ရစ်မင်း

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ရစ်မင်းသည် အလွန်လှပသော ရစ်ငှက်မျိုးဖြစ်သည်။ သို့သော် အလွန်တွေ့ရခဲ၍ လူသိနည်း၏။ ပါဏဗေဒ အလို အားဖြင့် ဆားမာတီကပ် ဟူမီအီး ဟုခေါ်၍ ဖာစီဒင်နီဒီးမျိုးရင်းတွင် ပါဝင်သည်။ အရွယ်သည် သာမန်ရစ်လောက်ပင် ရှိသည်။ အဖို များ၌ ရှည်လျားသောအမြီးများ ရှိသည်။ ပျံသန်းနေစဉ် တင်ပါး ရှိ အမွှေးဖြူများကို ထင်ရှားစွာ တွေ့ရသည်။ နားနေသောအခါ တွင် ဦးခေါင်းသည် အမည်းရောင်ရှိပြီးလျှင် မျက်လုံးပတ်လည် ၌ အရေပြားရှိသည်ကို မြင်ရသည်။ ထို့အပြင် ကိုယ်ထည်၏ ဘေးဘက်များတွင် အညိုရင့်ရောင်ရှိ၍ အဖြူစင်းကြောင်းများ ထင်ရှားစွာ ပါရှိသည်ကိုပါ မြင်ရသည်။ ကိုယ်အထက်ပိုင်း မေးနှင့်လည်ချောင်းများသည် အနက်ရောင်၊ သို့မဟုတ် သံမဏိရောင် ဖြစ်သည်။

ရစ်မင်းအမများ၌ အညိုပြောက်များ ပါရှိ၍ အမြီးမွှေးများ ၏ အဖျားများသည် အဖြူရောင် ဖြစ်သည်။ ထိုပြင် မျက်စိ နား၌ အနီရောင် အရေပြားရှိသည်။ ရစ်မင်းများ၏ အော်သံမှာ ခပ်တိုးတိုးနှင့် ညည်းသံမျိုး ဖြစ်သည်။ ထိတ်လန့်သောအခါ ဗွတ်-ဗွတ်ဟူ၍ တတွတ်တွတ် အော်တတ်သည်။

ရစ်မင်းများကို တောင်များပေါ်တွင် အုပ်ငယ်ကလေးများ ဖွဲ့၍ နေကြသည်ကို တွေ့ရသည်။ ဧပြီလများတွင် ရစ်ဖိုများ အတောင်များကိုခါ၍ အသံပြုတတ်ကြသည်။ ဘေးအန္တရာယ်နှင့် တွေ့လျှင် သစ်ပင်ပေါ်သို့ ပျံတက်တတ်ကြသည်။ ရစ်မင်းအမ များသည် ဥများဝပ်ရာ၌ စွဲစွဲမြဲမြဲ ဝပ်နေတတ်ကြသည်။ ယင်း တို့ကို ထိလိုက်မှပင် ထ၍ ပျံပြေးတတ်ကြသည်။

ရစ်မင်းများကို မဏိပူရမှ မြန်မာနိုင်ငံကို ဖြတ်၍ ယူနန် နယ်အထိ တွေ့ကြရသည်။ မြန်မာနိုင်ငံတွင် ချင်းတောင်၊ အထက်ချင်းတွင်း၊ မိုးကုတ်၊ ရှမ်းပြည်နှင့် ကယားပြည်နယ် များတွင် တွေ့ကြရသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)