ရတနာကြေးမုံဝတ္ထု

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ရတနာကြေးမုံဝတ္ထုသည် ရှေးအကျဆုံး မြန်မာဝတ္ထုဖြစ်၍ အလောင်းမင်းတရား လက်ထက်(မြန်မာ ၁၁၁၅-၁၁၂၁ ခုနှစ်) တွင် ရွှေတောင်သီဟသူက ရေးသား၍ တောင်တွင်းကြီးမြို့၊ ခုံမင်းဦးသာက ဆက်လက် အဆုံးသတ်သော နန်းတွင်းဇာတ်ဝတ္ထု ဖြစ်လေသည်။ အဂ္ဂမဟာသေနာပတိ ဖြစ်သော နေမျိုးသီဟသူက တိုက်တွန်းစေခိုင်းသောကြောင့် ထိုဝတ္ထုကို ရေးသားရကြောင်း သိရသည်။ သို့သော် ထိုစာကို စတင်ရေးသော သက္ကရာဇ်၊ စာပြီးဆုံးသော သက္ကရာဇ် တို့ကိုကား မသိရချေ။ ထိုမျှမက စာရေးဆရာ ရွှေတောင်သီဟသူ၏ မွေးဖွားရာအရပ်၊ မွေးဖွားသည့်ခုနှစ်သက္ကရာဇ်၊ မျိုးရိုးဇာတိတို့ကိုလည်း မသိရချေ။

ရတနာကြေးမုံဝတ္ထုကို နန်းတွင်းဇာတ်ဝတ္ထုဟု ဆိုသင့်သော်လည်း ရေးသားပုံများသည် အီနောင်၊ ရာမ၊ ဝိဇယကာရီ စသော နန်းတွင်းဇာတ်တော်ကြီးများနှင့်လည်း မတူ။ ဦးကြင်ဥ၊ ဦးပုညတို့ ရေးသားထားသော ဒေဝကုမ္ဘန်ပြဇာတ်၊ ဝိဇယပြဇာတ်တို့နှင့်လည်း မတူချေ။ ရာမ၊ အီနောင် စသော နန်းတွင်းဇာတ်တော်ကြီးများတွင် ဇာတ်ချင်းများနှင့်တကွ ဇာတ်တွင်ပါဝင်သူတို့ တစ်ဦးနှင့်တစ်ဦး စကား ပြောဆို ကြခြင်းဖြင့်သာ ဇာတ်လမ်းကို ထင်ရှားစေသည်။ ထိုသူတို့ ပြောဆိုသော စကားများကိုလည်း လင်္ကာသွားဖြင့်သာ ရေးသားထားသည်။ ဒေဝကုမ္ဘန်၊ ဝိဇယပြဇာတ်များမှာ နန်းတွင်းဇာတ်တော်ကြီးများလောက် ရှည်လျားခြင်း မရှိသော်လည်း ရေးသားပုံ စီစဉ်ပုံသည် နန်းတွင်းဇာတ်တော်ကြီးများနှင့် အလားတူပင် ဖြစ်သည်။ ရတနာကြေးမုံ ဝတ္ထုမှာ ဝတ္ထုကြောင်းကို ကာလပေါ် ဝတ္ထုများမှာကဲ့သို့ ရေးသားဖော်ပြထားသည်။ သို့သော် ဝတ္ထုတွင် ပါဝင်သူတို့ တစ်ဦးနှင့်တစ်ဦး စကားပြောဆိုကြသော နေရာတွင်ကား လင်္ကာသွားဖြင့် ရေးသားဖော်ပြထားသည်၊ ဤဝတ္ထု၌ လင်္ကာနှင့် စကားပြေ နှစ်ထွေရောစပ်၍ထားသော အဖွဲ့မျိုးကို တွေ့မြင်ဖတ်ရှုရသည်။ ရတနာကြေးမုံဝတ္ထုသည် အင်းဝခေတ် ရှင်မဟာသီလဝံသ ရေး ပါရာယနဝတ္ထု၊ ညောင်ရမ်းခေတ် ဝရာဘိသင်္ဃနာထ ဆရာတော် ရေး မဏိကုဏ္ဍလ ဝတ္ထုတို့နှင့်လည်း ရည်ရွယ်ချက်မှစ၍ ဖွဲ့နွဲ့ပုံများ၌ များစွာ ကွာခြားလေသည်။

အင်းဝခေတ်၊ ညောင်းရမ်းခေတ်ပေါ်ဝတ္ထုများသည် တရားကြောင်း သက်သက်ဖြစ်သော ဘုရားဟော ဇာတ်တော်များကို မြန်မာစကားပြေဖြင့် တန်ဆာဆင်၍ ရေးသားထားခြင်း ဖြစ်သည့်ပြင်၊ ဤကဲ့သို့ တစ်ဦးနှင့် တစ်ဦး ပြောသောစကားများကို တိုက်ရိုက် အချင်းချင်း ပြောပုံစကားဖြင့် မရေးသားချေ။ ဝိဇယ၊ ဝင်္ကန္တ အစရှိသောဇာတ်တို့မှာ ဇာတ်ခင်းကျင်းပြသရန် ရည်ရွယ်၍ ရေးသားထားလေသည်။ ရတနာကြေးမုံ ဇာတ်ဝတ္ထုမှာကား ကပြရန်ရေးသားထားသည်မဟုတ်။ ကာလပေါ် ဝတ္ထုများကဲ့သို့ ဖတ်ရန် ရေးသားထားသော ဇာတ်ဝတ္ထု ဖြစ်လေသည်။ ဇာတ်လမ်းအတိုချုပ်မှာ ဤသို့ဖြစ်သည်။ ရမ္မဏီယပြည်၊ မဟာရာဇိန္ဒ မင်းကြီး၏သားတော် ဣန္ဒကုမ္မရ မင်းသားသည် အခါတစ်ပါး၌ ရွှေမြို့တော်အနီးရှိ သီရိဟေမာဥယျာဉ်တော်တွင် ပျော်ပါး၍ နေလေသည်။ ထိုအခါ ယမုနာပြည်မှ ဧရာပထ နဂါးမင်းသည် နဂါးအချွေအရံနှင့် တောလှည့်ရာ ဂန္ဓမာတောင် ခပန်းသို့ ရောက်၍ တောင်ထိပ်ရှိ သံမြို့ခုနစ်ထပ်ကာသော ဗိမာန်ရှင် ဝေဠုမြတ်စွာ မင်းသမီးကို မြင်လေသည်။ နဂါးမင်းနှင့် တကွ နဂါးအပေါင်းတို့သည် ရူပါရုံ၌စွဲငြိကြ၍ ဆောက်တည်ရာ မရ ဖြစ်ကြရလေသည်။ ဧရာပထ နဂါးမင်းသည် ညိ|ုးနွမ်းလှသဖြင့် အိပ်ပျော်လေ၏။

ထိုအခိုက် ဝိဇ္ဇာမယ ရသေ့ကြီးထံသို့ သီတင်းသီလ စောင့် သုံးရန် လာလေ့ရှိသော ဟုရမ္ပလဂဠုန်မင်းသည် နဂါးမင်းကို ထိုးသုတ်၍ ကောင်းကင်၌ ကစားလေ၏။ နဂါးမင်း၏ အမြီးသည် သီရဟေမာ ဥယျာဉ်တော်ရှိ ပုန်းညက်ပင်ကို ပတ်မိလေ၏။ ဂဠုန်မင်းသည် နောက်တစ်ကြိမ်အသုတ်တွင် ပုန်းညက်ပင်သည် အမြစ်နှင့်တကွ ပါလေ၏။ ဣန္ဒကုမ္မာရမင်းသားသည် မိမိကို စော်ကားသည်ဟု ထင်မှတ်၍ ဂဠုန်နှင့် နဂါးတို့ကို ဝရဇိန်လက်နက်ဖြင့် ပစ်ရာ၊ နှစ်ကောင်စလုံးပင် မင်းသား၏ ခြေတော်ရင်းသို့ ကျလာ၍ မင်းသားထံ၌ ကျွန်ခံကြရလေသည်။ တစ်နေ့သ၌ ဧရာပထနဂါးမင်းသည် ဣန္ဒကုမ္မာရမင်းသားအား ဝေဠုမြတ်စွာ၏ လှဟန်ကြော့ဟန်ကို ခြီးမွမ်းပြောဆိုပြီးလျှင် နှစ်ကိုယ်နီးကြစေရန် နဝတတ်အိုင်အနီးရှိ ဆင်စွယ် နန်းတော်သို့ မင်းသားကို ပင့်ခေါ်လေသည်။ ထိုနောက် ဣန္ဒ ကုမ္မာရမင်းသား၏ လူပျိုတော်ပညာဟာသနှင့် ဝေဠုမြတ်စွာ မင်းသမီး၏ အပျိုတော်ရာသီမုတ္တာတို့ တွေ့ဆုံကြ၍ မိမိတို့၏ သခင် သခင်မအကြောင်းကို ခြီးမွမ်းပြောဆိုရာမှ သခင်နှစ်ပါး အကြားတွင် အောင်သွယ်ကောင်းကြီးများ ဖြစ်လာကြလေသည်။ စကားအောင်သွယ် လဲလှယ်ကြပြီးနောက် ဣန္ဒကုမ္မာရမင်းသား သည် ဝေဠုမြတ်စွာမင်းသမီး၏ ဗိမာန်သို့ ကိုယ်တော်တိုင် ကြွ တော်မူ၍ နှစ်ပါး သင့်မြတ်ကြလေသည်။

ဤဝတ္ထု၌ ဖန်တီး၍ ပြထားသော လောကသည် လူသား တို့၏ လောကမဟုတ်။နတ်သား၊ နတ်သမီး၊ နဂါး၊ ဂဠုန်တို့၏ လောကသာ ဖြစ်လေသည်။ ဣန္ဒကုမ္မာရမင်းသားသည် သိကြား မင်းက ဆက်သသော သားရတနာ ဖြစ်သည်။ ငယ်ရွယ်နုနယ် စဉ် အခါက သူရဿတီ နတ်သမီးထံမှ ပညာကို သင်ယူသည်။ မြေလျှိုးမိုးပျံသော အတတ်ကို တတ်သည်။ ဝရဇိန်လက်နက်ကို ပိုင်စိုးသည်။ သူ့အပါးတွင် နဂါးမင်း၊ ဂဠုန်မင်းတို့ ခစားကြရ သည်။ ရတနာအမျိုးမျိုး ဝင်းထိန်လျက်ရှိသော နန်းဆောင်တော် ၌ စံစားသည်။ ဆင်စွယ်နန်း၌လည်း စံစားတတ်သည်။ ကေသ ရာဇာ ခြင်္သေ့နှင့် ဆဒ္ဒန်ဆင်တို့ကို အရုပ်ကလေးများသဖွယ် ကစားနိုင်သော အားအင်ရှိသည်။

ဝေဠုမြတ်စွာ မင်းသမီး၏ ဖိုးအေမှာ နတ်မင်းဖြစ်သဖြင့် သူသည် နတ်သမီးကလေး ဖြစ်သည်။ ငယ်ရွယ်နုနယ်စဉ်က အထိန်းအယ အမျိုးမျိုးဖြင့် ပိုးမွေးသလို မွေးခဲ့ကြသည်။ ရွှေတိုက်၊ ငွေတိုက်၊ ပတ္တမြားတိုက်တို့ ခြံရံသော ဗိမာန်၌ စံစားရသူ ဖြစ်သည်။ ပဉ္စင်တူရိယာကို နှစ်သက်သည်။ သူ၏ အသားတော်သည် ပုလဲမုတ္တာ ရတနာအသားနှင့် တထပ်တည်း တူသည်။ တစ်နာရီတွင် ဝတ်လဲတော် ဆယ်ခါလဲလေ့ရှိသည်။ အသားတော်နုပုံမှာ နေခြည်ပြောက်ငယ် တစ်ပြောက်ခရုံမျှဖြင့် ပျောင်းအိနွမ်းခွေသွားရှာလေသည်။

လူပျိုတော်တို့သည် နဝတတ် ရေအိုင်အနီးတွင် ကေသ ရာဇာ ခြင်္သေ့၊ ဆဒ္ဒန်မင်းတို့ကို ဖမ်း၍ သူတို့အချင်းချင်း ကိုက်စေ၊ ဝှေ့စေကြသည်။ အပျိုတော်တို့သည် ပတ္တမြားပုတီးကို စိပ်ကြသည်။ မသာရဂလ်ဘီး၊ ဂေါမုတ်ဘီးတို့ဖြင့် ဆံပင်ကို ဖြီးသင်ကြသည်။ ပရမာမြူညွန့် လက်ဖက်ကို စားမိ၍ ခေါင်း နောက်သည်ကို ပြေပျောက်စေရန် သန္တာညွန့်သလွန်ပေါ်တွင် လဲလျောင်းကြသည်။ ပန်းအိမ်၊ ပန်းနွယ်၊ ခြူးပတ်ခြူးခက် ထု လုပ်သော တံခါးမှန်ရွက်ကို ဖွင့်၍ ဂန္ဓမာပန်း၊ မဉ္ဇူသကပန်း စသော ပန်းတို့ပွင့်ရာ ဥယျာဉ်သာသို့ ဝင်ကြသည်။ ကရဝိတ် သံ၊ ကြိုးကြာသံတို့ကို နာခံကြသည်။ လူပျိုတော် ပညာဟာသ နှင့် အပျိုတော် ရာသီမုတ္တာတို့သည် အောင်သွယ်ပီပီ စကား အလွန်တတ်ကြသည်။ တစ်ဦးကိုတစ်ဦး ပုံသာဓကများဖြင့် ခြေပတတ်သည်။ မင်းသားနှင့် မင်းသမီးတို့ကို နားချ သွေးဆောင်ပုံမှာလည်း အလွန်မှတ်သားဖွယ် ကောင်းသည်။ ဇာတ်လမ်းကို ထောက်ခြင်းအားဖြင့် ရတနာကြေးမုံဝတ္ထု သည် ယုံတမ်း ဉာာဏ်ကွန့်၍ ရေးသားထားသော ဝတ္ထုဖြစ်သည် ဟု ဆိုသင့်လေသည်။ ထိုဝတ္ထုတွင် မင်းသားမင်းသမီးတို့ကို သွေးဆောင် နားချသည်အထိ ရွှေ တောင်သီဟသူ ရေးခဲ့သည်။ မင်းသမီးထံသို့ မင်းသားကြွလာ၍ တွေ့တော်မူခန်းကို ဦးသာက ဆက်၍ ရေးသားလေသည်။

ရတနာကြေးမုံဝတ္ထုမှာ ဣန္ဒကုမ္မာရ မင်းသားသည် ဣန္ဒာ ဝံသ၊ အီနောင် စသော မင်းသားတို့ကဲ့သို့ ကြင်ယာများစွာ မထားဘဲ ဝေဠုမြတ်စွာ မင်းသမီးတစ်ပါးကိုသာ စွဲစွဲမြဲမြဲချစ်ခင် ကြောင်း ထင်ရှားအောင် စီစဉ်ထားသောကြောင့် ယခုခေတ်ပေါ် ဝတ္ထုမျိုးနှင့် ဆင်ဆင်တူသည်။ ယခုခေတ် သဘောမျိုးနှင့်လည်း လိုက်လျော ညီညွတ်ပေသည်။ အခြားနန်းတွင်း ဇာတ်တော်ကြီး များနှင့် မတူသောအချက်တစ်ချက်မှာ ပင်တိုင်ဇာတ်အတွင်းတွင် ဥပမာအဖြစ်ဖြင့် ဝတ္ထုကို ဇာတ်တိုကလေးများကို ချပ်ကာ ချပ်ကာ ထည့်သွင်းထားခြင်းပင် ဖြစ်သည်။ဤဝတ္ထုတို ဇာတ်တို ကလေးများသည်လည်း ဒဏ္ဍာရီပုံပြင်ကလေးများသဖွယ် ဖြစ် သောကြောင့် စာဖတ်သူတို့၏ စိတ်ကို ငြီးငွေ့ခြင်း ထိုင်းမှိုင်း ခြင်းမှ ကင်းကွာစေလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)