊ (၉) စီမံကိန်း စံနစ်ဖြစ်ခြင်းဟူ၍ ဖြစ်၏။ စံနစ်သစ်ဖြင့် ဖွဲ့စည်းထားသော ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်သည် ယခင် ရန်ကုန်တက္ကသိုလ် လက်အောက်ရှိ ဝိဇ္ဇာမဟာဌာနှင့် သိပ္ပံမဟာဌာနတို့ကို အဓိက အခြေခံထား၍ ဖွဲ့စည်းလိုက်ခြင်း ဖြစ်၏။ စံနစ်ဟောင်းတက္ကသိုလ် တည်ရှိ ခဲ့သော ကမာရွတ်တက္ကသိုလ်နယ်မြေ အဆောက်အအုံများ၌ပင် တည်ရှိလေသည်။


ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တွင် စံနစ်သစ်အရ ဝိဇ္ဇာ ဘာသာရပ်ကိုးမျိုးနှင့် သိပ္ပံဘာသာရပ် ခုနစ်မျိုးတို့ကို သင်ကြား ပို့ချပေးလျက်ရှိ၏။ ဝိဇ္ဇာဘာသာရပ် ကိုးမျိုးမှာ-ပါဠိ၊ ဥပဒေ၊ ပထဝီ၊ ဒဿနိကဗေဒ၊ အင်္ဂလိပ်စာ၊ မြန်မာစာ၊ သမိုင်း၊ စိတ် ပညာနှင့် မနုဿဗေဒတို့ ဖြစ်၍ သိပ္ပံဘာသာရပ် ခုနစ်မျိုးကား -သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဘူမိဗေဒ နှင့် သစ်တောသိပ္ပံတို့ ဖြစ်သည်။ မနုဿဗေဒ၊ အင်္ဂလိပ် စာနှင့် ပါဠိဘာသာတို့က လွဲ၍ ကျန်ဘာသာရပ်အားလုံးကို အဓိက ဘာသာရပ်အဖြစ် အထူးလေ့လာသင်ယူခွင့်ပြုသည်။ ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ ပေးအပ်ဆဲနှင့် နောင်ပေးအပ်နိုင်ရန် စီစဉ်ထားသည့် ဘွဲ့ဒီဂရီများတွင် ပထမဆင့်ဘွဲ့များမှာ ဝိဇ္ဇာဘွဲ့- သင်တန်းကာလ လေးနှစ်၊ သိပ္ပံဘွဲ့-သင်တန်းကာလ လေးနှစ်၊ သိပ္ပံဘွဲ့ (သစ်တော)-သင်တန်းကာလ ခြောက်နှစ်၊ ဥပဒေဘွဲ့- သင်တန်းကာလ ငါးနှစ်တို့ဖြစ်၍၊ ဘွဲ့လွန်သင်တန်းများမှာ မဟာဝိဇ္ဇာ-သင်တန်းကာလ အနည်းဆုံး နှစ်နှစ်နှင့် မဟာသိပ္ပံ- သင်တန်းကာလ အနည်းဆုံးနှစ်နှစ်တို့ ဖြစ်သည်။ ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်နှင့် ဆက်သွယ်ပေါင်းစည်း ထားသော လုပ်သားများကောလိပ်မှာ ရန်ကုန်မြို့ ဗိုလ်တထောင် ဘုရားလမ်းရှိ သက်ကြီးတက္ကသိုလ်သင်တန်းများနှင့် ယခင် ရန်ကုန်တက္ကသိုလ် ညနေသင်တန်းများကို စုပေါင်းဖွဲ့စည်းထား ခြင်းဖြစ်၏။ ယခင် သက်ကြီးတက္ကသိုလ်အဆောက်အအုံ၌ တည်ရှိသည်။ လုပ်သားများကောလိပ်တွင် စံနစ်သစ်အရ ဘီအေ(ဝိဇ္ဇာ) ဘွဲ့နှင့် ဘီအက်စီ(သိပ္ပံ) ဘွဲ့များ ပေးအပ်ရန် ငါးနှစ် သင်တန်းအဖြစ် သတ်မှတ်ထားလေသည်။ ရန်ကုန်ဆေးတက္ကသိုလ်(၁) ပင်မဆေးသင်တန်းများကို လမ်းမတော် ဆေးသိပ္ပံ အဆောက်အအုံတွင်၎င်း၊ ဆေးအကြို သင်တန်းများနှင့် ဆေးအခြေခံ သင်တန်းများကို ပြည်လမ်းရှိ ယခင် အင်ဂျင်နီယာကောလိပ်နှင့် ဘီအိုစီကောလိပ် အဆောက် အအုံများတွင်၎င်း ဖွင့်လှစ်ထားပေးသည်။


ရန်ကုန် ဆေးတက္ကသိုလ် (၁)မှ ပထမဆင့် ဘွဲ့အဖြစ် အမ်ဘီဘီအက်စ်- ခုနစ်နှစ်၊ ဘွဲ့လွန်သင်တန်းများအဖြစ် ရောဂဗေဒ ဒီပလိုမာဘွဲ့- နှစ်နှစ်၊ မေ့ဆေးပညာ ဒီပလိုမာဘွဲ့ ဆယ်လ၊ ဆေးဘက်ပညာ ဒီပလိုမာဘွဲ့ တစ်နှစ်သင်တန်းတို့ကိုလည်း ဖွင့်လှစ် သင်ကြား ပေးလျက်ရှိသည်။ ရန်ကုန်ဆေးတက္ကသိုလ်(၁)နှင့် ဆက်သွယ် ပေါင်းစည်းထားသော သွားဘက်ဆိုင်ရာ ဆေးကောလိပ်မှ ဘီဒီဘက်စ် ဘွဲ့ (သွားဖက်ဆိုင်ရာ ဆေးပညာဘွဲ့)-(ခုနစ်နှစ် သင်တန်း) ပေးအပ်မည် ဖြစ်သည်။ သွားဘက်ဆိုင်ရာ ဆေး ကောလိပ်ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ယခင် ပြင်ပလူနာ ကုဌာန အဆောက်အအုံ၌ ဖွင့်လှစ်ထား၏။


ရန်ကုန် ဆေးတက္ကသိုလ်(၂)ကို မင်္ဂလာဒုံ ၁၃ မိုင် တပ် မတော်စစ်ဆေးရုံကြီးနှင့် မျက်စောင်းထိုး ၅ လမ်းရှိ ယခင် တပ်မတော် လူမှုဆက်ဆံရေးကျောင်းနှင့် လေတပ်အဆောက် အအုံအချို့တွင် ဖွင့်လှစ်ထား၏။ ယခင်က မင်္ဂလာဒုံဆေးသိပ္ပံ (၂)ဟု ခေါ်သည်။ ရန်ကုန်ဆေးတက္ကသိုလ်(၂)မှ ပထမဆင့်ဘွဲ့ အဖြစ် ခုနစ်နှစ်ကြာ သင်ယူရမည့် အမ်ဘီဘီအက်စ်ဘွဲ့ကို ပေးအပ်မည် ဖြစ်၏။


ရန်ကုန်စက်မှုတက္ကသိုလ်သည် ကြို့ကုန်းရပ်၊ ရန်ကုန် အင်းစိန်လမ်းတွင် တည်ရှိသည်။ ရန်ကုန် စက်မှုတက္ကသိုလ်မှ စံနစ်သစ်အရ ပေးအပ်မည့်ဘွဲ့များမှာ ဘီအီး(မြို့ပြအင်ဂျင်နီယာ)၊ ဘီအီး(လျှပ်စစ်အင်ဂျင်နီယာစွမ်းအား)၊ ဘီအီး(လျှပ်စစ် အင်ဂျင်နီယာ ဆက်သွယ်ရေး)၊ ဘီအီး(စက်မှုအင်ဂျင်နီယာ)၊ ဘီအီး(စိုက်ပျိုးရေးစက်မှုအင်ဂျင်နီယာ)၊ ဘီအီး(မော်တော်ယာဉ် စက်မှုအင်ဂျင်နီယာ)၊ ဘီအီး(ဓာတုအင်ဂျင်နီယာ)၊ ဘီအီး(ချည် မျှင်နှင့် အထည်အင်ဂျင်နီယာ)၊ ဘီအီး(သတ္တုတူးဖော်ရေး အင်ဂျင်နီယာ)၊ ဘီအီး(ရေနံထုတ်လုပ်ရေး အင်ဂျင်နီယာ၊ ဘီအီး (သတ္တုဗေဒအင်ဂျင်နီယာ)၊ ဘီအားချ်(ဗိသုကာဘွဲ့) တို့ ဖြစ်၏။ သင်တန်းကာလမှာ ခြောက်နှစ်စီ ဖြစ်၏။


စီးပွားရေးတက္ကသိုလ်ကို ဖွဲ့စည်းရာတွင် ယခင် ရန်ကုန် တက္ကသိုလ်မှ လူမှုရေး၊ သိပ္ပံပညာ မဟာဌာနအောက်ရှိ ဘောဂ ဗေဒဌာန၊ ဝါဏိဇ္ဇဗေဒဌာနနှင့် စာရင်းအင်းဗေဒဌာနတို့ကို စုပေါင်းဖွဲ့ပြီး ဖွဲ့စည်းခဲ့လေသည်။ လောလောဆယ်ဆယ်အားဖြင့် စီးပွားရေးတက္ကသိုလ်ကို ကမာရွတ်တက္ကသိုလ်နယ်မြေအတွင်းရှိ ယခင် လူမှုရေးသိပ္ပံပညာ မဟာဌာနအဆောက်အအုံဟောင်းတွင် ဖွင့်လှစ်ထားသည်။ စီးပွားရေးတက္ကသိုလ်အတွက် ကျပ် ၉၅ သိန်းခန့် ကုန်ကျမည့် ထယ်ဝါခန့်ညားသော ခေတ်မီအဆောက် အအုံများကို ရန်ကုန်မြို့ ပြည်လမ်း ခြောက်မိုင်ခွဲရှိ ကေဘကြီး ရော်ဗာခြံဝင်းဟောင်း အတွင်း၌ ဆောက်လုပ်ဆဲ ဖြစ်သည်။ စီးပွားရေးတက္ကသိုလ်မှ စီးပွားရေးပညာဘွဲ့နှင့် ဝါဏိဇ္ဇဘွဲ့ဟူ၍ ပထမဆင့် ဘွဲ့နှစ်မျိုးပေးအပ်သည်။ ထိုပထမအဆင့်ဘွဲ့များ အတွက် သင်တန်းကာလမှာ လေးနှစ်ဖြစ်၏။ ဒုတိယအဆင့် ဘွဲ့များအဖြစ် မဟာစီးပွားရေးပညာဘွဲ့၊ မဟာဝါဏိဇ္ဇဘွဲ့တို့ကို ပေးအပ်နိုင်ရေးအတွက် သင်ကြားပေးလျက် ရှိ၏။ ထို့အပြင် စီမံအုပ်ချုပ်မှုပညာ ဒီပလိုမာ၊ စာရင်းအင်းပညာ ဒီပလိုမာနှင့် စီးပွားရေးစီမံကိန်းပညာ ဒီပလိုမာဘွဲ့လွန်သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယင်းသည့် သင်တန်းများမှာ နှစ်နှစ်သင်တန်းများ ဖြစ်လေသည်။


၁၉၆၄ ခုနှစ် တက္ကသိုလ်ပညာရေးစံနစ်သစ် စတင် အကောင်အထည်ဖော်သည့် အချိန်မှစ၍ ရန်ကုန် တက္ကသိုလ် လက်အောက်ရှိ ပညာရေးမဟာဌာနသည် အသက်မွေးဝမ်း ကျောင်းပညာ သင်ကြားပေးရာ ပညာရေးတက္ကသိုလ်ဟု သီးခြားဖြစ်ပေါ်လာခဲ့သည်။ ပညာရေးတက္ကသိုလ်ကို ယခင် ဆရာဖြစ်သင် ကောလိပ်တည်ရှိရာ ဌာန၌ပင် ဖွင့်လှစ်ထား၏။ ပညာရေးတက္ကသိုလ်တွင် စံနစ်သစ်ပညာရေးဝိဇ္ဇာ(ဘီအီးဒီ) ဘွဲ့ ငါးနှစ်သင်တန်းနှင့် ပညာရေးဒီပလိုမာဘွဲ့၊ စံနစ်ဟောင်းဖြင့် ဝိဇ္ဇာပညာရေး(ဘီအေအီးဒီ) ဘွဲ့နှင့် ပညာရေးဝိဇ္ဇာ(ဘီအီးဒီ) ဘွဲ့ သင်တန်းများကို သင်ကြားပို့ချပေးလျက်ရှိ၏။ ထို့အပြင် အနည်း ဆုံး နှစ်နှစ်ကြာမည့် ပညာရေးမဟာဝိဇ္ဇာ(အမ်အီးဒီ) ဘွဲ့လွန် သင်တန်း ဖွင့်လှစ်သင်ကြားရန် ရည်ရွယ်ချက် ရှိလေသည်။ ၁၉၅၇ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် ဘွဲ့ဒီဂရီ ပေးအပ်နိုင်သော တိရစ္ဆာန်ဆေးကု ဝိဇ္ဇာသိပ္ပံကို အင်းစိန်မြို့၌ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေးဌာနက စတင်ဖွင့်လှစ် ပေးခဲ့သည်။ ဥပစာသိပ္ပံ အောင်မြင်ပြီးသူများကို ထိုသိပ္ပံကျောင်း တွင် လေးနှစ်သင်ကြားပေးပြီး ဘီအက်စ်စီ(တိရစ္ဆာန်ဆေးကု) ဘွဲ့ ကို ပေးအပ်ခဲ့လေ သည်။ စံနစ်သစ်တက္ကသိုလ်ပညာရေးအရ ၁၉၆၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စ၍ ထိုတိရစ္ဆာန် ဆေးကုဝိဇ္ဇာသိပ္ပံသည် ပညာရေးဌာနအောက်တွင် တိရစ္ဆာန်မွေးမြူ ရေးနှင့် ဆေးကုသရေးတက္ကသိုလ် ဖြစ်လာခဲ့လေသည်။ တိရစ္ဆာန် မွေးမြူရေးနှင့် ဆေးကုသရေးတက္ကသိုလ်သည် ဘီဗီအက်စ် (တိရစ္ဆာန်ဆေးပညာ) ဘွဲ့အတွက် ခြောက်နှစ်သင်တန်းအဖြစ် သင်ကြားပို့ချပေးလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)