မြန်မာယွန်းထည်လုပ်ငန်း

ဝီကီပီးဒီးယား မှ

ပန်းဆယ်မျိုး တွင် တစ်မျိုးအပါအဝင်ဖြစ်သည်။ ယွန်းထည်ဟု ဆိုလိုက်လျှင် လက်ဖက်ဆီဝနေပြီးလျှင် နက်မှောင်ပြောင်လက်နေသည့် လက်ဖက်အုပ်ကလေးကို ပြေးမြင်မိသူက မြင်မိပေလိမ်မည်။ နှီးဖြင့် လည်းကောင်း၊ သစ်ပျော့ဖြင့်လည်းကောင်း ပြုလုပ်ထား၍ သစ်စေးသရိုးကိုင် ပန်းပြောက်ခြယ်ထားသော ယွန်းထည်များသည် မြန်မာ့ရိုးရာ အသုံးအဆောင်များတွင် အပါအဝင် ဖြစ်သည်။ ဖန်ထည်၊ မှန်ထည်၊ မြေထည်၊ ကြွေထည်၊ ပလပ်စတစ်ထည်များကို ခေတ်သုံးတွင်လျက်ရှိလင့်ကစား၊ ယွန်းထည် အသုံးသည် ယခုခေတ်တိုင် တိမ်ကောပျောက်ကွယ်ခြင်း မရှိသေးပေ။ ရှေးမြန်မာ မိသားစုတို့သည် ယွန်းဒေါင်းလန်းကြီးတွင် တစုတဝေး လက်ရေတပြင်စီး ထမင်းလက်ဆုံ စားခဲ့ကြသဖြင့် တစ်ဦးနှင့်တစ်ဦး ပို၍ ခင်မင်တွယ်တာကြသည်။ မိသားစုစိတ်ဓာတ် ပိုမိုခိုင်မြဲသည်ဟု ဆိုကြသည်။ ယွန်းရေခွက်ထဲမှ သောက်ရေသည် ပို၍ ရင်အေးသည်ဟု အယူ ရှိခဲ့ကြသည်။ ရုပ်စုံ ကွမ်းအစ်၊ ရုပ်စုံလင်ပန်း၊ ရွှေရေးပန်းစိုက်၊ ရွှေရေး ဆေးလိပ်ဗူး စသည်တို့သည် အိမ်ကျက်သရေဆောင် ပစ္စည်းများအဖြစ် ဝင့်ကြွားစွာ ရှိနေကြသည်။ တစ်ဦးနှင့်တစ်ဦး အမြတ်တနိုး လက်ဆောင်ပေးရသော ပစ္စည်းများ ဖြစ်နေကြသည်။ ကျေးလက်များတွင် မင်္ဂလာဆောင်နှင့် ရှင်ပြုအခမ်းအနား ဥပုသ်သီတင်း ဆောက်တည်မှု ပြုကြရာ၌ ဆွမ်းအုပ်၊ ဆွမ်း တောင်း၊ ဆွမ်းချိုင့်တို့သည် မပါမပြီးသော အသုံးအဆောင်များ ဖြစ်ကြပေသည်။

မြန်မာနိုင်ငံတွင် ယွန်းထည်များကို ပုဂံနှင့် ညောင်ဦး၊ မုံရွာခရိုင်အတွင်းရှိ ကျောက်ကာရွာနှင့် မောင်းထောင်ရွာများတွင် အများအပြား လုပ်ကိုင်ကြသည်။ ရှမ်းပြည်၊ ကျိုင်းတုံနယ်မှ အလှသုံး ရွှေချယွန်းထည်များ ထွက်သည်။ ယွန်းထည်ဟု သိမ်းရုံး၍ဆိုရလင့်ကစား ကျောက်ကာချိုင့်၊ မောင်းထောင်ခွက် စသည့်ဖြင့် ထွက်ရှိရာ အရပ်ဒေသကို အစွဲပြု၍ ခေါ်ဝေါ်ခြင်းလည်း ပြုကြသည်။ အခြေခံအားဖြင့် လုပ်ကိုင်ပုံ၌ စံနစ်ချင်းတူကြသော်လည်း မွမ်းမံပြင်ဆင်မှု၌ တစ်ရပ်နှင့်တစ်ရပ် တစ်ဒေသနှင့်တစ်ဒေသ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း၍ အနည်းငယ် ကွဲပြားခြားနားမှု ရှိလေသည်။ ပုဂံထွက် ယွန်းထည်များမှာ များသောအားဖြင့် တစ်ကြောင်းဆွဲ ဆေးသွင်း ပန်းချီပုံများဖြင့် ခြယ်လှယ်ထားသည်။ ကျောက်ကာထည်များသည် တောက်ပြောင်သော အနက်ရောင်၊ အနီရောင် ဗိန်းသက်သက်များ များပြားသည်။ ကျိုင်းတုံ ယွန်းထည်များမှာ ရွှေချရုပ်ကြွ၊ ပန်းကြွကလေးများဖြင့် မွမ်းမံထားလေသည်။

ဝေါဟာရရင်းမြစ်[ပြင်ဆင်ရန်]

ယွန်းဟူသော အခေါ်အဝေါ်သည် မြန်မာဝေါဟာရမဟုတ်ဟု ဆိုကြသည်။ ဘုရင့်နောင်မင်းတရားလက်ထက်က လည်းကောင်း၊ အနောက်ဘက်လွန်မင်းတရား လက်ထက်က လည်းကောင်း ဇင်းမယ်ကို အောင်နိုင်သောအခါ ဇင်းမယ်မှအနုပညာရှင်၊ အတတ်ပညာရှင်များသည် မြန်မာနိုင်ငံသို့ ပါလာကြသည်။ ယွန်းထည်ပစ္စည်းမျိုးသည် ရှေးကပင် မြန်မာနိုင်ငံ၌ ရှိကောင်းရှိမည် ဖြစ်သော်လည်း ဇင်းမယ်မှ အတတ်ပညာသည်များ ပါလာသောအခါ ထိုလုပ်ငန်းသည် မြန်မာနိုင်ငံ၌ ပို၍ ဖွံ့ဖြိုးလာခဲ့ဟန်တူပေသည်။ ရှမ်းပြည်၊ လဲချားနယ်သည် တခေတ်က ယွန်းထည်လုပ်ငန်း၏ အချက်အချာ ဖြစ်ခဲ့သည်ဟု ဆိုသည်။ ရှမ်းပြည် ယွန်းလုပ်ငန်းသမားတို့၏ အဆိုမှာ အနောက်ဘက်လွန်မင်းတရားလက်ထက် ဇင်းမယ်ချီတပ်များတွင် လဲချားမြို့စား၏ သားတော်နှစ်ပါး ကွပ်ကဲသော တပ်စုတပ်စိတ်များလည်း ပါသည်။ သားတော်ကြီးသည် ဇင်းမယ်သူနှင့် အကြောင်းဆက်၍ သားတယောက်ထွန်းကားသည်။ နောင်အခါ လဲချားမြို့စား၏ ရာထူးကို ဇင်းမယ်သူ၏ သားက ဆက်ခံရ သောအခါ အမိ၏အဆွေအမျိုး အိမ်ထောင်စုတို့ကို လဲချားသို့ ခေါ်ယူသည်။ ထိုအိမ်ထောင်စုတို့တွင် ယွန်းအတတ်ပညာသည်များဖြစ်သော ယွန်းကလောင် အမျိုးစုတို့ ပါသည်။ ယွန်းကလောင်တို့သည် မိမိတို့၏ လုပ်ကိုင်ရင်းစွဲအလုပ်ကို လဲချား၌လုပ်ကိုင်ခြင်းဖြင့် ယွန်းလုပ်ငန်းကို လဲချား၌ မျိုးစေ့ချသည်။ ယွန်းကလောင်၊ သို့မဟုတ် ယွန်းလူမျိုးတို့ လုပ်ကိုင်သော ပစ္စည်းများဖြစ်၍ ယွန်းထည်ဟု ခေါ်ဝေါ်ခဲ့ကြဟန်တူသည်။ ထိုလုပ်ငန်းသည် လဲချားမြို့၌ ထွန်းကားခဲ့သော သာဓကမှာ ဇင်းမယ်သူ၏သား အမိန့်ဖြင့် ယွန်းကလောင်တို့သည် စေတီတဆူ တည်ထားခဲ့ရာ ထိုစေတီ၌ မွမ်းမံအပ်သော နတ်၊ နဂါး၊ ဆင်ရုပ်၊ မြင်းရုပ် စသည်တို့ကို ယွန်းကလောင်တို့၏ အနုပညာ လက်ရာအတိုင်း တွေ့မြင်ကြရလေသည်။

သို့သော် ပုဂံခေတ်ကပင် ယွန်းထည် ပစ္စည်းများသည် ပုဂံပြည်သို့ ရောက်ခဲ့သည် ဟူသော အဆိုတရပ် ရှိပြန်သည်။ ပုဂံမြို့ မင်္ဂလာစေတီ၌ ခရစ် ၁၂၇၄ ခုနှစ်ခန့်က ခန့်မှန်းရသော ယွန်းကြုတ်တစ်ခုကို တွေ့ရသည် ဟုဆိုသည်။ ထိုကြောင့် ပုဂံပြည့်ရှင် အနော်ရထာမင်း လက်ထက်ကပင် ယွန်းအတတ်ပညာသည်များသည် ဇင်းမယ်နှင့်နီးစပ်သော သထုံပြည်သို့ ရောက်ရှိနေခဲ့ဟန်တူ၍ သထုံကို အနော်ရထာ သိမ်းပိုက်သောအခါ ထိုအတတ်ပညာသည်များလည်း ပုဂံသို့ ပါလာဟန်တူသည်။ အခြားအယူအဆတစ်ခုမှာ ယွန်းလုပ်ငန်း၏ မူလဘူတဖြစ်သော လောနိုင်ငံနှင့်ရှမ်းပြည်သည် နီးစပ်သဖြင့် ယွန်းလုပ်ငန်းသည် ရှမ်းပြည်သို့ ပျံ့နှံ့ရောက်ရှိခဲ့ရာ အနော်ရထာမင်းလက်ထက်တွင် ရှမ်းပြည်မှ ယွန်းအတတ်ပညာသည်များ ပုဂံသို့ ခေါ်ယူလုပ်ကိုင်စေခြင်းလည်း ဖြစ်နိုင်သည်ဟု ဆိုကြပြန်သည်၊ မည်သို့ပင်ဖြစ်စေ ပုဂံယွန်းထည်နှင့် လဲချားယွန်းထည်များ၏ မူလဘူတသည် တစ်ခုတည်းသာ ဖြစ်မည်ဟုယူဆရသည်။ အထက်မြန်မာနိုင်ငံနှင့် ရှမ်းပြည်မှ ယွန်းထည်များသည် ပုဂံသို့ ရောက်နိုင်၍ ပုဂံမှ ယွန်းထည်များသည် ရှမ်းပြည်သို့ အပြန်အလှန် ရောက်ရှိနိုင်ပေသည်။ လက်ရာများကို နှိုင်းယှဉ်ကြည့်သည့်အခါ လဲချားယွန်းထည်များသည် ပုဂံယွန်းထည်များကဲ့သို့ ပန်းချီပုံများဖြင့် ခြယ်လှယ်ခြင်း မပြုဘဲ နှီးဖြင့် ယက်လုပ်ထားသည့် အကွက်အဆင်အတိုင်းပေါ်အောင် သရိုးကိုင်ထားသည်။ ရှေးပုဂံယွန်းထည် များတွင် ထိုအကွက်အဆင်များကို ဆေးရောင်ဖြင့် လိုက်ထားသည်။ ထိုအချက်ကို ထောက်ရှု၍ လဲချားယွန်းထည်သည် ပုဂံယွန်းထည်ထက်ပို၍ ရှေးကျပြီးလျှင် ယွန်းအတတ်ပညာသည် လဲချားမှပုဂံသို့ ရောက်လာခြင်း ဖြစ်မည်ဟုလည်း ယူဆဖွယ်ရာ ရှိပေသည်။

ယွန်းလုပ်ငန်းကို ရှေးက ပန်းယွန်းဟုလည်း ခေါ်ကြသည်။ ယွန်းထည်လုပ်ကိုင်ရာ၌ မူလထား၍ အသုံးပြုရသော ပစ္စည်းများမှာ တင်းဝါး၊ သစ်စေးနှင့် ဟင်္သါပြဒါးတို့ ဖြစ်ကြသည်။ ယင်းတို့အနက် သစ်စေးသည် အခရာဖြစ်သည်။ သစ်စေးကို သစ်စေးပင်မှ ရရှိသည်။ သစ်စေးပင်သည် မိုးပါးသောဒေသများတွင် မြေပြင် အမြင့်ပေ ၃၅ဝဝ အထိ ပေါက်ရောက်သော သစ်တောများတွင် တွေ့ရှိရသည်။ သစ်စေးကို ထိုအပင်၏ အခေါက်မှ ရရှိသည်။ ဟင်္သါပြဒါး ကို တရုတ်နိုင်ငံမှ တင်သွင်းရသည်။ အရောင်တင်ရန်အတွက် ရှမ်းဆီကို အသုံးပြုကြသည်။ တင်းဝါးကို ရရှိရန် မခက်ခဲဘဲ တန်ဖိုးလည်း မများလှသော်လည်း သစ်စေးနှင့်ဟင်္သါပြဒါးမှာ တန်ဖိုးကြီးလှလေသည်။

ယွန်းထည်ပစ္စည်းများ လုပ်ကိုင်ပုံမှာ ဦးစွာ ဝါးကို ခွဲ၍ ဝါး၏အတွင်းအူသားနှင့် အကြောများကို ထုတ်ပစ်ပြီးလျှင် အတွင်းသားကို နှီးဖျာရသည်။ တင်းဝါးတစ်လုံးလျှင် သောက်ရေခွက်အလုံးအစိတ်ခန့် ရနိုင်၍ လက်ဖက်အုပ်ဆိုလျှင် ၁၅ လုံး ခန့်ရနိုင်လေသည်။ နှီးဖျာရာ၌ နှီးပြားနှင့် နှီးလုံးဖျာခြင်းဟူ၍ရှိသည်။ နှီးပြားကို လက်ဖက်အုပ်၊ ဆွမ်းအုပ်စသည်တို့ ပြုလုပ်ရာ၌ အသုံးပြု၍ နှီးလုံးကိုမူ ရေခွက်ရက်လုပ်ရာ၌ အသုံးပြုကြလေသည်။ ကွမ်းအစ်အတွက်ကိုမူ နှီးလုံးသုံးသူသုံး၍ နှီးပြားသုံးသူ သုံးကြသည်။ ရေခွက်များ ရက်လုပ်ရာတွင် သစ်သားဖြင့် ပြီးသောရေခွက် ပုံစံတွင်ကပ်၍ နှီးကိုရက်သည်။ ယင်းသို့ ရက်လုပ်သည်ကို လုပ်ငန်းအခေါ်အားဖြင့် 'ကြောင်လိမ်'ဟုခေါ်၍၊ ရက်လုပ်ပြီး အဖြူထည်များကို 'ခွက်ဖြူကြောင်လိမ်'ဟုခေါ်သည်။ ကွမ်းအစ်စသည်တို့ကို ရက်လုပ်ရာ၌မူ စပါးပုတ်တည်သကဲ့သို့ ရက်လုပ်ရသဖြင့် 'ပုတ်တည်သည်'ဟုခေါ်သည်။ လက်ဖက်အုပ်များ ပြုလုပ်ရာ၌မူ နှီးပြားကလေးများကို နာရီသံပတ်ခွေသကဲ့သို့ ရစ်ခွေ၍ အဆုံးသတ် နေရာတွင် သပ်ကလေးနှက်ရသည်။ ယွန်းသေတ္တာ၊ ယွန်းဆေးလိပ်ဗန်း (အချို့ အခေါ် ကျောက်ကာသေတ္တာ၊ ကျောက်ကာဗန်း)များကိုမူ ဝါးဖြင့် မရက်လုပ်ဘဲ ဘိုင်သား၊ သို့မဟုတ် ရေတမာသား၊ ဒီးဒူးသား စသည်တို့ဖြင့် အဖြူထည် ပြုလုပ်ကြသည်။ အဖြူထည်ပစ္စည်းများကို အဖုအထစ်မရှိအောင် ဓားဦးထက်ထက်ဖြင့် ခြစ်ပေးပြီးလျှင် သရိုးကြမ်းကိုင် (သရိုးကြမ်းဖြင့်သုတ်လိမ်း) ပေးရသည်။ သရိုးကြမ်းမှာ ကျွန်းလွှစာကို သစ်စေးနှင့် ရောပြီးလျှင် သစ်ဆုံတွင်ထည့်၍ ထောင်းတေထားခြင်းဖြစ်သည်။ ကျွန်းလွှစာသုံးခြင်းမှာ သားရိုးမြဲ၍ ကြာရှည်ခံရန်ဖြစ်သည်။ သားရိုးကြမ်းကိုင်သည်ကို သားရိုးကြမ်း 'ထေ'သည်ဟုလည်း ခေါ်သည်။

သရိုးကိုင်ပြီးနောက်တွင် သရိုး 'အိပ်'စေရန် တိုက်သိပ် (တိုက်သွင်း)ရသည်။ တိုက်သည်ဆိုခြင်းမှာ မြေအောက်တွင် မြေကိုတူး၍ အုတ် အင်္ဂတေ တို့ဖြင့် အခိုင်အမာ အခန်းပြုလုပ်ထားပြီးလျှင် အံဖုံးတံခါးလည်းရှိသော မြေတိုက်ထဲတွင် အဆင့်များ ပြုလုပ်ထား၍ သားရိုးကိုင်ပြီးသော အထည်များကို ဝါးကပ်များဖြင့် တင်ရသည်။ သားရိုးအိပ်အောင် တစ်ခါ တိုက်သွင်းလျှင် အနည်းဆုံးလေးရက်ထားရသည်။ သားရိုးအိပ်စေရန် နေလှန်း၍မရ။ အအေးခံထား၍လည်း မရချေ။ မြေတိုက်တွင်း၌ လှောင်နေသဖြင့် မြေခိုးရိုက်၍ ချွေးစီးပြန်သော အခြေအနေမျိုး၌သာ သရိုးအိပ်လေသည်။ လေးရက်စေ့၍ မြေတိုက်မှ ထုတ်ယူပြီးသောအခါ သရိုးကြမ်းကိုင် ထားသည်များကို ဓားကောက်ဖြင့်ခြစ်၍ ညှိပေးရသည်။ ယင်းသို့ အဖုအထစ်များ ချောသွားအောင် ညှိပေး ခြင်းကို 'ချောစား'သည်ဟုခေါ်သည်။ ချောစားပြီးလျှင် သားရိုးပျော့ သုတ်ရပြန်သည်။ သားရိုးပျော့သည် နုံးဖွဲပြာမှုန့်နှင့် သစ်စေးတို့ကို ရောတေ ထားခြင်းဖြစ်၍ သရိုးပြာဟုလည်း ခေါ်သည်။ သားရိုးပြာ သုတ်လိမ်းပြီးနောက်တွင် တိုက်သွင်းရပြန်သည်။ ရက်စေ့လျှင် ထုတ်၍ ချောစားရပြန်သည်။ သရိုးကိုင်ခြင်း ပြီးလျှင် တိုက်သိပ်၍ ရက်စေ့ပြန်လျှင် ထုတ်ပြီး ချောစားခြင်း စသော လုပ်ငန်းအဆင့်ဆင့်ကို လေးကြိမ်ထက်မနည်း ပြုလုပ်ရသည်။ တဆင့်ပြီးတဆင့် တက်လာလေ၊ သရိုးကိုင်ခြင်း၊ ချောစားခြင်းတို့ကို ပို၍ နုနုနယ်နယ် ကိုင်ရလေ ဖြစ်သည်။ အထည်နုလေ၊ လုပ်ငန်းအဆင့် ပိုများလေ၊ ပို၍ နုနုနယ်နယ် ကိုင်ရလေဖြစ်သည်။ ပုံစံအားဖြင့် သရိုးကိုင်ရာတွင် အသုံးပြုသော ပြာသည် အထည်အကြမ်း အနုလိုက်၍ နွားချေး၊ စပါးခွံ၊ အရိုး စသည်တို့ကို ပြာချ အသုံးပြုသကဲ့သို့ ချောစားရာ၌ အသုံးပြုသော ပစ္စည်းများသည်လည်း တဆင့်ထက် တဆင့် နုလာသည်။ ထို့ကြောင့် ဓားဖြင့် ခြစ်ခြင်း၊ စပါးခွံနှင့် ရေကိုသုံး၍ တိုက်စားခြင်း၊ တောင်ဦးကျောက် (မိုးပါးရေရှားရပ်ဝန်း၌ တွေ့ရတတ်သော ကျောက်ပွတမျိုး)ဖြင့် တိုက်စားခြင်းဟူ၍ အဆင့်ဆင့် ရှိသည်။ ချောစားရာ၌ ပန်းပွတ်ခေါ် လက်ဖြစ်ပွတ်ခုံနှင့် တွဲဖက်လုပ်ကိုင် ရသည်လည်း ရှိသည်။ ပုံစံအားဖြင့် ရေခွက်ကို ချောစားသည့် အခါ ပွတ်စင်တွင် ရေခွက်နှင့်အံကိုက်ပြုလုပ်ထားသော ပွတ်လုံးတွင် ရေခွက်ကို တပ်ထားသည်။ တောင်ဦး ကျောက်ခဲတုံး ကို လက်တဖက်က ကိုင်၍ ရေခွက်ပေါ် ဖိထားရသည်။ ကျန်တဖက်က ကြိုးသိုင်းထားသော တုတ်ချောင်းကို ရှေ့တိုး နောင်ငင် တွန်းပေးရသည်။ ပွတ်လုံးကို ကြိုးက ကြက်ခြေခတ် သိုင်းထားသဖြင့် တုတ်ချောင်းကို ရှေ့တိုးနောက်ငင် ပြုလုပ်ပေးသောအခါ ပွတ်လုံးသည် လည်လာ၍ ရေခွက်လည်း မညီ မညွတ်သော သားရိုးများကို ဖိ၍ ဖိ၍ ညှိပေးရလေသည်။ ခွက်ဖြူ ကြောင်လိမ်များကို သစ်စေးထေခြင်း၊ ဓားကောက်ခြစ်ခြင်း၊ ချောစားခြင်း၊ တိုက်သိပ်ခြင်း စသည့် လုပ်ငန်းများကို အနည်းဆုံး လေးကြိမ်လုပ်ကိုင်ပြီးနောက် ဟင်္သါပြဒါးကို လိုအပ်သလို သုတ်လိမ်း၍ လေးညဉ့်ထက် မနည်း တိုက်သိမ်းခြင်းကို နှစ်ကြိမ်တိုင် ပြုရသည်။ ဟင်္သါပြဒါးသုတ်သည်ဆိုရာ၌ ဟင်္သါ ပြဒါးချည်း သက်သက် သုံးရသည်မဟုတ်ချေ။ သာမန်ရောသည့် ဆနှုန်းမှာ ဟင်္သါပြဒါး တဆယ်သားလျှင် သစ်စေး ရှစ်ကျပ်သား ရောရသည်။ အနီရောင် ယွန်းထည်များ မဟုတ်လျှင် အတွင်းဘက်၌သာ ဟင်္သါပြဒါးသုတ်သည်။ နောက်ဆုံးအကြိမ် သရိုးကိုင်ခြင်း၊ ဟင်္သါပြဒါး သုတ်ခြင်းတို့ကို ပြုလုပ်သည့်အခါ အရောင် တောက်ပြောင်စေရန် သစ်စေး၊ ဟင်္သါပြဒါးတို့တွင် ရှမ်းဆီ အနည်းငယ်ကို ထည့်ပေးရသည်။ ဟင်္သါပြဒါး အသုံးများသည့် အလျောက် ယွန်းထည်၏တန်ဖိုး တက်သွားသည်။ ထိုကြောင့် အနက်ရောင် ယွန်းထည်များထက် အနီရောင် ယွန်းထည်များက ပို၍ ဈေးများလေသည်။

ထိုအဆင့်မှ လွန်သောအခါ မွမ်းမံသည့်အဆင့်သို့ ရောက်သည်။ ပုဂံ၊ ညောင်ဦး ယွန်းထည်များတွင် ယွန်းထိုးသည့်အဆင့်သို့ ရောက်ပေပြီ။ ယွန်းထိုးသည် ဆိုသည်မှာ ဖော်ပြခဲ့သော လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ပြီးသည့် အထည်များတွင် တစ်ကြောင်းဆွဲ ပန်းချီပုံစံများဖော်ခြင်း ဖြစ်ပေသည်။ ပန်းချီပုံဖော်သူများကို ယွန်းသမားဟု ခေါ်သည်။ ယွန်းထိုးမည့် အထည်များပေါ်တွင် သံစုတ်ဖြင့် ခြစ်ကာ ပုံဖော်ရသည်။ များသောအားဖြင့် အစဉ်အလာ ရေးရိုးပြုကြသော ဇာတ်နိပါတ်များမှ ထုတ်နုတ်ဖော်ပြသည့် ဘုရင်မိဖုရား၊ မင်းညီ မင်းသား စသည်တို့နှင့် မင်းခမ်းမင်းနားတို့ ပါဝင်သော ပန်းချီခန်းများ၊ ခြူးပန်း၊ ခြူးနွယ်၊ ကြာလိပ်၊ ကြာခွေများ၊ ဆဲ့နှစ်ရာသီခွင်အရုပ်များ၊ နဂါး၊ ဂဠုန်၊ ကိန္နရီ ကိန္နရာ၊ ဆင်မြင်းစသော တိရစ္ဆာန်များ၏ ပုံများကို တစ်ကြောင်းဆွဲ မျဉ်းဖြင့်ပုံဖော်သည်။ ထိုနောက် ပုံဖော်ထားသော ခြစ်ကြောင်းကလေးများထဲသို့ အသင့် ဖျော်ထားသော ဆေးရည်ဝင်အောင် သုတ်လိမ်းပေးရသည်။ ဆေးသွင်းသည်ဟု ခေါ်သည်။ သွင်းသည့် ဆေးအရောင်တို့မှာ အဝါ အနုအရင့်၊ အနီ၊ အစိမ်းဟူ၍ လေးရောင်မျှသာ ဖြစ်သည်။ ဆေးဒန်းကို ဖျော်လျှင် အဝါနုရောင်ရ၍ ဆေးဒန်းနှင့်ဟင်္သပြဒါး စပ်၍ ဖျော်လျှင် အဝါရင့်ရောင်၊ သို့မဟုတ် စံကားဝါရောင်ရသည်။ အနီရောင်အတွက် ဟင်္သပြဒါးကို ဖျော်ရသည်။ ဆေးရောင်လေးမျိုးကို တစ်ကြိမ်တည်း မသွင်းပေ။ ဆေးရောင်တစ်မျိုးနှင့်ဆိုင်သောပုံများကို ရေးခြစ်ပြီး၍ ဆေးတစ်ရောင် သွင်းပြီးလျှင် တိုက်တစ်ခါသွင်းသည်။ ရက်စေ့လျှင်တိုက်မှထုတ်ကာ နောက်ထပ် ဆေးတစ်ရောင်သွင်းမည့် ပန်းချီပုံများကို ခြစ်ကြောင်းပေး၍ ဆေးသွင်းပြန်သည်။ အထည်၌ ပုံဖော်သည့် ပန်းချီခန်းများ၌ ဆေးရောင်တစ်မျိုး သုံးလျှင် တစ်ထပ်ယွန်း၊ နှစ်မျိုးသုံးလျှင် နှစ် ထပ်ယွန်း၊ သုံးမျိုးသုံးလျှင် သုံးထပ်ယွန်း စသဖြင့် ခေါ်သည်။ အရပ်သုံးဝေါဟာရအားဖြင့်မူ တစ်စုတ်ထိုး၊ နှစ်စုတ်ထိုး၊ သုံးစုတ်ထိုး စသည်ဖြင့် သုံးနှုန်းကြသည်။

ခြစ်ကြောင်းများအတွင်းသို့ ဆေးသွတ်သည့်အခါ ခြစ် ကြောင်းများသည် မြောင်းကလေးများသဖွယ် ချိုင့်ဝင်နေသဖြင့် ဆေးတင်၍ ကျန်ရစ်သည်။ ကျန်မျက်နှာပြင်တွင် ပေကျံ နေသော ဆေးများကို သုတ်ပစ်ရသည်။ ရုပ်ပုံများ၊ ပန်းလိမ်ပန်းခက်များ၊ ဓနုကွက်များ ဖော်ရာ၌ အသေအချာ ပန္နက်ပုံမချဘဲ လက်မှန်းဖြင့် ရေးခြယ်သွားပုံမှာ သေချာကျနစွာ အတိုင်းအတာ ချ၍ ရေးခြယ်သကဲ့သို့ အထည်၏ပုံပန်းသဏ္ဌာန် အနေအထား၊ ပမာဏနှင့်လျော်စွာ အံဝင်ခွင်ကျ ဖြစ်အောင် ရေးသားနိုင်သည်မှာ ချီးကျူးဖွယ်ရာ ဖြစ်သည်။ ပုံစံမှာ ရေခွက်တစ်လုံးတွင် ဆယ့်နှစ်ရာသီခွင်အတွက် ဓနုကွက် ၁၂ ကွက်ကို ရေခွက်၏ပမာဏ၊ ရေခွက်၏အနေအထားဖြင့် ကိုက်ညီအောင် ရေခွက်ပတ်လည်၌ အကွက် ၁၂ ကွက် အညီအညွတ် ပေါ်စေရန် လက်မှန်းဖြင့် ပုံဖော်နိုင်ကြသည်။ ကွမ်းအစ်တစ်လုံးမှ ပန်းချီခန်းနှင့်အခြားတစ်လုံးမှ ပန်းချီခန်းတို့သည် လက်ဖြင့်ရေး ထားလင့်ကစား တစ်ခုနှင့်တစ်ခု ရွေးမရလောက်အောင် တူလှသဖြင့် စက်ဖြင့် ရေးလေသလောဟု ထင်မှားဖွယ်ရှိလေသည်။

ရွှေယွန်းရေးဟုလည်း ခေါ်သော ရွှေဇဝါထည်များကိုမူ သံစုတ်ဖြင့် ယွန်းမထိုးချေ။ အရောင်တင် သစ်စေး ကိုင်ပြီးလျှင် အနက်အောက်ခံပေါ်၌ ဆေးဒန်းနှင့် တမာစေးကောက်ကို ဖျော်၌ စုတ်အနုကလေးဖြင့် ခြူးပန်း ခြူးနွယ်၊ ကြာခွေကြာ လိပ်ရေးခြင်း၊ ဓနုကွက်ဆင်ခြင်းများကို ပြုလုပ်ပြီး သည့်အခါ ရွှေပိန်းချသည်။ ပြီးမှ ရေဖြင့် ဆေးချလိုက်လျှင် မူလပန်းပုံစံများတွင်သာ ရွှေများတင်၍ ကျန်ရစ်ပြီးလျှင် ရွှေရောင်တဝင်းဝင်းဖြင့် လှပသော ရွှေဇဝါထည်များ ဖြစ်လာကြလေသည်။ ဆေးလိပ်သေတ္တာ၊ ဆေးလိပ်ဗန်းကလေးများ၊ လင်ဗန်းကလေးများကို သင်္ဘောဆေးဖြင့် ပန်းပုံစံများ ခြယ်လှယ် မွမ်းမံခြင်းလည်း ပြုကြသည်။ သင်္ဘောဆေးဖြင့် ရေးခြယ်ခြင်းမှာ အထက်ဖော်ပြခဲ့သော မွမ်းမံနည်း နှစ်မျိုးလောက် လက်မဝင်လှဘဲ ထိုအထည်မျိုးမှာ တန်ဖိုးလည်း မများလှပေ။ ယွန်းထည်လုပ်ငန်းသည် တဆင့်ပြီးလျှင် တိုက်သွင်း၊ တိုက်ပိတ်ပြုရခြင်း၊ အထည်နု အထည်ချောလေ လုပ်ငန်းအဆင့်များလေဖြစ်ရာ အချို့အထည်နုများဆိုလျှင် လုပ်ငန်းအဆင့်ပေါင်း ၂၆ ဆင့်ထက် မနည်းရှိ၍ အချိန်ကာလအားဖြင့် ငါးလ၊ ခြောက်လခန့်ပင် ကြာတတ်လေသည်။ သာမန်ရောင်းတန်း အထည်များသည်ပင် တစ်လခွဲ၊ နှစ်လခန့် ကြာတတ်လေသည်။ ပုဂံယွန်းထည်သမားများသည် မိမိတို့အထည်များကို ပေါ့နိုင်သမျှ ပေါ့အောင် ကြံဆလျက် ရှိကြသည်။ ရှေးက ဝါးနှီးကို အလွန်နုအောင်စိတ်ဖျာ၍ ရက်လုပ်ခဲ့ကြရာ အလွန် ပေါ့ပါး ပျော့ပျောင်း၍ ချိုးခေါက်၍ပင် ရနိုင်သည်ဟု ဆိုကြသည်။

ကျိုင်းတုံယွန်းထည်များသည် ရွှေဖြင့်မွမ်းမံထားသော အထည်များ ဖြစ်သော်လည်း ပုဂံ ရွှေဇဝါထည်များနှင့်မူ မတူချေ။ ပုံစံ ဒီဇိုင်းသည်လည်း မြန်မာယွန်းထည်များနှင့် ခြားနားသည်။ ကျိုင်းတုံထည်များမှာ ရွှေချထားသော ရုပ်ကြွ ပန်းကြွများဖြင့် တန်ဆာဆင်ထား၍ ကြွကြွရွရွဖြင့် တမျိုး တဖုံ လှပလေသည်။ ထူးခြားသည့်အချက်မှာ ကျိုင်းတုံနယ်သည် ယွန်းထည်များ၏ မူလဘူတဖြစ်သော လောနိုင်ငံနှင့်နီးလင့်ကစား လဲချားယွန်းထည်များ၏ လုပ်နည်းလုပ်ဟန်ကိုသာ ဆက်ခံလုပ်ကိုင် ကြလေသည်။ ယွန်းထည်လုပ်ငန်းနှင့်ဆက်စပ်နေသော မြန်မာလက်မှု အနုပညာတစ်ရပ်မှာ မှန်စီရွှေချလုပ်ငန်း ဖြစ်သည်။ မှန်စီရွှေချအတတ်သည် ယွန်းထည်၊ သစ်ပန်းပုထည်များကို ဆက်လက် မွမ်းမံသောလုပ်ငန်းဖြစ်သည်။ ယွန်းထည်ကို မှန်စီရွှေချ လုပ်ကိုင်ရာ၌ ယွန်းထည်၏ လုပ်ငန်းအဆင့်ဆင့် အတိုင်း သစ်စေးနှင့် သရိုးကို လုပ်ငန်း အဆင့်ဆင့်အတိုင်း သစ်စေးနှင့်သားရိုးကို အခြေခံ အသုံးပြုရသည်။ ထိုလုပ်ငန်းတွင် အပိုင်းကြီး ငါးပိုင်း ခွဲခြားနိုင်ရာ၊ (၁) ပြာတိုင်၊ ကျောက်တိုက်၊ သစ်ဆေးသုတ်ခြင်း၊ (၂) ကြိုးခင်းခြင်း၊ (၃) ပန်း၊ အရုပ်ဖော်ခြင်း၊ (၄)မှန်စီခြင်းနှင့် (၅) ရွှေချခြင်းအပိုင်းတို့ဖြစ်သည်။

(၁) ပြာတင်၊ ကျောက်တိုက်၊ သစ်စေးသုတ်ခြင်း မှန်စီရွှေချ ပြုလုပ်မည့် အထည်တို့ကို ရှေးဦးစွာ အချော တိုက်ပေးရသည်။ စောင်းကဲ့သို့ ပစ္စည်းမျိုးဆိုလျှင် စပါးဖွဲကြမ်းကို ပြာချ၍ သစ်စေးစိမ်းနှင့်ရောကာ အထည်တစ်ခုလုံးကို သုတ်ပေးရသည်။ ယင်းသို့ ပြုလုပ်ခြင်းကို ပြာတင်သည်ဟု ခေါ်သည်။ အချို့အထည်များကိုမူ သစ်စေးသုတ်လိုက်၊ ပြာဖြူးလိုက်ဖြင့် တစ်ထပ်စီ ပြာတင်ခြင်း ပြုရသည်။ သစ်သားပန်းပု ထည်များကိုမူ သစ်သားရှိ အနာအဆာပေါက်များ ပိတ်ဆို့ ချောမော သွားစေရန် 'သုံးဦးစပ်'ဖြင့် ထေပေးရသည်။ 'သုံးဦးစပ်'ဆိုသည်မှာ သစ်စေးစိမ်း၊ လွှစာမှုန့်နှင့်ထမင်းရည်တို့သုံးမျိုးကို စပ်၍ ထောင်းတေထားခြင်း ဖြစ်၍ 'ထောင်းသရိုး'ဟုလည်း ခေါ်ကြသည်။ ထောင်းသရိုးနှင့် ထေး၍လည်းကောင်း၊ ပြာတင်ပြီးလျှင်လည်းကောင်း သစ်စေအိပ်စေရန် တိုက်သွင်းရသည်။ သစ်စေးအိပ်လောက်သည့်ရက်တွင် ပြန်ထုတ်၍ ကျောက်ပွဖြင့်ချောစားရသည်။ အထည်ကောင်းသည်ထက် ကောင်းစေလိုလျှင် ကျောက်တိုက်ပြီးလျှင် တဖန်ပြန်၍ သစ်စေး သုတ်ပေးရပြန်သည်။

(၂) ကြိုးခင်းခြင်း ယွန်းထည်များပေါ်တွင် ပန်းများ၊ အရုပ်များ ကြွကြွရွရွ ပေါ်လွင်လာစေရန် သရိုးဖြင့် ပုံဖော်ခြင်းကို ကြိုးခင်းသည်ဟု ခေါ်သည်။ ကြိုးခင်းရန်အတွက် တေသရိုးကို ဖော်စပ်ရသည်။ စင်စစ်အားဖြင့် သားကောင်၏ အရိုးကို ပြာချအမှုန့်ပြု၍ သစ်စေးနှင့် ရောစပ်ထားခြင်းကို သရိုးဟုခေါ်ဆိုခဲ့သည်။ သို့သော် သားကောင် အရိုးမှုန့်ဖြင့် ပြုလုပ်သောသရိုးသည် အလွန်မာလွယ်သဖြင့် နွားချေးပြာမှုန့်ကို အစားထိုး အသုံးပြုခဲ့ကြသည်။ တေသရိုး ပြုလုပ်သည့်အခါ သစ်စေအစိမ်းကိုကျို၍ နွားချေးပြာကို အနေတော်ချိန်ဆထည့်ပြီးလျှင် သမအောင် တေပေးရသည်။ ထိုအခါ လိုသလို ကိုင်တွယ်၍ ရသော ပျော့ပျောင်းသည့်သရိုး ဖြစ်လာသည်။ ထိုသရိုးသည် ဖော်စပ်သည့်နေ့၌ ပျော့ပျောင်း၍ လိုသလို ကွေးညွတ်တွန့် ကောက်၍ ပုံဖော်နိုင်သော်လည်း နေ့ကူးသွားလျှင် သံချောင်းကဲ့သို့ မာကျောသွားသဖြင့် သရိုးကို တစ်နေ့စာအတွက်သာ ဖော်စပ်ကြသည်။ ပုံဖော်သည့်အခါ တေသရိုးကို ရှေးဦးစွာ သစ်သားကျစ်ပြင်ပေါ်တွင် လက်ဝါးစောင်းနှစ်ဖက်ဖြင့် ကြိုးဖြစ်လာအောင် လွန်းယူရသည်။ သားရိုးကြိုး အရွယ်အစား အနေတော်ရအောင် ပိတောက်သားဂျပ်ဖြင့် ပွတ်လှိမ့်ဆွဲငင်ပေးရသည်။ အသုံးနှင့်အညီ ရနိုင်အောင် သရိုးကြိုးအရွယ်မျိုးစုံ ခွဲခြားပြုလုပ်၍ တစ်ပုံစီထားရသည်။ အချို့ကို တန်းကြိုးနေရာ၌ အသုံးပြုနိုင်ရန် ရိုးရိုးလုံးချော မဟုတ်ဘဲ ပုလဲလုံးကလေးများ သဏ္ဌာန် 'ရွဲပုံ' နှိပ်ပေးရလေသည်။ သရိုးကြိုးများ ပြည့်စုံ၍ အထည်တစ်ခု ကြိုးခင်းတော့မည် ဆိုလျှင် ရှေးဦးစွာ သစ်စေးအခံ သုတ်ပေးရသည်။ ပြီးနောက် ရွဲပုံနှိပ်ထားသော တန်းကြိုးများကို စ၍ ခင်းသည်။ ကြိုးခင်းခြင်းသည် သားရိုးကြိုး များကို သစ်စေးအခံပေါ်တွင် လက်သဲစောင်းဖြင့်နှိပ်၍ လကျာ်မှလက်ဝဲသို့ တစ်စတစ်စ ကပ်ပေးသွားရခြင်း ဖြစ်သည်။ တန်းကြိုးများသည် ပန်းများကို တစ်ကန့်စီ နယ်နိမိတ် သတ်မှတ်ပေးလေသည်။

(၃) ပန်း၊ အရုပ်ဖော်ခြင်း တန်းကြိုးများအတွင်း ပန်းကြိုးခင်းပုံမှာ စိတ်ကြိုက် အကျော်အနင်း ပန်းသွားကို ပဌမ စက္ကူပေါ်၌ ရေး၍ ရွေးချယ်သည်။ ထိုနောက် သစ်ဆေးပေါ်၌ လက်သဲစောင်းဖြင့် လျာထားသတ်မှတ်၍ ပန်းတခုနှင့်တခု အကွာအဝေး ညီညွတ်သည့်အခါမှ သားရိုးကြိုးစကိုယူကာ သစ်စေးအခံပေါ်တွင်ကပ်၍ ပန်းကြိုး ခင်းသွားလေသည်။ ကြိုးခင်းမဟုတ်ဘဲ ရောင်းတန်း ပယွန်းထည်များ၌ ထည့်သော သားရိုးပန်းများကို လက်လုပ်ပန်းဟု ခေါ်သည်။ လက်လုပ်ငန်းဖော်ပုံမှာ တေ သားရိုးကို လက်ညှိုးဖြင့် လှိမ့်ယူ၍၊ ကျွဲချိုဖြင့် ဓားမောက်သဏ္ဌာန် ပြုလုပ်ထားသော 'ဒန်'ဟုခေါ်သည့် ဓားကို အသုံးပြုကာ ဓားအမြီးဖြင့် တစ်လှည့်၊ ဓားသွားဖြင့် တစ်လှည့် နှိပ်၍ ပန်းဖော်သည်။ ယွန်းအုပ်များတွင် ထိုကဲ့သို့ လက်လုပ်ပန်းများ ထည့်လေ့ရှိသည်။ အရုပ်များ ဖော်မည်၊ မှန်များစီမည်ဆိုလျှင် ကြိုးခင်းကတည်းက တိုင်းတာ၍ နေရာသတ်မှတ် ချပ်လှပ်ထားရသည်။ မှန်မစီဘဲ ပန်းချည်းသက်သက် ဖော်ထားလျှင် ကြိုးနုခင်းသည်ဟုခေါ်သည်။

(၄) မှန်စီခြင်း ဖြတ်ထားပြီး မှန်ချပ်ကလေးများကို ထိပ်တွင်သားရိုး အနည်းငယ်ပါသော တုတ်ကလေးဖြင့် တို့ယူပြီးနောက် ကြိုး ခင်းသူ ချန်လှပ်ထားသော နေရာများတွင် သစ်စေးအခံပေါ်၌ ကပ်ပေးရသည်။ ဆစ်တန်းဟုခေါ်သော မှန်ကလေးများသည် အလျားရှည်၍ အနံတိုသည်။ မှန်ကလေးများဖြင့် အပွင့် ပြုလုပ် လျှင် ခြယ်သည်ဟု ခေါ်သည်။ အပွင့်ခြယ်ရာ၌ အလယ်တွင် ကျောက်ပြာထည့်လျှင် ဘေးမှ ကျောက်ဖြူဖြင့် ရံပေးရသည်။ ပုလဲ၊ ပလာဖြူ၊ ပြောင်ပြာ၊ မန်းကျဉ်းရွက်၊ ခြောက်ကွက်တွက် စသည်ဖြင့် ကျောက်တုမျိုးစုံရှိသည်။ အစီအခြယ်သမားများသည် အသွေးအရောင်လိုက်လျောမှု၊ ဆန့်ကျင်မှု၊ တောက်ပမှုတို့ကို နားလည်၍ ပန်းချီမျက်စိရှိရန် လိုလေသည်။

(၅) ရွှေချခြင်း မှန်မစီဘဲ ကြိုးနုခင်းသည့် ယွန်းထည်ဖြစ်လျှင် ကြိုးခင်းပြီး၍ သုံးလေးရက်အတွင်း ကြိုးဖုံးရည် သုတ်ပေးရသည်။ သို့မှသာ ပန်းများ ခိုင်မြဲသည်ဟုဆိုသည်။ မှန်စီထည်ဖြစ်လျှင် မှန်ဖုံးရည် သုတ်ရသည်။ သို့မှသာ ရွှေချပြီးသောအခါ မှန်ခွာ၍ လွယ်သည်။ ကြိုးဖုံးရည်၊ မှန်ဖုံးရည်တို့သည် သစ်စေးကို ရေ ရောထားခြင်း ဖြစ်သည်။ ထိုအရည်များ သုတ်ပြီးလျှင် တိုက်သွင်း၍ အိပ်အောင်ထားရသည်။ အရောင်ရည်များ ထပ်တလဲလဲ သုတ်၍ စိတ်ကြိုက်အရောင်တက်လာသောအခါ နောက်ဆုံးဖြစ် သော ရွှေခံရည်ကို သုတ်ရသည်။ ရွှေခံရည်သည် စံကားဝါရောင် ဆေးကို ရေနွေးဖျော၍ သစ်စေးနှင့်ရောထားခြင်းဖြစ်သည်။ ရွှေခံရည်မသုတ်မီ သစ်စေး သုတ်ပြီးတိုင်း တိုက်သွင်းရသည်။ မြေတိုက်မှထုတ်တိုင်း ပန်းများလွတ်သော နေရာပြောင် ကွက်လပ်များကို ကျောက်တိုက်ပေးရသည်။ ရွှေခံရည်သုတ်ပြီးလျှင်မူ ကျောက်မတိုက်ရတော့ပေ။ ရွှေခံရည် အိပ်သောအခါ ရွှေချမည့်နေရာလွတ်ဟူသမျှကို ဟင်္သပြဒါးနှင့်သစ်စေးရော၍ သုတ်ရသည်။ သစ်စေး၏ သဘာဝမှာ သစ်စေးစစ်လျှင် ကျဲ၍ ရေရောလေ ပျစ်လေဖြစ်သည်။ ရွှေချမည့် သစ်စေးမှာ အစေးနည်းရန် ရေရောထားသဖြင့် အလွန်ပြစ်သည်။ ယင်းကို ဂွမ်းဖြင့် တို့မရသည့် နေရာများကို ဝက်မွေးစုတ်တံနှင့် ခပ်ပေးရသည်။ ထို့နောက် ထိုနေရာများတွင် သစ်စေးပြောင်သွားအောင် ဂွမ်းဖြင့်ပင် ပွတ် ပေးရသည်။ ယင်းသို့ သစ်စေးကို ဂွမ်းဖြင့် သုတ်ပြန်၍ ပွတ်ခြင်းကို 'အသုတ်အနုတ်'ပြုသည်ဟု ခေါ်သည်။ စင်စစ်အားဖြင့် ရွှေချခြင်းသည် သစ်စေးအငွေ့ကလေးမျှဖြင့် ကပ်နေစေခြင်း ဖြစ်ပေသည်။ သစ်စေးသုတ်နုတ်ထားသော နေရာများတွင် ရွှေဆိုင်းပြားများကို တစ်ခုချင်းစီ၍ ကပ်သည်။ ဂွမ်းဖြင့် ဖိပေးသည်။ ရွှေပေါက်သော နေရာများကို ဖာထေးရသည်။ ရွှေအဆိုင်းလိုက် မဝင်သာသော ပန်းများနေရာတွင် နွားနားမွေး စုတ်ဖြင့် ရွှေတို့ကို ယူရသည်။ ပြီးနောက် ဖြူစင်သော ဂွမ်းဖြင့် ရွှေချထားပြီးသော နေရာများကို ခပ်ဖွဖွပွတ်ပေးခြင်းဖြင့် ရွှေရောင် ဝင်းလက် တောက်ပြောင် စေလေသည်။ ကျိုင်းတုံ ရွှေချယွန်းထည်များ၏ လုပ်နည်းလုပ်ဟန်သည် ထိုအတိုင်းပင် ဖြစ်ပေမည်။

မှန်စီရွှေချရာတွင် အောက်ခံယွန်းထည် သစ်သားထည်များကို အပေါက်အပဲ့၊ အဖုအထစ် မရှိရအောင် ဖာထေးပြုပြင်ရသည်။ ပြီးလျှင် သစ်စေး၊ သားရိုးနှင့်အခံရည်တို့ကို အထပ်ထပ် သုတ် ပေးခြင်းဖြင့် အောက်ခံ အထည်များကို ပိုးမွှားဖျက်ဆီးခြင်း၊ ရာသီဥတုဒဏ်ခံရခြင်းတို့မှ ကာကွယ်ပေးသည်။ ထို့ကြောင့် မှန်စီရွှေချခြင်းသည် ယွန်းပညာရှင်၊ ပန်းပုပညာရှင်တို့၏ လက်ရာများကို ကာလရှည်ကြာစွာ ခိုင်ခံ့စေသည်။ ရွှေရောင် မှန်ရောင် တဝင်းဝင်းဖြင့် တမျိုးတဖုံ ခန့်ညားတင့်တယ် စေလေသည်။ ယွန်းထည်များ၌၎င်း၊ မှန်စီရွှေချထည်များ၌၎င်း ခြူးပန်း ခြူးနွယ်များ၊ ဘုရင်၊ မိဖုရား၊ မင်းညီမင်းသားအရုပ်များ၊ ဂဠုန် နဂါးအစရှိသော အရုပ်များဖြင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အနုပညာရပ်များကို ရှုချင်စဖွယ် မွမ်းမံတန်ဆာဆင်ထားသည်။ ထို့ကြောင့်ပင် မြန်မာမှု လိုလားသူတို့သည် ယွန်းထည်များကို မြတ်နိုး ခုံမင်ကြသည်။ ထိုသို့ ယဉ်ကျေးမှု အနုပညာသရုပ်ပြ ယွန်းထည်၊ မှန်စီရွှေချထည်များကား အလွန် လက်ဝင်လှသည်။ အနု စိတ်လှသည်။ လုပ်ငန်းကျယ်ပြန့်လှသည်။ အချိန်ကုန်လှသည်။ ထို့ကြောင့် ထိုလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းသူ ပညာရှင်များမှာ မသေရုံစား၍ မအားရုံ နေရလင့်ကစား၊ ရိုးရာ လုပ်ငန်းကို မြတ်နိုးတွယ်တာစွာဖြင့် ယခုကဲ့သို့ ထိန်းသိမ်းထားနိုင်သည်မှာ ခြီးကျူးဖွယ်ရာ ဖြစ်ပေသည်။ မြန်မာအစိုးရသည် ယွန်းလုပ်ငန်းကို တိုးတက်စေ၍ အရှည်တည်တံ့စေရန် ပုဂံမြို့တွင် ယွန်းကျောင်း ဖွင့်လှစ်ထားပြီးလျှင် ယွန်းလုပ်ငန်းဖြင့် အသက်မွေးကျောင်းလိုသူတို့ကို ထိုကျောင်း၌ တက်ရောက် သင်ကြားခွင့်ပြုလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)