မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ

ဝီကီပီးဒီးယား မှ

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (အင်္ဂလိပ်: Myanmar Press Council; MPC) သည် မြန်မာနိုင်ငံရှိ သတင်းမီဒီယာများကို ထိန်းကျောင်းကြီးကြပ်သော အဖွဲ့အစည်းတစ်ခုဖြစ်၍ မီဒီယာဆိုင်ရာအမှုအခင်းများကို စုံစမ်းစစ်ဆေး ဖြေရှင်းပေးရသော အဖွဲ့တစ်ခုလည်းဖြစ်သည်။ အဖွဲ့သည် သတင်းမီဒီယာကျင့်ဝတ်များကို ရေးဆွဲရန်၊ မြန်မာ့မီဒီယာအဝန်းအဝိုင်းအတွင်း မီဒီယာနှင့်သက်ဆိုင်သောသူ (သတင်းထောက်စသည်) များ၏ အခြေခံအခွင့်အရေးနှင့် လွတ်လပ်ခွင့်တို့ကိုကာကွယ်ရန် စသောရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့ကြသည်။[၁] မူလက ကောင်စီကို ပြန်ကြားရေးဝန်ကြီးဌာနကတာဝန်ပေးခန့်အပ်သောသူ (၂၀) ဦးဖြင့်စတင်ဖွဲ့စည်းခဲ့၍ ဥက္ကဋ္ဌမှာ တရားရုံးချုပ်တရားသူကြီး ဦးခင်မောင်လေးဖြစ်ကာ ရည်ရွယ်ချက်သည် ဆင်ဆာဖြတ်တောက်ခြင်းများ ရပ်ဆိုင်းပြီးနောက် သတင်းမီဒီယာကိစ္စရပ်များကို ကောင်းစွာလည်ပတ်လှုပ်ရှားနိုင်စေရန်ဖြစ်၏ ။[၁][၂] ထို့နောက် လွတ်လပ်သော မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို ၂၀၁၈ အောက်တိုဘာ ၃၀ တွင် (၂၉) ဦးဖြင့် အသစ်တဖန်ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ဟံသာဝတီဦးအုန်းကြိုင်မှ ဆောင်ရွက်ခဲ့သည်။[၃]

၂၀၂၁ တပ်မတော်က အာဏာသိမ်းယူခြင်းပြီးနောက် သတင်းမီဒီယာများအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား အာဏာသိမ်းအစိုးရဟု သုံးနှုန်းခြင်းမပြုရန် စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းမီဒီယာကောင်စီနှင့် သတင်းစာတိုက်အချို့ကို ဖေဖော်ဝါရီ ၁၁ ရက်တွင် အကြောင်းကြားစာ ပေးပို့ခဲ့လေသည်။ ထိုသို့ဖိအားပေးခြင်းခံရပြီးနောက် သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ၂၆ ဦးအနက် ၂၄ ဦးအထိ နုတ်ထွက်ခဲ့ရာ ဖေဖော်ဝါရီ ၂၃ ၌ ကောင်စီဝင်နှစ်ဦးသာ ကျန်ရှိခဲ့သည်။[၄]

ကိုးကား[ပြင်ဆင်ရန်]