ယူဖရိုင်းနား

ဝီကီပီးဒီးယား မှ
Yul Brynner
ယူဖရိုင်းနား (၁၉၆၉ နိုဝင်ဘာ)
မွေးဖွားYuliy Borisovich Briner
(1920-07-11)ဇူလိုင် ၁၁၊ ၁၉၂၀
Vladivostok, Far Eastern Republic
ကွယ်လွန်အောက်တိုဘာ ၁၀၊ ၁၉၈၅(1985-10-10) (အသက် ၆၅)
နယူးယောက်မြို့၊ အမေရိကန်ပြည်ထောင်စု
သေဆုံးရခြင်း အကြောင်းရင်းအဆုတ်ကင်ဆာ
ထာဝရ နားခိုရာနေရာSaint-Michel-de-Bois-Aubry Russian Orthodox Monastery near Luzé, France
အလုပ်အကိုင်သရုပ်ဆောင်
တက်ကြွလှုပ်ရှားနှစ်များ၁၉၄၁–၁၉၈၅
အိမ်ထောင်ဖက်(များ)Virginia Gilmore
(လက်ထပ် 1944; ကွာရှင်း 1960)
Doris Kleiner
(လက်ထပ် 1960; ကွာရှင်း 1967)
Jacqueline Thion de la Chaume (လက်ထပ် 1971; ကွာရှင်း 1981)
Kathy Lee
(လက်ထပ် 1983; his death 1985)

ယူဖရိုင်းနား (အင်္ဂလိပ်: Yul Brynner) သည် ရုရှားနိုင်ငံဖွား ကမ္ဘာကျော် ရုပ်ရှင်မင်းသားတစ်လက် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ယူဖရိုင်းနားကို ကတုံးမင်းသားဟု လူသိများသည်။ ယူဖရိုင်းနားသည် ၁၉၂၀-ခုနှစ်၊ ဇူလိုင်လ (၁၁)ရက်နေ့တွင် Far Eastern Republic, Vladivostok တွင် မွေးဖွားခဲ့သူ ဖြစ်သည်။ သူ၏ဖခင်သည် မွန်ဂိုလီယံလူမျိုးဖြစ်၍ မိခင်မှာ ယူမေးနီးယန်း အဆက်အနွယ်ဖြစ်သည်ဟု ဆိုသည်။ (ဤနေရာတွင် မူကွဲလျက်နေပါသည်။ အချို့ရုပ်ရှင်မဂ္ဂဇင်းများတွင် အဖေမှာ ယူးခန်ဆိုသော ဆွစ္စလူမျိုးဖြစ်၍ မိခင်မှာ အလွန်လှပချောမောသော မာရီယာဆိုသည့် ရုရှားအမျိုးသမီးဖြစ်ကြောင်း တွေ့ရှိရသည်။)

သူတို့မိသားစုသည် ပထမ လက်လုပ်လက်စား သမားများပင်ဖြစ်သော်လည်း သူ့ဖခင်မှာ မကြာခင်မှာပင် ဘော်တွင်းပိုင်သူဋ္ဌေးတစ်ဦး ဖြစ်လာခဲ့ရာ စီးပွားရေး တောင့်တင်းသော မိသားစုဖြစ်လာပါတော့သည်။ သို့သော် သူတို့မြို့ဘော်ရှီဗစ်များသိမ်းပိုက်သည့်အခါ သူ့အဖေ၏ ဘော်တွင်းများပါ သိမ်းပိုက်ခြင်းခံလိုက်ရလေသည်။ ဤတွင် သူတို့ မိသားစုသည် တရုတ်ပြည်ပီကင်းမြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြလေသည်။ ဖခင်၏ စီးပွားရေးမှာမူ ယခင်ကလောက် မတောင့်တင်းတော့ပေ။ ထို့ပြင် မကြာခင်မှာပင် မိခင်နှင့် ဖခင်တို့ မသင့်မတင့်ဖြစ်ကာ လင်မယား ကွဲသွားကြတော့သည်။ မိခင်ကို ပိုချစ်သော ယူဖရိုင်းနားသည် ဖခင်ကိုခွဲ၍ မိခင်နှင့် နေထိုင်ခဲ့လေသည်။ သို့သော် မကြာခင်မှာပင် မိခင်ကွယ်လွန်သွားရာ အဖွားဖြစ်သူနှင့် နေထိုင်ခဲ့ရသည်။

ယူ၏ အဖွားသည် ဂျစ်ပဆီ အမျိုးသမီးကြီးဖြစ်ရာ လှည့်လည်၍ သွားလာနေထိုင်သူ တစ်ဦးဖြစ်သည်။ ယူသည် အဖွားနှင့်အတူ ဥရောပတစ်ခွင် လှည့်လည်သွားလာခဲ့ရသည်။ ယူသည် ထိုစဉ်ကပင် ရုရှား၊ တရုတ်၊ ဂျပန်၊ မွန်ဂိုလီယံ၊ ယူမေးနီယန်း ဘာသာစကားများ တတ်မြောက်ပြီးဖြစ်သည်။ ယူဖရိုင်းနား၏ အဖွားသည် ဂီတာတီး ကျွမ်းကျင်သူ ဖြစ်သည်။ ယူသည် ဖွားအေထံမှ ဂီတာတီးသင်ယူခဲ့လေသည်။ အဖွားသည် ယူကို အလွန်မြတ်နိုးသဖြင့် ဂီတာတီးနည်းကို ကောင်းစွာသင်ကြားပေးလေသည်။ ယူ ၁၃-နှစ်သားအရွယ်တွင် အဖွားကွယ်လွန်သွားလေသည်။ အဖွားဆုံးချိန်တွင် ယူသည် ဂီတာကို တစ်ဖက်ကမ်းခတ် တတ်မြောက်နေပြီ ဖြစ်သည်။ ဤအချိန်တွင် ယူသည် တစ်ကောင်ကြွက် တစ်မျက်နှာ ဘဝရောက်ရှိနေပေသည်။ သို့သော် ယူသည် စိတ်အားမငယ်ခဲ့ပေ။ သူ့ဖခင်သည် ထိုအချိန်၌ ဆွစ်ဇာလန်နိုင်ငံနိုင်ငံသို့ ရောက်ရှိနေလေသည်။ ယူကို စာရေး၍ ခေါ်ယူလေသည်။ ယူသည် ဖခင်ကို မချစ်ပေ၊ သို့သော် ဖခင်အလိုကျ ပြင်သစ်တွင် ကျောင်းဆက်တက်ခဲ့သေးသည်။ သို့သော် ကျောင်းတွင် မပျော်ပိုက်ချေ။ တစ်နေ့တွင် ဂီတာလွယ်၍ ကျောင်းမှ ထွက်ပြေးခဲ့တော့သည်။ ထွက်ပြေးလာသော ယူတွင် ပိုက်ဆံတစ်ပြားမှ မပါဘဲ ဂီတာတစ်လုံးသာ ပါလာခဲ့သည်။ ယူသည် ဂီတာတီး၍ အရပ်ရပ်လှည့်ခါ ငွေကြေးတောင်းခံစုဆောင်း၍ ပြင်သစ်ပြည်အနှံ့ ခြေဆန့်ခဲ့သည်။

တစ်မြို့ဝင် တစ်မြို့ထွက် အလုပ်အကိုင်ရှာဖွေနေသော ယူသည် နောက်ဆုံးပြင်သစ်ပြည် တောင်ပိုင်း မာဆေးမြို့သို့ ရောက်ရှိခဲ့လေသည်။ မာဆေးမြို့သည် ပင်လယ်ကမ်းခြေ မြို့လေးဖြစ်ရာ သာယာသော နွေရက်များဝယ် ရေကူးသူများ ပျားပန်းခတ်မျှ ရှိသည်။ ထိုဒေသ၌ ရေကူး၍ ရေနစ်သူများကို ကယ်ဆယ်ရသည့် "'အသက်ကယ်သမား"' များအထူးလိုအပ်လှသည်။ ယူသည် ရေကူးအထူးကျွမ်းကျင်၍ ကိုယ်ကာယမှာလည်း ထွားကြိုင်းသူဖြစ်ရာ ထို အသက်ကယ်သမားအလုပ်ကို ရရှိခဲ့သည်။ ထိုစဉ်က သူ့အသက်မှာ ၁၄-နှစ်သာရှိသေးသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ကိုရင်မော်၊ ကမ္ဘာ့ရုပ်ရှင် ကြယ်ပွင့်များ၊၁၉၇၀-ခုနှစ်