မြန်မြန်တွေးလိုက်၊ နှေးနှေးတွေးလိုက်

ဝီကီပီးဒီးယား မှ
မြန်မြန်တွေးလိုက်၊ နှေးနှေးတွေးလိုက် (Thinking, Fast and Slow)
အဖုံးမာစာအုပ် မျက်နှာဖုံး
စာရေးသူဒဲန်နီယယ်ကားနမဲန် (Daniel Kahneman)
နိုင်ငံအမေရိကန်ပြည်ထောင်စု
ဘာသာစကားအင်္ဂလိပ်
အကြောင်းအရာစိတ်ပညာ
အမျိုးအစားသုတစာပေ
ထုတ်ဝေသူFarrar
ထုတ်ဝေသည့်ရက်
၂၀၁၁
မီဒီယာ အမျိုးအစားစာအုပ်(အဖုံးမာ၊ အဖုံးပျော့)၊ အီး-စာအုပ်၊ အသံထွက်စာအုပ်
စာမျက်နှာ၄၉၉-ရွက်
ISBN978-0374275631
OCLC706020998

မြန်မြန်တွေးလိုက်၊ နှေးနှေးတွေးလိုက် (Thinking, Fast and Slow)သည် စီးပွားရေးသိပ္ပံပညာဆိုင်ရာ နိုဘယ်အထိမ်းအမှတ်ဆုရ ပညာရှင်တစ်ယောက်ဖြစ်သော ဒဲန်နီယယ်ကားနမဲန် (Daniel Kahneman)ရေးသားသည့် နယူးယောက်တိုင်းမ်စ် ရောင်းအကောင်းဆုံးစာရင်းဝင် စာအုပ်တစ်အုပ်ဖြစ်သည်။[၁]

ဤစာအုပ်သည် သူ၏ဘဝတစ်လျှောက်လုံး ပြုလုပ်ခဲ့သောလုပ်ငန်းများမှရရှိခဲ့သော ကောက်ချက်များကို ဖော်ပြထားခြင်းဖြစ်သည်။ သိမြင်မှုများတွင် ပါဝင်သော ဘက်လိုက်မှု (cognitive bias)နှင့် ပတ်သက်သည့် သူ၏ဘဝအစောပိုင်းအလုပ်၊ သူ၏ဘဝအလယ်ပိုင်း သုတေသနဖြစ်သော အလားအလာအပေါ်တုံ့ပြန်မှု သီအိုရီ (prospect theory)နှင့် သူ၏ဘဝနှောင်းပိုင်းလုပ်ငန်းဖြစ်သော ပျော်ရွှင်မှုဆိုင်ရာသုတေသနများကို အခြေခံပြီး ခြုံငုံရေးသားထားသော စာအုပ်ဟုလည်း ဆိုနိုင်သည်။[၂] ဘဝအစောပိုင်းနှင့် အလယ်ပိုင်းကာလများတွင် အေမော့စ် တဗာစကီးနှင့် (တဗားစကီး မကွယ်လွန်မီအထိ) ပူးပေါင်းဆောင်ရွက်ခဲ့သော ကားနမဲန်၏ သုတေသနပြု တွေ့ရှိချက် အတော်များများကို အကျဉ်းချုပ်ဖော်ပြထားသော စာအုပ်တစ်အုပ်လည်း ဖြစ်သည်။[၂][၃]

စာအုပ်၏ အဓိကဆိုလိုရင်းမှာ တွေးခေါ်မှုပုံစံစနစ်နှစ်ခု၏ လုံးဝခြားနားဆန့်ကျင်သည့် သဘောတရားကို ဖော်ပြခြင်းဖြစ်သည်။ တွေးခေါ်မှုပုံစံစနစ်-၁ သည် လျင်မြန်၍၊ အတွင်းမှ အလိုအလျောက်သိကာ တုံ့ပြန်တတ်ပြီး၊ စိတ်ခံစားမှုအပေါ် အသားပေးသော တွေးခေါ်မှုမျိုးဖြစ်သည်။ တွေးခေါ်မှုပုံစံစနစ်-၂ ကမူ ပိုနှေးကွေး၍ တမင်တကာ ဦးတည်ရည်ရွယ်ပြီး အကျိုးအကြောင်းဆီလျော်မှုကို အသားပေးသော ယုတ္တိဗေဒကျကျ တွေးခေါ်မှု ဖြစ်သည်။ ဤစာအုပ်တွင် စဉ်းစားတွေးခေါ်မှုပုံစံတစ်ခုစီကို တွန်းအားပေးသည့် ဆင်ခြင်တုံတရားပြည့်စုံသည့် မူမှန်သော အတွေးလမ်းကြောင်း နှင့် ကျိုးကြောင်းဆီလျော်မှုမရှိသော မူမမှန်သော အတွေးလမ်းကြောင်း ပုံစံများကို အသေးစိတ်ချပြသည်။ ကားနမဲန်သည် သူ၏ "ဆုံးရှုံးမှုကို မနှစ်သက်ကာ ရှောင်ဖယ်လိုခြင်း" (Loss aversion)သီအိုရီဆိုင်ရာ သုတေသနမှ စတင်ကာ ၎င်းစဉ်းစားတွေးခေါ်မှုပုံစံနှစ်ခု၏ တစ်ခုအပေါ်တစ်ခု မည်သို့ အပြန်အလှန်ဖြည့်ဆည်းပေးသည်ကိုလည်း ဤစာအုပ်တွင် ရှင်းပြထားသည်။

ဖော်ပြပုံတစ်ခု၏ ရွေးချယ်မှု သဘောထားများအပေါ် အကျိုးသက်ရောက်ပုံ (၉၀% အောင်မြင်နိုင်ခြေရှိသောလုပ်ငန်းဟု ဖော်ပြခြင်းနှင့် ၁၀% ဆုံရှုံးနိုင်ခြေရှိသောလုပ်ငန်းဟု ဖော်ပြခြင်းနှစ်ခု၏ လုပ်ငန်းအပေါ် အစုပါဝင်ချင်သူအပေါ် အကျိုးသက်ရောက်မှုကို မြင်ကြည့်ပါ။) (framing choices) ဆိုသော အကြောင်းအရာမှစ၍၊ ခက်ခဲသောမေးခွန်းတစ်ခုကို ဖြေဆိုရန်လွယ်ကူသည့်မေးခွန်းတစ်ခုဖြင့် အစားထိုးချင်စိတ်ရှိသည် လူသားတို့၏ ဆန္ဒသဘောထား စသည့် အကြောင်းအချက်တို့ကို ဤစာအုပ်တွင် ရှင်းပြထားသည်။ အချုပ်အားဖြင့် ဤစာအုပ်မှ ဖော်ပြသည်မှာ လူများသည် မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ်နိုင်မှု စွမ်းရည်အပေါ် လွန်လွန်ကဲကဲ ယုံကြည်မှုရှိနေကြောင်းကို ကားနမဲန်၏ ဆယ်စုနှစ်များစွာ သုတေသနပြုချက်များမှ ညွှန်ပြနေကြောင်း ဖြစ်သည်။[၄]

ကားနမဲန်သည် အစ္စရေးကာကွယ်ရေးတပ်ပေါင်းစုတွင် သုတေသီတစ်ဦးအနေဖြင့် လုပ်ကိုင်စဉ် ၎င်းလက်အောက်ရှိ ဌာနများနှင့် ပူးပေါင်းလုပ်ကိုင်သည့် သုတေသီများမှတစ်ဆင့် လေ့လာထိုးထွင်းသိမြင်ခဲ့ရသော အချက်အလက်များကိုလည်း ဤစာအုပ်တွင် မျှဝေထားသည်။

တွေးခေါ်မှုပုံစံစနစ်နှစ်ခု၏ ဥပမာများ[ပြင်ဆင်ရန်]

စာအုပ်၏ပထမပိုင်းတွင် ဦးနှောက်သည် အတွေးများကိုဖြစ်ပေါ်စေသော တွေးခေါ်မှုပုံစံ နည်းလမ်းစနစ်နှစ်မျိုးကို ဖော်ပြထားသည်။

တွေးခေါ်မှုပုံစံစနစ်-၁[ပြင်ဆင်ရန်]

တွေးခေါ်မှုပုံစံစနစ်-၁ သည် လျင်မြန်၍၊ အတွင်းမှ အလိုအလျောက်သိကာ တုံ့ပြန်တတ်ပြီး၊ စိတ်ခံစားမှုအပေါ် အသားပေးသော တွေးခေါ်မှုမျိုးဖြစ်သည်။ မကြာခဏဖြစ်တတ်ပြီး၊ မသိစိတ်မှ တရားသေစွဲမှတ်ကာ တုံ့ပြန်သော တွေးခေါ်မှုမျိုးလည်းဖြစ်သည်။ ဥပမာအားဖြင့်၊

  • အရာဝတ္ထုတစ်ခုသည် အခြားတစ်ခုထက် ပို၍ ဝေးမဝေး ဆုံးဖြတ်ခြင်း
  • အသံတစ်ခု မည်သည့်နေရာမှာ လာခြင်းကို ခန့်မှန်းခြင်း
  • "ငုပ်မိသဲတိုင် ..."ဆိုသော စကားစုနောက်၌ မည်သည့်စကားစုလာမည်ဟု ဖြည့်စွက်ခြင်း
  • စက်ဆုပ်ရွံရှာဘွယ်ပုံကို မြင်သောအခါ စက်ဆုပ်ရွံရှာစိတ် ပေါ်လာခြင်း
  • "၂ + ၂ = ..."ဟူသော ပုစ္ဆာအဖြေကို ဖြေဆိုခြင်း
  • ကြော်ငြာဆိုင်းဘုတ်ပေါ်ရှိ စာသားကို ဖတ်ခြင်း
  • (စစ်တုရင်ကဝိတစ်ဦး ဖြစ်လျှင်) စစ်တုရင် ရွှေ့ကွက်အကောင်းတစ်ခုကို တွေးဆခြင်း
  • လူကင်းမဲ့သောလမ်းပေါ်တွင် ကားမောင်းခြင်း
  • ရိုးရှင်းလွယ်ကူသော စာကြောင်းတစ်ခုကို နားလည်ခြင်း
  • "ငြိမ်သက်အေးချမ်း၍ အသေးစိတ်ကို မြင်သိကာ စနစ်တကျလုပ်ကိုင်နိုင်မှု"ဟူသော လိုအပ်ချက်နှင့် လုပ်ငန်းကို ဆက်စပ်နိုင်ခြင်း

အစရှိသော ဖြစ်စဉ်များတွင် ပါဝင်သော တွေးခေါ်မှုပုံစံများကို ဆိုလိုခြင်း ဖြစ်သည်။

တွေးခေါ်မှုပုံစံစနစ်-၂[ပြင်ဆင်ရန်]

တွေးခေါ်မှုပုံစံစနစ်-၂ ကမူ ပိုနှေးကွေး၍ တမင်တကာ ဦးတည်ရည်ရွယ်ပြီး အကျိုးအကြောင်းဆီလျော်မှုကို အသားပေးသော ယုတ္တိဗေဒကျကျ တွေးခေါ်မှု ဖြစ်သည်။ အားစိုက်တွက်ချက်ခြင်းများပါဝင်ပြီး မကြာခဏမဖြစ်နိုင်သော တွေးခေါ်မှုမျိုး ဖြစ်သည်။ ဥပမာအားဖြင့်၊

  • တာတိုပြေးပွဲအတွက် ပြင်ဆင်ခြင်း
  • ဆပ်ကပ်လူပျက်၏ သရုပ်ဆောင်မှုကို တကူးတက အာရုံစိုက်ခြင်း
  • အလွန်ကျယ်လောင်သော ပါတီပွဲတစ်ခုအတွင်း လူတစ်ယောက်အပေါ် အာရုံစိုက်ခြင်း
  • ဆံပင်ဖြူနေသော အမျိုးသမီးတစ်ယောက်ကို ရှာဖွေခြင်း
  • အသံတစ်ခုကို မှတ်မိရန် ကြိုးစားခြင်း
  • ပုံမှန်လမ်းလျှောက်နှုန်းထက် ပို၍မြန်အောင် ဆက်တိုက်လျှောက်ခြင်း
  • လူမှုရေးအခြေအနေတစ်ခုတွင် အပြုအမူတစ်ခု သင့်လျော် မသင့်လျော် ဆုံးဖြတ်ခြင်း
  • စာပိုဒ်တစ်ခုတွင် "တွေး"ဆိုသော စကားလုံး ဘယ်နှစ်လုံးရှိကြောင်း ရှာဖွေရေတွက်ခြင်း
  • အခြားလူတစ်ယောက်အား မိမိ၏ ဖုန်းနံပါတ်ပေးခြင်း
  • ကျပ်တည်းနေသော ကားရပ်နေရာတစ်ခုအတွင်းသို့ ကားဝင်ရောက် ရပ်နားထားရန် ပြုလုပ်ခြင်း
  • အဝတ်လျှော်စက်နှစ်ခု၏ ဈေးနှုန်းနှင့် အရည်အသွေး အချိုးအစားကို တွက်ချက်နှိုင်းယှဉ်ခြင်း
  • ရှုပ်ထွေးသော ယုတ္တိဗေဒကျိုးကြောင်းဆင်ခြင်မှုတစ်ခု၏ မှန်ကန်မှုကို ဆုံးဖြတ်ခြင်း
  • "၁၇ x ၂၄ = ..."ကို အဖြေရှာခြင်း

အစရှိသော ဖြစ်စဉ်များတွင် ပါဝင်သော တွေးခေါ်မှုပုံစံများကို ဆိုလိုခြင်း ဖြစ်သည်။

ကားနမဲန်က ဤတွေးခေါ်မှုပုံစံစနစ်နှစ်ခု၏ ကွဲပြားခြားနားမှုများကို လေ့လာသော စမ်းသပ်ချက်များကို ဤစာအုပ်တွင် ဖော်ပြသည်။ ထို့ပြင် တူညီသော အကြောင်းအရာများကို တွေးတောဆုံးဖြတ်သည့်အခါ၌ပင်လျှင် ဤတွေးခေါ်မှုပုံစံစနစ်နှစ်ခုမှ ကွဲပြားခြားနားသောရလဒ်များကို ပေးကြောင်းကို ဆန်းစစ်ရန် ရည်ရွယ်သည့် စမ်းသပ်မှုများစွာကိုလည်း ဖော်ပြသည်။ ဤစာအုပ်တွင် အဆက်အစပ်ရှိမှု (coherence)၊ အာရုံထားမှု (attention)၊ ပျင်းရိမှု (laziness)၊ ဆက်စပ်တွေးခေါ်မှု (association)၊ အလျင်စလိုကောက်ချက်ဆွဲမှု (jumping to conclusions)၊ "ငါသိတာငါမြင်တာနဲ့တင် ငါကောက်ချက်ဆွဲဖို့ လုံလောက်တယ်။"ဆိုသော သဘောထား (WYSIATI -What you see is all there is)[၅] စသည့် အယူအဆများနှင့် စကားလုံးများကို ဖော်ပြဆွေးနွေးထားသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. The New York Times Best Seller List – December 25, 2011။ 2020-07-29 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-08-17 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ Holt၊ Jim (2020-09-11)။ Two Brains RunningThe New York Times။ 2020-07-28 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  3. Daniel Kahneman (October 25, 2011)။ Thinking, Fast and Slow။ Macmillan။ ISBN 978-1-4299-6935-2April 8, 2012 တွင် ပြန်စစ်ပြီး
  4. Shaw၊ Tamsin။ "Invisible Manipulators of Your Mind" (in en)၊ 2017-04-20။ Archived from the original on 2020-07-28။ 
  5. What You See Is All There Is။ 2020-09-08 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-09-29 တွင် ပြန်စစ်ပြီး။