မြန်မာဘလော့များ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မြန်မာဘလော့များသည် ယေဘူယျအားဖြင့် ၂၀၀၅ခုနှစ် တွင် စတင်ခဲ့သည်။ သို့သော် မြန်မာဘလော့များ ၏ ကနဦးအစမှာ မြန်မာဖောင့် အခက်အခဲ ကြောင့် အင်္ဂလိပ်လို ရေးသားသော ဘလော့များသာ ရှိခဲ့ပါသည်။ မြန်မာစာများကို JPG ဖိုင်များဖြင့် ပုံအဖြစ် တင်သော ဘလော့အချို့လဲ ရှိ သလို ဝင်းမြန်မာဖောင့်များကို အသုံးပြုသည်များ လည်းရှိခဲ့သည်။ ဇော်ဂျီယူနီကုဒ်အား Alpha Mandaly မှ အခမဲ့ဖြန့်ချိ သောအခါ မြန်မာဘာသာဖြင့် ရေးသားသော မြန်မာဘလော့များ အများအပြား ထွက်ပေါ်လာခဲ့သည်။ ၂၀၀၇ စက်တင်ဘာ၁ရက်နေ့တွင် မြန်မာဘလော့ဂါများမှ ဦးစီးကာ Myanmar ICT Park (ယခု Myanmar Info-Tech) တွင် ဘလော့စီမီနာကို ခမ်းနားစွာ ပထမဆုံး အကြိမ် ကျင်းပ နိုင်ခဲ့ပါသည်။ ၂ဝဝ၇ ခုနှစ် စက်တင်ဘာအရေးအခင်း ပြီးနောက်တွင် နိုင်ငံရပ်ခြားမှ မြန်မာဘာသာဖြင့် ရေးသား ထားသော အစိုးရဆန့်ကျင်ရေး မြန်မာဘလော့များ အများအပြား ပေါ်ထွက်လာပြီးနောက် အစိုးရမှ ဘလော့ဝန်ဆောင်မှု ပေးသော ဆိုက်တော်တော်များများကို ပိတ်ပစ်ခဲ့သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

Mbs.jpg

မြန်မာဘလော့ကာ အများအပြားသည် ပလန်းနက်ဖိုရမ်နှင့် အခြားသော ဖိုရမ်များမှ လာသူများ ဖြစ်ကြသည်။ မြန်မာ့ အင်တာနက် ခေတ်ဦးတွင် ဖိုရမ်များသည် အကြောင်းအရာများ ဆွေးနွေးရာ နေရာ အပြင် စာပေ အနုပညာများ တင်နိုင်သော နေရာများ ဖြစ်ခဲ့သည်။ မြန်မာလို ရေးသားသော မြန်မာဘလော့များ၏ စတင်သူမှာ မည်သူမည်ဝါ ဖြစ်သည်ဟု ပြောရန် ခက်ခဲသော်လည်း ဇော်ဂျီယူနီကုဒ် ဖောင့်ကို ဘလော့တွင် ထည့်သွင်း၍ နည်းပညာ စတင် မျှဝေ ပေးခဲ့သူမှာ ညီလင်းဆက် ဖြစ်သည်ဟု လူသိများ ကြသည်။ ၎င်းနောက် မန္တလေးမှ ကိုမောင်လှ မှ လဲ ကြည့်ရှုသူများ၏ စက်ထဲတွင် မြန်မာဖောင့် ထည့်သွင်းစရာ မလိုပဲ မြန်မာစာကို မြင်နိုင်သော နည်းပညာ တစ်ခုကို မျှဝေ ပေးခဲ့သည်။ ၂၀၀၆ နိုဝင်ဘာ နှောင်းပိုင်းနှင့် ၂၀၀၇ နှစ်ဦးပိုင်း တွင်တော့ မြန်မာလို ရေးသားသော ဘလော့များ အမြောက်အများ ပေါ်ထွက်လာခဲ့သည်။ ၎င်းဘလော့များတွင် ယခုအချိန်၌ အတန်အသင့် နာမည်ကြီးနေသော ဘလော့များ ပါဝင်သည်။ မြန်မာဘလော့ကာ ခေတ်ဦးပိုင်းရှိ ဘလော့ဂါများ၏ ကြိုးပမ်းမှုဖြင့် ဘလော့ဂါများ စုစည်းကာ MBS ခေါ် မြန်မာဘလော့ဂါအသိုက်ဝန်း ကိုဖွဲ့စည်းတည်ထောင် နိုင်ခဲ့သည်။ MBS ၏ ဆောင်ပုဒ်မှာ ‘We Blog,we unite’ ဖြစ်သည်။

ဘလော့နည်းပညာ[ပြင်ဆင်ရန်]

မြန်မာဘလော့ဂါများ အများဆုံး အသုံးပြုသော ဘလော့နည်းပညာ ပလက်ဖောင်းမှာ blogspot နှင့် wordpress တို့ ဖြစ်ကြပါသည်။ ကနဦးဘလော့ အများစုမှာ blogspot ကို အသုံးပြုထားသော ဘလော့များ ဖြစ်ကြပြီး ၂ဝဝရခုနှစ် နှောင်းပိုင်းတွင် blogspot များဝင်ရောက်ရ ခက်ခဲသွားခြင်းများ ကြောင့် wordpress ကို အသုံးများလာကြပြန်သည်။ အချို့သော ဘလော့များသည် CMS နည်းပညာ ကို အသုံးပြု၍လည်း ဘလော့တည်ဆောက် ထားကြသည်ကို တွေ့နိုင်သည်။ ဘလော့နည်းပညာနှင့် တွဲဖက်၍ အသုံးပြုသော widget များအနက် မြန်မာဘလော့ဂါ အသိုင်းဝိုင်းအတွင်း အသုံးများသော widget တစ်ခုမှာ CBOX ဖြစ်သည်။ ၎င်းသည် chat box သို့မဟုတ် shout box ပုံစံမျိုးဖြစ်ပြီး ဘလော့အဝန်းအဝိုင်း အတွင်းတွင် ဖြစ်စေ၊ ဘလော့ဖတ်သူများ နှင့် ဘလော့ကာများ ကြားတွင် ဖြစ်စေ ကြားခံ အသုံးပြုသော ဆက်သွယ်ရေး widget ဖြစ်သည်။ ပိတ်ဆို့ထားသော ဘလော့များကို RSS Feed ဖြင့် အလွယ် တကူ ဖတ်ရှုနိုင်သော Google Reader မှာလည်း ဘလော့ဖတ်ရှုသူများ အသုံးများကြသည်။ မြန်မာဘလော့ အများစုသည် ဇော်ဂျီယူနီကုဒ်ဖြင့် ရေးသားကြသော်လည်း ယခုအခါ တစ်ချို့သော ဘလော့များသည် မြန်မာယူနီကုဒ်ကို ပြောင်းလဲ အသုံးပြုလာကြသည်ကို တွေ့မြင်နိုင်သည်။ ဇော်ဂျီယူနီကုဒ်နှင့်ရော မြန်မာယူနီကုဒ်ဖြင့်ပါ ဖတ်ရှုနိုင်အောင် မြန်မာယူနီကုဒ် ပညာရှင်တစ်ဦးဖြစ်သော ကိုငွေထွန်းမှ on the fly ခေါ် ယူနီကုဒ် converter ကိုရေးသား ပေးခဲ့ပါသည်။ ၎င်းကို ဘလော့တွင် ထည့်သွင်းထားခြင်းဖြင့် ဖောင့်တစ်မျိုးမျိုးရှိရုံဖြင့် ဖတ်ရှုနိုင်မည်ဖြစ်ပါသည်။ မြန်မာဘလော့ဂါများသည် micro blogging ဖြစ်သော twitter ကိုလည်း အသုံးပြုကြသည်။

မြန်မာဘလော့အမျိုးအစားများ[ပြင်ဆင်ရန်]

မြန်မာဘလော့များ တွင် မတူညီကွဲပြားသော ဘလော့မျိုးကွဲများ အများအပြားရှိကြသည်။ မြန်မာဘလော့များ၏ သဘောသဘာဝသည် အခြားသော နိုင်ငံများ၏ ဘလော့အဝန်းအဝိုင်း များ၏ အသွင်သဏ္ဌာန် နှင့် ကွားခြားမှု ရှိသည်။ မြန်မာဘလော့ ခေတ်ဦးပိုင်းတွင် ရေးသားသော ဘလော့များ မှာ ဘလော့တစ်ခုနှင့် တစ်ခု ပုံသဏ္ဌာန် များစွာ ကွာခြားမှု မရှိပဲ ယခုလက်ရှိ အချိန်တွင်တော့ အမျိုးစားကွဲပြားသော ဘလော့များ အများအပြား ပေါ်ထွက် လာခဲ့သည်။ မြန်မာ့ဘလော့ လောကတွင် အများဆုံး တွေ့ရှိနိုင်သော ဘလော့အမျိုးအစားမှာ အထွေထွေ ဘလော့ (တစ်ကိုယ်ရေဘလော့) အမျိုးအစား ဖြစ်သည်။

အထွေထွေဘလော့(တစ်ကိုယ်ရည်ဘလော့)[ပြင်ဆင်ရန်]

ဤဘလော့အမျိုးအစားသည် မြန်မာဘလော့များ ကြားတွင် လူသိများသော ဘလော့အမျိုးအစား များ ဖြစ်ကြသည်။ အထွေထွေဘလော့များ သည် အများအားဖြင့် ပုဂ္ဂလ ခံစားချက်များ၊ ၎င်းတို့၏ ကိုယ်ပိုင်အမြင်များ၊ အတွေ့အကြုံများကို ဒိုင်ယာရီ သဖွယ်ရေးသားသော ဘလော့အမျိုးအစား ဖြစ်သည်။ တစ်ခါတစ်ရံတွင် ထိုကဲ့သို့သော ဘလော့များမှ အချိန်နှင့် တပြေးညီ သတင်းအချက်အလက်များ ကို ရရှိနိုင်ကာ ၎င်းတို့၏ ခရီးသွားဆောင်းပါးကဲ့သို့သော ဆောင်းပါးများ ကို ဖတ်ရှုရ ခြင်းမှာလည်း စိတ်ဝင်စားဖွယ် ဒေသန္တရ ဗဟုသုတများ ရရှိစေနိုင်ပါသည်။


အနုပညာရသဘလော့[ပြင်ဆင်ရန်]

အချို့သော မြန်မာဘလော့များသည် အနုပညာသီးသန့် ရေးသားသော ဘလော့များ ဖြစ်သည်။ ကဗျာသီးသန့် ဘလော့၊ စာပေသီးသန့် ဘလော့ နှင့် ပန်းချီအနုပညာ ဘလော့များ အထိရှိတတ်ကြသည်။ အများစုပေါင်း ရေးသား ကြသော ဘလော့များ ရှိသလို တစ်ကိုယ်တော်ရေးသား သော ဘလော့များလည်း ရှိကြသည်။ မြန်မာဘလော့ခေတ် ဦးတွင် ကဗျာသီးသန့် ရေးသားသော ဘလော့များတွင် ထင်ရှားသူများမှာ လမ်းအိုလေး၊ကိုဖြိုး နှင့် မိုးလှိုင်ညတို့ ဖြစ်ကြသည်။ ဘာသာပြန် ရသစာပေ များကို ရေးသော နိုင်းနိုင်းစနေမှာလည်း ယခုချိန်အထိ လူကြိုက်များဆဲ ဖြစ်ပြီး ပြင်ပတွင်ပါ စာအုပ်များ ထုတ်ဝေ လျှက်ရှိသည်။ ယခုနောက်ပိုင်းတွင် ပြင်ပစာပေ နယ်မှ အနုပညာရှင် တစ်ချို့သည်လည်း ကိုယ်ပိုင် ဘလော့များ ပြုလုပ်လာ ကြသည်။ အထွေထွေ ဘလော့များပြီးလျှင် အနုပညာဘလော့များ သည် လူကြည့်အများဆုံး ဘလော့များ ဖြစ်ကြသည်။

လူမှုရေး ဘလော့[ပြင်ဆင်ရန်]

မြန်မာနိုင်ငံကို နာဂစ်ဆိုင်ကလုန်း အတိုက်ခိုက်ခံရပြီးနောက်တွင် ကူညီထောက်ပံ့ရေးအဖွဲ့များ တည်ထောင်သော ဘလော့များ ၂၀၀၈ခုနှစ်တွင် ပေါ်ထွက်လာကြသည်။ ၎င်းတို့၏ လှုပ်ရှားမှုများ၊ လိုအပ်သော အကူညီများကို ယင်းဘလော့များ တွင် ဖော်ပြခဲ့ကြသည်။ အထူးသဖြင့် နာဂစ်ဒဏ်ခံ ဒေသများ၏ ပကတိ အခြေအနေများကို ထင်ဟပ် ပြသနိုင်ခဲ့ပါသည်။ အခြားသော လူမှုရေးဘလော့များလည်း ရှိပြီး ထင်ရှားသော လူမှုရေးအကျိုးပြု ဘလော့များမှာ ရေဗင်သွေးလှူဒါန်းရေးအဖွဲ့၊ နှင့် ပြည်သူ့ကျန်းမာရေးဘလော့တို့ဖြစ်ကြပါသည်။

နိုင်ငံရေးဘလော့[ပြင်ဆင်ရန်]

၂ဝဝ၇ ခုနှစ် စက်တင်ဘာ အရေးအခင်းပြီးနောက်တွင် အစိုးရဆန့်ကျင်ရေး ဘလော့များ အများအပြား ပေါ်ထွက်လာခဲ့သည်။ စက်တင်ဘာအရေးအခင်းအတွင်းတွင် တစ်ချို့သော နိုင်ငံခြား သတင်းဌာနများကပင် မြန်မာဘလော့များ ဆီမှ သတင်းများ ကိုးကား ယူခဲ့သည် အထိရှိသည်။ သို့သော် နောက်ပိုင်းကာလတွင် အစဉ်တစိုက် နိုင်ငံရေး အကြောင်း ရေးသား သော ဘလော့အများစုမှာ ပြည်ပနိုင်ငံများတွင် နေထိုင်သူများ၏ ဘလော့များ သာ ဖြစ်ကြသည်။ ပြည်တွင်းတွင် နေထိုင်သော ဘလော့ဂါများသည် ထိုအကြောင်းအရာများကို ၎င်းတို့၏ လုံခြုံရေးအရ လက်ရှောင်ကြသည်က များသည်။ နိုင်ငံရေးဘလော့များမှာ သတင်းပုံစံတင်ဆက်မှုထက် ပြည်ပရောက် နိုင်ငံရေးသမားများ၏ အဆိုးမြင်၊ အစွန်းရောက် လွန်းသော ဘလော့များသာ များပြားသည်။

နည်းပညာဘလော့[ပြင်ဆင်ရန်]

ခေတ်ဦးပိုင်း မြန်မာဘလော့ဂါ အများစုကို ကြည့်မည် ဆိုပါက အိုင်တီပညာရှင်များ ဖြစ်နေသည်ကို တွေ့နိုင်သည်။ နည်းပညာ ဘလော့များသည် အရေအတွက်အားဖြင့် တခြားသော နိုင်ငံများနှင့် ယှဉ်လျှင် အလွန်နည်းပါး နေသေးသည်။ သို့သော် နည်းပါးသော အရေအတွက် ထဲမှာပင် အသုံးဝင်လှသော နည်းပညာ ဘလော့များလဲ ရှိသည်။ ယင်းဘလော့ကာ များသည် မိမိတို့ တွေ့ကြုံရသော နည်းပညာဆိုင်ရာ အခက်အခဲများနှင့် နည်းပညာ ဆိုင်ရာ ကျူတိုရီယယ်များ၊ ကိုယ်ပိုင်ထုတ်ကုန်များကို မျှဝေ တတ်ကြသဖြင့် အိုင်တီ နည်းပညာ လေ့လာသူများကို အထောက်အကူပြုသော ဘလော့များ ဖြစ်ကြသည်။ ဥပမာ saturngodသံလုံငယ် နှင့် ထူးတေဇာ တို့ ကဲ့သို့သော ဘလော့များ ဖြစ်ကြသည်။

ဖျော်ဖြေရေးဘလော့[ပြင်ဆင်ရန်]

ဖျော်ဖြေရေးဘလော့များ သည် မြန်မာဘလော့များတွင် အရေအတွက် အနည်းကျဉ်းရှိသော် လည်း အောင်မြင်သော ဘလော့များ ဖြစ်ကြသည်။ အထူးသဖြင့် ကိုရီးယား မင်းသား မင်းသမီးများ၏ နောက်ဆုံးရ သတင်းများနှင့် ပြည်တွင်း/ပြည်ပ သီချင်းအယ်လ်ဘမ်များ တင်ဆက်သော ဘလော့များကို လူကြိုက်များ ကြသည်။ ပထမဆုံး နှင့် ထင်ရှားသော Wordpress သုံးဘလော့မှာ myanmarmp3album ဖြစ်ပါသည်။

ဘလော့ဂါနှင့် ဘလော့ဖတ်သူများ[ပြင်ဆင်ရန်]

၂ဝဝ၇နှင့် ၂၀၀၈ ခုနှစ်များသည် မြန်မာဘလော့များ အရှိန်ဟုန်ကောင်းကောင်း ဖြင့် တိုးတက်ခဲ့သော နှစ်များ ဖြစ်ကြသည်။ ဘလော့များသည် နေ့စဉ်နီးပါး အသစ်တင်ဆက် နိုင်ခြင်းများ ကြောင့်လည်း ဘလော့ဖတ်သူများဖြင့် စည်ကား ခဲ့ကြသည်။ သို့သော် ယခုနှောင်းပိုင်း နှစ်များတွင်တော့ ဘလော့များ၏ အရှိန်အဟုန်သည် သိသိသာ လျှော့ကျသွားခဲ့သည်။ လျှော့ကျသွားသည့် အကြောင်းရင်းများထဲမှ တချို့မှာ ဘလော့ဂါများ ကိုယ်တိုင် အသစ်တင်ဆက်နိုင်မှု အားနည်းသွားခြင်းနှင့် တခြားသော ဆိုရှယ်ဆိုက်များကို လူအများ အာရုံပိုစိုက် လာခြင်းများ ကြောင့် ဖြစ်နိုင်သည်။ ပြည်တွင်းရှိ ဘလော့ဂါ အများစုသည်လည်း ဘလော့များပေါ်တွင် ရေးသားခြင်းအပြင် ပြင်ပတွင်ပါ နည်းပညာ ပြန့်ပွားရေး ပွဲများ ပြုလုပ်နေကြခြင်းကြောင့် လည်းဖြစ်သည်။ ထို့ပြင် ဘလော့များအား ပိတ်ဆို့ထားမှုကြောင့် ဖတ်ရှုသူများ အနေဖြင့် ကော ရေးသားသူများ အနေဖြင့်ပါ အခက်ခဲများ အနည်းငယ် ရှိနေခြင်း များကြောင့် ဖြစ်သည်။ ပုံမှန်ရေးသားနေသော ဘလော့များကတော့ ကိုယ်ပိုင်ဒိုမိန်းလိပ်စာများ၊ ကိုယ်ပိုင် ဟိုစတင်များဖြင့် ပြောင်းလဲရေးသား လာကြသည်ကို တွေ့ရှိနိုင်ပါသည်။

ဆက်စပ်လင့်ခ်[ပြင်ဆင်ရန်]

မြန်မာဘလော့ဂါများ