ယူနီဗာစီတီ ကောလိပ်

ဝီကီပီးဒီးယား မှ

စစ်ကြိုခေတ် ယူနီဗာစီတီ ကောလိပ်[ပြင်ဆင်ရန်]

(၁၉၄၀ ခုနှစ် ဇွန်လမှ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလထိ)

ကောလိပ်ကြေး[ပြင်ဆင်ရန်]

အဆောင်နေခစရိတ်မှာ ၁၂ ရူပီးပေးရပြီး စားစရိတ် ၄၈ ရူပီးပေးရမည်ထင်သည်။ ထို့ကြောင့် စုစုပေါင်း အဆောင်နေ စရိတ်သည် တစ်လ ရူပီး ၆၀ ဖြစ်သည်။ မုန့်ဖိုးအနေဖြင့် အဆောင်နေသူတစ်ဦးလျှင် ၅ ရူပီးမှ ၁၅ ရူပီးခန့်ဆိုလျှင် လုံလောက်သည်။ နေ့တက်ကျောင်းသားများကတော့ ကျောင်းစားသောက်တန်းတွင် နေ့လယ် စာကိုဝယ်စားကြရသည်။ ကျောင်းလခက တစ်လလျှင် ၁၅ ရူပီးပေးရသည်။ အားကစားနှင့် စာကြည့်တိုက်ကြေးက တစ်နှစ်လုံးမှ ၁၂ ရူပီး ခန့်သာ ကျသည်။ ကျွန်တော်ယခုပြောသည့်ကြေးများသည် ခန့်မှန်းနှင့်ပြောခြင်းဖြစ်ပြီး အတိအကျ ဟုတ်ချင်မှလည်းဟုတ်မည်။ ထိုအခကြေးငွေများသည် အလွန်အကျွံပေးရသည့် ကြေးမဟုတ်သော်လည်း ဝင်ငွေနည်းသည့် မိသားစုများ အတွက်မူ အလွန်ဈေးမြင့်သည်ဟုဆိုရမည်။ ထို့ကြောင့်ပင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူတိုင်း ဤကောလိပ်ကျောင်းနှစ်ကျောင်းသို့ ရောက်မလာနိုင်ခဲ့ခြင်းဖြစ်သည်။

ကျောင်းသုံးစာအုပ်များ[ပြင်ဆင်ရန်]

ဘာသာရပ်တိုင်းအတွက် ကျောင်းသားများဖတ်ရန် ကျောင်းသုံးစာအုပ်များလိုအပ်သည်။ အဓိပ္ပယ်ရှင်းလင်းချက် စာအုပ်များက ဈေးအနည်းငယ်ကြီးသည်။ သို့သော် ကျောင်းသားတိုင်း ပြဋ္ဌာန်းစာအုပ်များကိုတော့ ဝယ်ထား တတ်ကြသည်။ မြန်မာစာကလွဲပြီး ကျန်ဘာသာရပ်အားလုံးမှာ အင်္ဂလိပ်လိုဖြစ်သည်။ တစ်ပတ်ရစ် ပြဋ္ဌာန်းစာအုပ်များကို မြို့ထဲရှိ စာအုပ်အဟောင်းဆိုင်များတွင် ဝယ်ယူရရှိနိုင်သည်။ ကျောင်းသား အများစုသည် ဆရာသင်သည့်အခါ လိုက်မှတ်ထားသည့် မှတ်စုများအပြင် ယင်းပြဋ္ဌာန်းစာအုပ်များကိုလည်း လေ့လာဖတ်ရှုလေ့ရှိသည်။ ယနေ့ခေတ်တွင် ကျောင်းသားအများစုသည် ပြဋ္ဌာန်းဖတ်စာအုပ်များကို ဂရုမစိုက်ကြ တော့။ အဘယ်ကြောင့်ဆိုသော် ဈေးလည်း အလွန်ကြီးသည့်အပြင် စာအုပ်ထဲတွင်ပါသည့် အင်္ဂလိပ်လို ရေးသား ထားချက်များကို နားမလည်သောကြောင့် လည်း ဖြစ်နိုင်သည်။ ယနေ့ခေတ် ကျောင်းသားများသည် ကျူရှင်ကို အားကိုးနေကြသည်ကများသည်။ ထို့ပြင် အထူးထုတ် များကိုသာ ဝယ်ဖတ်ခြင်းများလည်းရှိသေးသည်။ စစ်ကြိုခေတ် ကောလိပ်ကျောင်းသားများတွင် ထိုအလေ့အထများ လုံးဝ မရှိခဲ့ပေ။

စာသင်ကြားခြင်း[ပြင်ဆင်ရန်]

ဘာသာရပ်ဆိုင်ရာ သင်ကြားပို့ချခြင်းများကို အရည်အချင်းပြည့်ဝသည့် ပါမောက္ခများ၊ ကထိကများ၊ လက်ထောက် ကထိက များအပြင် တစ်ခါတစ်ရံ ကျူတာများကဝင်သင်ကြသည်။ စာဝင်သင်သည့် ဆရာတိုင်း သင်ကြားပို့ချမှုများကို ပုံမှန်အတိုင်း ပြောကာ သင်ကြားသွားခြင်းဖြစ်ပြီး တစ်လုံးချင်း နုတ်တိုက်ချ သင်ပေးလေ့ မရှိပေ။ ယေဘုယျအားဖြင့် ကြားတန်းခေါ် ပထမနှစ်နှင့် ဒုတိယနှစ်အတန်းများအား ပါမောက္ခများနှင့် ကထိကကြီးများက ဝင်သင်ပေးလေ့ရှိသည်။ ယခုမှ ကောလိပ် လာတက်သည့် ကျောင်းသားသစ်များကို ဘာသာရပ်ဆိုင်ရာ နယ်ပယ်အလိုက် ပညာပြည့်ဝ လေ့လာလိုစိတ်များရှိစေရန် ထိုသို့ လာသင်ပေးသည်ဟု ယူဆမိပါသည်။ ကျောင်းသားအများစုသည် အင်္ဂလိပ်လိုပြောပြီး သင်ကြားမှုများကို နားလည်ကြသည်။ အချို့ကလည်း လိုက်ပြီး လက်ရေးနှင့် လိုက်မှတ်မှုများလည်းရှိသည်။ အချို့ကလည်း ကိုယ့်နည်းကိုယ်ဟန် လက်ရေးတိုဖြင့် လိုက်မှတ်ခြင်းများလည်းတွေ့ရသည်။ မှတ်စုကိုရောင်းစားသည့် ကျူရှင်လည်းမရှိ၊ ကျူရှင်ပေးသည့်ဆရာလည်း မရှိပေ။ မည်သည့်ဘာသာရပ်ကိုမျှ တက္ကသိုလ် ကျောင်းသားများသည် ကျူရှင်ယူခြင်း မရှိကြပေ။ ထို့အတူ စာမေးပွဲ လမ်းညွှန် (အထူးထုတ်) ရောင်းသည့် ပုဂ္ဂလိက ဆရာများလည်းမရှိ၊ ယနေ့ခေတ်လို စာမေးပွဲနီးမှ အသည်းအသန် မေးခွန်းလိုက်ခြင်းများလည်း မရှိပေ။

ပါမောက္ခများနှင့် ကထိကကြီးများထဲတွင် အချို့သည် အင်္ဂလိပ်များဖြစ်ကြပြီး စကော့၊ အင်ဒီးယန်းနှင့် ဥရောပ သားများလည်း ရှိကြသည်။ သူတို့သည် စာလာသင်လျှင် တစ်ယောက် အင်္ဂလိပ် လေသံတစ်မျိုးစီဖြင့် လာရောက် သင်ကြားလေ့ရှိသည်။ သို့သော် ကျောင်းသားများသည် မည်မျှ လေယူလေသိမ်း ကွဲပြားစေကာမူ နားလည်အောင် လိုက်နိုင်ကြသည်။ အငယ်တန်းကထိကလေးများနှင့် လက်ထောက်ကထိကများသည် ကုလားလူမျိုးများပြီး နောက်ပိုင်းကျမှ မြန်မာ ဆရာ ဆရာမဦးရေများပြားလာခဲ့သည်။ ကျူတာအများစုမှာ မြန်မာများဖြစ်ကြပြီး သူတို့သည် ကုလားဆရာများ ထက်ပင် အရည် အချင်းပိုတော်သူများရှိကြသည်။ မြန်မာ လက်ထောက် ကထိကများလည်း ထိုခေတ်ကအနည်း ငယ်ရှိသည်။ ကျူတိုရီရယ်ခေါ် လေ့ကျင့်ခန်းများကို ဝိဇ္ဇာဘာသာရပ်များတွင် ပုံမှန်လုပ်ကြရပြီး သိပ္ပံနှင့်ပတ်သက်သည့် ဘာသာရပ်များ အတွက် လက်တွေ့လုပ်ကြရသည်။ ကျူတိုရီရယ်များကို ကျူတာများ၏ ကြည့်ကြပ်မှုဖြင့် လုပ်ကြရပြီး၊ သိပ္ပံလက်တွေ့များကို သရုပ်ပြဆရာများနှင့် လုပ်ကြရသည်။ ကျူတာများနှင့် သရုပ်ပြဆရာများသည် ဂုဏ်ထူးတန်းတက်နေကြသူများဖြစ်ပြီး နောက်ပိုင်းမှသာ ဆရာအဖြစ်သို့ရောက်ကြသည်။

အတန်းများ[ပြင်ဆင်ရန်]

စာသင်ခန်းအများစုသည် လေဝင်လေထွက်ကောင်းမွန်ပြီး ကျောင်းသားများနှင့် ပြည့်ကြပ်နေခြင်းလည်း မရှိပေ။ အတန်း တစ်တန်းတွင် ကျောင်းသားကျောင်းသူ ၁၀၀ မှ ၁၂၅ ယောက်ခန့်သာရှိကြသည်။ သို့သော် ကျောင်းသားတိုင်း ကျောင်းတက် ကြသည်မဟုတ်။ လူနည်းစုခန့်သာ အတန်းကို ပုံမှန်တက်ကြသည်။ အတန်းတိုင်းတွင် ခုံနံပါတ်များကိုခေါ်ပြီး ကျောင်းခေါ်ကြိမ်ကို ယူလေ့ရှိသည်။ ကျောင်းသားတစ်ယောက်သည် အကြောင်း ကိစ္စတစ်ခုခုရှိ၍ ကျောင်းမတက်နိုင်လျှင်ဖြစ်စေ၊ ဖျားနာ၍ဖြစ်စေ ခွင့်တိုင်ကြားနိုင်သည်။ ခွင့်တိုင်ခြင်းကို နှုတ်ဖြင့်ခွင့်မပြု၊ စာဖြင့်ရေးတင်ကြရသည်။ ကထိကနှင့် ကျူတာများက အတန်းတိုင်းတွင် ကျောင်းသားများ စည်းကမ်းလိုက်နာစေရန် ထိန်းသိမ်းကြပ်မတ်ပေးလေ့ရှိသည်။ ကထိကများ အတန်းထဲသို့ဝင်လာလျှင် ကျောင်းသားတိုင်း အရိုအသေပေးသည့် အနေဖြင့် မတ်တပ်ရပ်ပေးရလေ့ရှိ သည်။ စာသင်နေချိန်တွင် ကျောင်းသားများသည် အခန်းထဲမှ ထွက်ခွာသွားမှုမျိုး ပြုလုပ်လေ့မရှိပေ။ ကထိက ဖြစ်သူက စာသင်ကြား ပြီးဆုံးသဖြင့် အတန်းထဲက ထွက်သွားမှသာ ကျောင်းသားများသည် အတန်းအပြင်သို့ ထွက်လေ့ရှိကြသည်။

ဝတ်စားဆင်ယင်မှု[ပြင်ဆင်ရန်]

ကျောင်းသား ကျောင်းသူတိုင်း မိမိတို့ရိုးရာ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှုအရ ဂုဏ်သိက္ခာရှိစွာ ဝတ်ဆင်လေ့ရှိသည်။ ပိုးထည်၊ ကတ္တီပါထည်၊ ချည်ထည်များအပြင် ပင်နီ (ဖျင်ကြမ်း) များကိုပါ ဝတ်ဆင်ကြသူများတွေ့ရသည်။ သို့သော် အားလုံးသည် သပ်ရပ်စွာဝတ်ဆင်လေ့ရှိသည်။ မြန်မာဝတ်စုံကို ဝတ်ဆင်သူများရှိသကဲ့သို့ ဥရောပစတိုင် ဝတ်ဆင်သူများလည်းရှိသည်။ ကြည့်လိုက်သည်နှင့် ကောလိပ်ကျောင်းသားဖြစ်ကြောင်း သိသာရန် ဝတ်စားလေ့ ရှိသည့်အပြင် အပြုအမူအနေအထိုင်များ ကလည်း တစ်မူထူးခြားသည်ဟုဆိုနိုင်သည်။ ကောလိပ်ကျောင်းသားဆို လျှင် ဂုဏ်ရှိသည်ဟုလူတိုင်းက ထင်နေကြသည့် ခေတ်ဖြစ်သည်။

အပန်းဖြေမှုနှင့် ဖျော်ဖြေပွဲများ[ပြင်ဆင်ရန်]

အဆောင်များတွင် အစဉ်အလာအားဖြင့် ညစာစားပွဲများ ကျင်းပလေ့ရှိသည်။ စာသင်နှစ်တစ်နှစ် ကုန်ဆုံးတိုင်း အဆောင်နေ ကျောင်းသားများအတွက် ကျင်းပပေးသည့်ပွဲဖြစ်ပြီး ကျောင်းသားတိုင်း မျှော်လင့်တောင့်တသည့်ပွဲလည်းဖြစ်သည်။ ထမင်းစား ခန်းကြီးထဲတွင် ခမ်းနားစွာ ဆင်ယင်ထားပြီး ကျောင်းသားတိုင်း ဝတ်စုံပြည့် တက်ရောက်လေ့ရှိကြသည်။ ဥပမာအားဖြင့် တိုက်ပုံနှင့် ပုဆိုးသို့မဟုတ် ကုတ်အင်္ကျီနှင့် ဘောင်းဘီများကို စမတ် ကျကျဝတ်ဆင်ပြီးတက်ကြသည်။ သင်္ကြန် သို့မဟုတ်တန်ဆောင်မုန်းပွဲတော်များတွင် မိမိတို့အဆောင်များကို လှပစွာဆင်ယင်လေ့ရှိကြသည်။ မီးပုံးများ ချိတ်ဆွဲခြင်း၊ ဆီမီးခွက်များ၊ ဖယောင်းတိုင်များထွန်းခြင်း၊ လျှပ်စစ်မီးလုံးလေးများ ထွန်းခြင်းများကို ပြုလုပ်ကြသည်။ အဆောင်များတွင် ပျော်ပွဲရွှင်ပွဲများ လုပ်သည့်အခါတွင် အခြားအဆောင်များမှ ကျောင်းသား များကိုလည်း ဖိတ်လေ့ရှိသည်။ ထို့ပြင် ကောလိပ်အတွင်းရှိဝန်ထမ်းများနှင့် သူတို့မိသားစုများအပြင် ကျောင်းသား ကျောင်းသူများ၏ မိတ်ဆွေများ မိသားစုများလည်း တက်ရောက်ကြသည်။ အချို့သောအဆောင်များတွင် ဖျော်ဖြေပွဲအဖြစ် ပြင်ပမှ အငြိမ့်များငှားပြီး ပွဲခံမှုပြုကြသည်။ ဖျော်ဖြေမှုအားလုံးကို မြန်မာ့ရိုးရာ အစဉ်အလာများနှင့်သာ ကျင်းပလေ့ရှိပြီး ယဉ်ကျေးစွာ ပြောဆိုဆက်ဆံကြလေ့ရှိသည်။ ထိုအချိန်တွင် ရိုင်းစိုင်းသည့် စကားလုံးများကို ပြောဆိုသုံးနှုန်းလေ့မရှိပေ။ အနောက်တိုင်းတေးဂီတများဖြင့် ဖျော်ဖြေမှုမျိုးရှိသော်လည်း သရုပ်ပျက်လောက် အောင် ပြုလုပ်ခြင်း မရှိကြပေ။ ပွဲလမ်းသဘင်များ ကျင်းပလျှင် အဆောင်မှူးများနှင့် အဆောင်နေဆရာများက စောင့်ကြည့်ပြီး ကြီးကြပ်ပေးနေသောကြောင့် အားလုံး အဆင်ပြေချောမွေ့စွာ ပြီးဆုံးသွားကြသည်ကများသည်။ ဘာသာရပ်အလိုက်ဖြစ်သော အသင်းအဖွဲ့လှုပ်ရှားမှုများလည်းရှိသေးသည်။ သမိုင်းအသင်းနှင့် နေ့ကျောင်းသားများ အသင်းမျိုးအပြင် အခြားအသင်းအဖွဲ့များလည်းရှိသေးသည်။ စကားရည်လုပွဲ၊ ရေဒီယိုကလပ်၊ အားကစားနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များဖြစ်သည်။ ထို့ပြင် မြန်မာ့ဂီတအဖွဲ့နှင့် ဓာတ်ပုံအသင်းတို့လည်း ဖွဲ့စည်းထားသည်။ ထိုအသင်းအဖွဲ့များသည် ပျော်ပွဲစားထွက်ခြင်း၊ လေ့လာရေးခရီးထွက်ခြင်း၊ စကားရည်လုပွဲများ ကျင်းပခြင်း၊ ကျပန်းစကား ပြောပွဲများကျင်းပခြင်းတို့ကိုလည်း ပြုလုပ်ကြသည်။ အားလုံးသော ကျောင်းတွင်းလှုပ်ရှားမှုများကို ပါမောက္ခ၏ကြီးကြပ် လမ်းညွှန်မှုအရ ပြုလုပ်ကြရသည်။ သို့ဖြစ်ရာ ဗရုတ်ကျမှုကင်းပြီး ပျော်ရွှင်စရာကောင်းခဲ့သည်။ ကောလိပ်ကို ၁၉၄၁ ခုနှစ် ဒီဇင်ဘာလတွင် ပိတ်လိုက်သည်။ ထိုအချိန်တွင် အာရှသို့စစ်မီးက ကူးစက် လာပြီး မြန်မာနိုင်ငံကိုပါ ရောက်လာသော ကြောင့်ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. Pre War University College, Ohn Gaing