မွေးလမ်းကြောင်းပိတ်ဆို့နေခြင်း
မွေးလမ်းကြောင်းပိတ်ဆို့နေခြင်း(Obstructed labour, labour dystocia)ဆိုသည်မှာ ကလေးမီးဖွားချိန်တွင် သားအိမ်မှ ပုံမှန်ညှစ်နေသော်လည်း ရုပ်ပိုင်းဆိုင်ရာအရ မွေးလမ်းကြောင်းပိတ်ဆို့နေသောကြောင့် တင်ပဆုံရိုးအတွင်းမှ သန္ဓေသားထွက်မလာနိုင်ခြင်းဖြစ်သည်။[၁] သန္ဓေသားတွင်ဖြစ်တတ်သော နောက်ဆက်တွဲပြဿနာမှာ အောက်ဆီဂျင်လုံလောက်စွာမရသောကြောင့် အသက်ဆုံးရှုံးနိုင်သည်။ မိခင်၌လည်း ရောဂါပိုးကူးစက်ခံနိုင်ခြေရှိခြင်း၊ သားအိမ်ကွဲထွက်ခြင်းနှင့် မီးဖွားပြီးသွေးသွန်ခြင်းတို့ဖြစ်တတ်သည်။[၂] မိခင်တွင် ရေရှည်နောက်ဆက်တွဲပြဿနာအနေဖြင့် မီးဖွားခြင်းကြောင့်ဖြစ်သော ဂရင်ဂျီနာ(obstetrical fistula)ဖြစ်တတ်သည်။ မွေးလမ်းကြောင်းပိတ်ဆို့နေခြင်းကြောင့် ရှည်ကြာသောမီးဖွားခြင်း(prolonged labour)လည်း ဖြစ်တတ်သည်။ ရှည်ကြာသောမီးဖွားခြင်းဆိုသည်မှာ ကလေးမီးဖွားချိန် (၁၂)နာရီထက် ပို၍ကြာခြင်းဖြစ်သည်။[၁]
မွေးလမ်းကြောင်းပိတ်ဆို့နေရသော အဓိကအကြောင်းရင်းမှာ သန္ဓေသားအရွယ် ပုံမှန်ထက် ပို၍ကြီးနေခြင်း၊ သန္ဓေသား၏အနေအထားပုံမှန်မဟုတ်ခြင်း၊ တင်ပဆုံရိုးသေးနေခြင်းနှင့် မွေးလမ်းကြောင်းရှိ ပြဿနာများဖြစ်သည်။ သန္ဓေသား၏အနေအထားပုံမှန်မဟုတ်ခြင်း တစ်မျိုးဖြစ်သော ပခုံးတစ်ဆို့နေခြင်း(shoulder dystocia)တွင် သန္ဓေသား၏ ရှေ့ပခုံးသည် မိခင်၏ဆီးခုံရိုးအောက်မှ အလွယ်တကူမထွက်နိုင်ခြင်းဖြစ်သည်။[၁] တင်ပဆုံရိုးသေးစေသည့် အကြောင်းရင်းများမှာ အာဟာရချို့တဲ့ခြင်းနှင့် နေရောင်ခြည်ထိတွေ့မှုနည်းပါးခြင်းကြောင့် ဗိုက်တာမင်ဒီချို့တဲ့ခြင်းတို့ ဖြစ်သည်။[၃] ၎င်းမှာ အပျိုဖော်ဝင်စမိန်းကလေးများတွင် တင်ပဆုံရိုးကြီးထွားမှု မပြီးပြည့်စုံသေးသောကြောင့် ပိုဖြစ်လေ့ရှိသည်။[၂] မွေးလမ်းကြောင်းရှိ ပြဿနာများမှာ မိန်းမကိုယ်၏ ပြင်ပအစိတ်အပိုင်းတချို့ သို့မဟုတ် အားလုံးကို ဖြတ်ခြင်း(female genital mutilation)နှင့် ကင်ဆာကျိတ်များကြောင့် သားအိမ်လမ်းကြောင်း(vagina)နှင့် မိန်းမကိုယ်နှင့်စအိုဆက်သည့်နေရာ(perineum) ကျဉ်းနေခြင်းတို့ဖြစ်သည်။[၁] ပါတိုဇယား(partograph)ကို အသုံးပြု၍ မီးဖွားခြင်း၏တိုးတက်မှုအခြေအနေနှင့် ဖြစ်ပေါ်လာနိုင်သောပြဿနာများကို စောင့်ကြည့်နိုင်သည်။[၂] ပါတိုဇယားနှင့် ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးခြင်းဖြင့် မွေးလမ်းကြောင်းပိတ်ဆို့နေခြင်းကို သိနိုင်သည်။[၄]
မွေးလမ်းကြောင်းပိတ်ဆို့နေခြင်းကို ဗိုက်ခွဲ၍မီးဖွားပေးခြင်း၊ စုပ်စက်ဖြင့်ဆွဲထုတ်ခြင်း၊ ဆီးခုံရိုးနှစ်ခုကို ဆက်ထားသည့်အရိုး(symphysis pubis)ကိုခွဲဖွင့်ခြင်းဖြင့် ကုသနိုင်သည်။ အကယ်၍ ရေမွှာပေါက်ပြီး (၁၈)နာရီထက်ပိုကြာလာပါက မိခင်ကို ရေဓာတ်ဆက်တိုက်ပေးခြင်းနှင့် ပဋိဇီဝဆေးတိုက်ကျွေးခြင်းတို့ ပြုလုပ်ပေးရသည်။[၅] အာဖရိကနှင့် အာရှနိုင်ငံများတွင် မီးဖွားသူများ၏ (၂-၅)ရာခိုင်နှုန်းခန့်တွင် မွေးလမ်းကြောင်းပိတ်ဆို့နေခြင်းဖြစ်လေ့ရှိသည်။[၆] ကိုယ်ဝန်ဆောင်နှင့်ဆက်စပ်သော သေဆုံးမှုများ၏ (၈)ရာခိုင်နှုန်းခန့်မှာ မွေးလမ်းကြောင်းပိတ်ဆို့နေခြင်းကြောင့်ဖြစ်ပြီး လူပေါင်း (၁၉၀ဝ၀)ခန့် အသက်ဆုံးရှုံးခဲ့သည်။[၁][၇] မွေးလမ်းကြောင်းပိတ်ဆို့နေခြင်းကြောင့် အသက်ဆုံးရှုံးရခြင်းအများစုမှာ ဖွံဖြိုးဆဲနိုင်ငံများတွင် ဖြစ်ပွားလေ့ရှိသည်။ [၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ Education material for teachers of midwifery : midwifery education modules (PDF) (2nd ed.)။ Geneva [Switzerland]: World Health Organisation။ 2008။ pp. 17–36။ ISBN 9789241546669။ 21 February 2015 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး။ 10 June 2016 တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ ၂.၂ ၂.၃ "Obstructed labour." (2003). British medical bulletin 67: 191–204. doi: . PMID 14711764.
- ↑ Education material for teachers of midwifery : midwifery education modules (PDF) (2nd ed.)။ Geneva [Switzerland]: World Health Organisation။ 2008။ pp. 38–44။ ISBN 9789241546669။ 21 February 2015 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး။ 10 June 2016 တွင် ပြန်စစ်ပြီး။
- ↑ Education material for teachers of midwifery : midwifery education modules (PDF) (2nd ed.)။ Geneva [Switzerland]: World Health Organisation။ 2008။ pp. 45–52။ ISBN 9789241546669။ 21 February 2015 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး။ 10 June 2016 တွင် ပြန်စစ်ပြီး။
- ↑ Education material for teachers of midwifery : midwifery education modules (PDF) (2nd ed.)။ Geneva [Switzerland]: World Health Organisation။ 2008။ pp. 89–104။ ISBN 9789241546669။ 21 February 2015 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး။ 10 June 2016 တွင် ပြန်စစ်ပြီး။
- ↑ Usha၊ Krishna (2004)။ Pregnancy at risk : current concepts။ New Delhi: Jaypee Bros.။ p. 451။ ISBN 9788171798261။
- ↑ "Global, regional, and national age-sex specific all-cause and cause-specific mortality for 240 causes of death, 1990-2013: a systematic analysis for the Global Burden of Disease Study 2013." (17 December 2014). Lancet 385: 117–71. doi: . PMID 25530442.