မြန်မာနိုင်ငံ လူမှုဖူလုံရေးအဖွဲ့

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

လူမှုဖူလုံရေးစီမံကိန်းကို လူမှုဘ၀လုံခြုံမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ၁၉၅၄ ခုနှစ်၊ လူမှုဖူလုံရေးအက်ဥပဒေဖြင့် ၁၉၅၆ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှ စတင်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။မြန်မာနိုင်ငံတစ်ဝှမ်းရှိအကျုံးဝင်အလုပ်သမားပေါင်း (၅)သိန်းကျော် အား မမာမကျန်းမှု၊ မီးဖွားမှု၊ သေဆုံးမှု၊ အလုပ်တွင်ဒဏ်ရာရမှု၊ အလုပ်နှင့် ဆိုင်သည့်ရောဂါများ ဖြစ်ပွားသည့်အခါ ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်း၊ ဆေးဖိုးငွေပြန်အမ်းပေးခြင်း စသည့် အကျိုးခံစားခွင့် များကို တာဝန်ယူဆာင်ရွက်ပေးလျက် ရှိသော လူမှုရေးဝန်ဆောင်မှု ဌာနကြီးတစ်ခု ဖြစ်ပါသည်။

လူမှုဖူလုံရေးအဖွဲ့သည် ဥပဒေနှင့် အကျုံးဝင်သော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ ထည့်ဝင်ကြေးငွေများ ကောက်ခံစုဆောင်း၍ အာမခံ အလုပ်သမားများအား ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်း၊ ဆေးဖိုး ကုန်ကျငွေများ ပြန်လည် ပေးအမ်းခြင်း၊ လူမှုဖူလုံရေး အကျိုးခံစားခွင့်များ ထုတ်ပေးခြင်း စသည်တို့ကို လုပ်ကိုင်ဆောင်ရွက်ပေးလျက် ရှိပါသည်။

လူတိုင်းသည် လောကဓမ္မတာအရ မမာ မကျန်းမှု၊ မီးဖွားမှု၊ အလုပ်တွင် ထိခိုက် ဒဏ်ရာရမှု၊ အလုပ်လက်မဲ့ ဖြစ်မှု၊ အသက်အရွယ်

ကြီးရင့်မှု၊ သေဆုံးမှု စသည့်လူမှု အန္တရာယ်များကို တစ်နေ့နေ့ တစ်ချိန်ချိန် တွင် မလွဲမသေ တွေ့ကြုံရင်ဆိုင်ကြရမြဲ ဖြစ်ပါသည်။ ထိုသို့ ကြုံရသည့်အခါ လုပ်ခဝင်ငွေ တစ်ခုတည်းကိုသာ အားထားနေရသည့် အလုပ်သမားများ ဝင်ငွေလျော့နည်း ရပ်စဲခြင်းကြောင့် ၎င်းနှင့်တကွ မှီခိုသူမိသားစုများပါ အတိဒုက္ခရောက်ကြရပါသည်။ အဆိုပါ လူမှှုအန္တာရာယ်များ ကြုံရ သည့် အခါ အာမခံ စနစ် အပေါ် အခြေခံ၍ အခမဲ့ ဆေးဝါး ကုသပေး ခြင်း နှင့် ငွေ ကြေး ထောက်ပံ့ ပေးခြင်း တို့ဖြင့် အကာ အကွယ် ပေးခြင်းသည် လူမှုဖူလုံရေး စနစ်၏ အခြေခံ သဘောတရားပင် ဖြစ်ပါသည်။

လူမှုဖူလုံရေးစီမံကိန်း ရည်ရွယ်ချက်[ပြင်ဆင်ရန်]

လူမှုဖူလုံရေးစီမံကိန်းရည်ရွယ်ချက်(၄)ရပ်မှာ-

  • အလုပ်သမားများ ကျန်းမာမှုကောင်းမွန်တိုးတက်စေ၍ အလုပ်လုပ်နိုင်သည့် စွမ်းအား မြင့်မားပြီး ကုန်ထုတ်လုပ်မှု တိုးတက်စေရန်။
  • လူမှုဖူလုံရေးစီမံကိန်းသည် မမာမကျန်းမှု၊ မီးဖွားမှု၊ သေဆုံးမှု၊ အလုပ်ခွင်ထိခိုက် ဒဏ်ရာရမှု၊ အလုပ်လက်မ ဲ့ဖြစ်မှု၊ အသက်အရွယ် ကြီးရင့်မှု ၊ သေဆုံးမှု စသည့် လူမှုအန္တရာယ် များကြုံတွေ့ ရသည့်အခါ ထိရောက်ပြည့်စုံသည့် အကျိုးခံစားခွင့်များ ရရှိစေရန်၊
  • အလုပ်မလုပ်နိုင်သည့်အခါအလုပ်သမားနှင့်မိသားစုစားဝတ် နေရေး အတွက် ထောက်ပံ့မှုရရှိ နိုင်စေရန်။
  • လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံး အကျုံးဝင်သည့် စီမံကိန်းဖြစ်စေရန် တို့ ဖြစ်ပါသည်။

အဓိက လုပ်ငန်းတာဝန်များ[ပြင်ဆင်ရန်]

လူမှုဖူလုံရေးအဖွဲ့၏ အဓိကလုပ်ငန်းတာဝန်များမှာ-

  • (က) ၁၉၅၄ခုနှစ်လူမှုဖူလုံရေးဥပဒေအရအကျုံးဝင် သတ်မှတ်ခြင်း၊
  • (ခ) အကျုံးဝင်အလုပ်ဌာနနှင့်အလုပ်သမားများအားမှတ်ပုံတင်ခြင်း၊ ထည့်ဝင်ကြေး ကောက်ခံခြင်း
  • (ဂ) ငွေကြေးအကျိုးခံစားခွင့်နှင့်အခြားအကျိုးခံစားခွင့်များ ထုတ် ပေးခြင်း၊
  • (ဃ) အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းနှင့် ကျန်းမာရေး မြှင့်တင်ပေးခြင်း၊
  • (င) အကျုံးဝင်အလုပ်ဌာနများရှိ အလုပ်သမားများအား ကျန်းမာရေး ပညာပေးခြင်း၊ လူမှုဖူလုံရေး စီမံကိန်းဆိုင်ရာ ဟောပြောဆွေးနွေး ခြင်း တို့ဖြစ်ပါသည်။ လူမှုဖူလုံရေးသည် အလုပ်သမားတိုင်း နာမကျန်းမှု၊ မီးဖွားမှု၊ အလုပ်ခွင်ထိခိုက်မှု၊ သေဆုံးမှု စသည်တို့ကြောင့် အလုပ်မလုပ်နိုင်သည့် အခါတွင် အလုပ်သမားနှင့် ၎င်းတို့အပေါ် မှီခိုနေထိုင်သူတို့ လူမှုဒုက္ခ မတွေ့စေရန် အလုပ်သမား၊ အလုပ်ရှင်နှင့် နိုင်ငံတော် စုပေါင်းပါဝင်သော လူမှုရေးအာမခံစနစ် ဖြင့် ခံစားခွင့်ပေးသော လုပ်ငန်းရပ် ဖြစ်ပါသည်။

လူမှုဖူလုံရေးလုပ်ငန်းရပ်တွင် အခမဲ့ဆေးဝါးကုသပေးခြင်း နှင့် ငွေကြေးကျိုးခံစားခွင့်ပြုခြ်း တို့ပါဝင်ပါသည်။

လူမှုဖူလုံရေးစီမံကိန်းကို ၁၉၅၄ ခုနှစ် လူမှုဖူလုံရေး အက်ဥပဒေ (The Social Security Act.1954) အရ အကောင် အထည်ဖော် ဆောင်ရွက်ပါသည်။

အကျုံးဝင်ခြင်း[ပြင်ဆင်ရန်]

လူမှုဖူလုံရေးသည် လုပ်ငန်းရပ်ကို ချင်းပြည်နယ်မှအပ ပြည်နယ်နှင့်တိုင်း(၁၃)ခုရှိ မြို့နယ်ပေါင်း (၁၁၀) မြို့နယ်တွင် အကောင်အထည်ဖော် လျက်ရှိပါသည်။

လူမှုဖူလုံရေးအကောင်အထည်ဖော်လျက်ရှိသည့် အထက်ပါဒေသများတွင်ရှိသော အောက်ပါ အလုပ်ဌာနများသည် လူမှုဖူလုံရေးဥပဒေဖြင့် အကျုံးဝင်ပါသည်-

  • အလုပ်သမားငါးယောက်နှင့်အထက် အလုပ်လုပ်ကိုင်နေသော စက်မှုလက်မှု အလုပ်ဌာနများ
  • မီးရထားဝန်ကြီးဌာန
  • သယ်ယူပို့ဆောင်ရေးအလုပ်ဌာနများ
  • ရန်ကုန်ဆိပ်ကမ်းနှင့် ဆိပ်ကမ်းများ အက်ဥပဒေနှင့် အကျုံးဝင်သည့်အလုပ်ဌာနများ
  • သတ္ထုတွင်းများ
  • ရေနံမြေများ
  • ကုန်တင်ကုန်ချလုပ်ငန်းများ
  • အလုပ်သမားဝန်ကြီးဌာနနှင့် လက်အောက်ခံဦးစီးဌာန၊ အဖွဲ့၊ ကော်မတီရုံးဝန်ထမ်းများ
  • နိုင်ငံတော်အစိုးရက အခါအားလျော်စွာ ကြေငြာသည့် အလုပ်ဌာနများ

စီမံခန့်ခွဲရေး လူမှုဖူလုံရေးစီမံကိန်း အကျုံးဝင်ရာမြို့များသို့ စီမံခန့်ခွဲရန်အတွက် လူမှုဖူလုံရေးအဖွဲ့ ရုံးခွဲ များကို ဖွင့်လှစ်ထားပါသည်၊။ စီမံခန့်ခွဲမှု အဆင့်အားဖြင့် နေပြည်တော်တွင် အဖွဲ့ရုံးချုပ်၊ ချင်းပြည်နယ်မှ အပ ကျန်ပြည်နယ်/တိုင်း(၁၃) ခုတွင် ပြည်နယ်နှင့် တိုင်းရုံးများ၊ မြို့နယ်(၁၁၀)တွင် မြို့နယ်ရုံးခွဲများ (၇၇)ရုံး၊ ဆေးခန်း(၉၃)ခန်း၊ ဌာနကြီး ဆေးခန်းပေါင်း (၄၀)ခန်း၊ အဖွဲ့ပိုင် ရန်ကုန်အလုပ်သမား ဆေးရုံကြီး၊ မန္တလေးအလုပ်သမား ဆေးရုံကြီး နှင့် တီဘီရောဂါကုဆေးရုံကြီး (ထန်းတပင်)တို့အား ဖွင့်လှစ်ထားပြီး အာမခံအလုပ်သမားများ၏ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှု ပေးခြင်း၊ အကျိုးခံစားခွင့်များ ပြန်လည်ထုတ်ပေးခြင်း တို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ လူမှုဖူလုံရေးအဖွဲ့ ဝန်ထမ်းအင်အား ဖွဲ့စည်းပုံအင်အားမှာ (၂၆၄၆) ဖြစ်ပါသည်။ လူမှုဖူလုံရေးစီမံကိန်း လုပ်ငန်းများကို အဖွဲ့ရုံးချုပ်တွင် အောက်ပါ ဌာနခွဲ(၅)ခုဖြင့် စီမံခန့်ခွဲလျက်ရှိပါသည်-

  • စီမံရေးရာဌာန
  • ဘဏ္ဍာရေးဌာန
  • အာမခံဌာန
  • သုတေသနနှင့် စီမံကိန်းဌာန
  • ဆေးဌာန

သမိုင်းအကျဉ်း[ပြင်ဆင်ရန်]

ပြည်ထောင်စုမြန်မာနိုင်ငံတော် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အခန်း(၃) အပိုဒ် (၃၁)၌ တောင်သူလယ်သမား များနှင့် အလုပ်သမားများ အတွက် နိုင်ငံတော်၏ တာဝန်ဝတ္တရား များကို ချမှတ်ထားသော မူဝါဒ၊ စည်းမျဉ်းများတွင် နိုင်ငံတော်အစိုးရသည် အကြောင်း ညီညွတ်လျှင် ထောက်ပံ့မှု အာမခံစနစ်အတွက် စီမံချက်များ ပြုလုပ်မည်ဟု ဖော်ပြထားပါသည်။ အလုပ်သမားများနှင့် စပ်လျဉ်း၍ ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေး တိုးတက်မှု(၂)နှစ် စီမံကိန်း အခန်း(၈) အပိုဒ်(၁၀) တွင်လည်း အလုပ်သမားများအား ဆင်းရဲခြင်းဘေးမှ အမျိုးမျိုး ကာကွယ်ရန် အာမခံစနစ် တည်ထောင် ဆောင်ရွက်ရမည်ကို ပြဋ္ဌာန်း ထားခဲ့ပါသည်။ မြန်မာနိုင်ငံတွင် လူမှုဖူလုံရေးစီမံကိန်းတစ်ရပ် ရေးဆွဲ အကောင်အထည်ဖော်နိုင်ရေးအတွက် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ရှိ အပြည်ပြည် ဆိုင်ရာ အလုပ်သမား ရေးရာ အဖွဲ့ရုံးချုပ် (ILO)ထံ ကျွမ်းကျင်မှု အကူအညီ များ တောင်းဆို သင့်ကြောင်း နိုင်ငံတော် အစိုးရအား အလုပ်သမား ဥပဒေရေးဆွဲရေး အကြံပေး ကော်မတီ က ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ တွင် အကြံပေးခဲ့ပါသည်။

ထိုကဲ့သို့ အကြံပေးချက်အရ ILO သို့ အကူအညီ တောင်းခံခဲ့ရာ ILO လူမှုဖူလုံရေးဌာန၊ အကြီးအကဲဖြစ်သူ မစ္စတာ အမ်စတိုက်သည် ၁၉၄၉ခုနှစ်၌ မြန်မာနိုင်ငံသို့ လာရောက်ပြီး ပဏာမ လေ့လာခဲ့ပါသည်။ ထို့နောက် လူမှုဖူလုံရေးစီမံကိန်းတစ်ရပ် ရေးဆွဲရန် ILO နှင့် ပူပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်ကို ၁၉၅၁ ခုနှစ်၊ ဇွန်လ(၂၉) ရက်နေ့တွင် ဂျနီဗာမြို့၌ လက်မှတ် ရေးထိုးခဲ့ပါသည်။ ၎င်းနောက် ILO အဖွဲ့ရုံးချုပ်မှ အမြဲတန်း အရာရှိများဖြစ်သည့် မစ္စတာဒီအက်(စ်)အဲရစ် နှင့် မစ္စတာ ကေစီဒေါက်တာ တို့သည် ၁၉၅၂ ခုနှစ်၊ မတ်လ(၅)ရက်နေ့မှ ဧပြီလ(၂၀)ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက်၍ ဒုတိယ အကြိမ် လေ့လာခဲ့ပါသည်။ ၎င်းတို့၏ လေ့လာချက်များ အပေါ် အခြေခံ၍ ILO ရုံး၊ ညွှန်ကြားရေးမှူးချုပ် က ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရထံ သို့ ၁၉၅၂ ခုနှစ်၊ ဩဂုတ်လ(၅)ရက် နေ့တွင် လူမှုဖူလုံရေးစီမံကိန်း ရေးဆွဲရေးအတွက် အကြံပြုချက်များ ပါဝင်သည့် အစီရင်ခံစာတစ်ရပ် တင်သွင်းခဲ့ပါသည်။

၎င်းတို့၏ အစီရင်ခံစာပါ အကြံပေးချက်များကို မြန်မာနိုင်ငံအစိုးရမှ သဘောတူလက်ခံခဲ့ပြီး လူမှုဖူလူံရေးစီမံကိန်း တစ်ရပ်ကို စတင်ဆောင်ရွက်ရန် ဥပဒကြေမ်း တစ်ရပ် ရေးဆွဲရေးနှင့် ကျွမ်းကျင်မှု အကူအညီပေးရေး အတွက်ILOသို့ ပြန်ကြားခဲ့ပါသည်။ ၎င်းပြန်ကြားချက် အရ ILOရုံး ညွှန်ကြားရေးမှူးချုပ် က ဒေါက်တာ အီးဖစ်(ရှ်)လိုဝစ်(စ်) (Mr.Efischlowitz) အား တာဝန်ပေးအပ်ခဲ့ရာ ၎င်းမှ ၁၉၅၄ ခုနှစ်၊ မတ်လ (၂၄) ရက်နေ့တွင် ဥပဒကြေမ်း တစ်ရပ် ရေးဆွဲခဲ့ပါသည်။ ထိုကဲ့သို့ လူမှုဖူလုံရေး ဥပဒကြေမ်း ရေးဆွဲရာတွင် ဒုတိယ အလုပ်သမားညွန်ကြားရေးဝန် ဦးစိန်အား အထူးအရာရှိ အနဖြေင့် တွဲဖက်တာဝန် ထမ်းဆောင်စေခဲ့ပါသည်။ ရေးဆွဲပြီးသော ဥပဒေမူကြမ်းကို ၁၉၅၄ ခုနှစ်၊ ဇွန်လ(၂၄)ရက်နေ့တွင် ဂျနီဗာ မြို့၌ ပြည်သူ့အိုးအိမ်နှင့် အလုပ်သမား ဝန်ကြီး ဦးရာရှစ် ထံသို့ ပေးအပ်ခဲ့ပါသည်။

အဆိုပါ လူမှုဖူလုံရေးအက်ဥပဒေကို နိုင်ငံတော်သမ္မတက ၁၉၅၄ ခုနှစ်၊ အောက်တိုဘာလ (၂၂)ရက်နေ့ တွင် အက်ဥပဒေအမှတ် (၇၆) အဖြစ် ထုတ်ပြန် ကြေညာ ခဲ့ပါသည်။ ၎င်းနောက် လူမှုဖူလုံရေး အထူးအရာရှိ ဦးစိန်နှင့် အစိုးရအလုပ်သမား ဆက်သွယ်ရေးရုံး ဒုတိယမန်နေဂျာ ဦးထွန်းအောင်တို့အား ILO ရုံး၏ ပညာတော်သင် အဖြစ် အင်္ဂလန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံများ သို့ ၁၉၅၄ ခုနှစ်၊ စက်တင်ဘာလ မှ ၁၉၅၅ ခုနှစ်၊ မတ်လအထိ သွားရောက်၍ လေ့လာဆည်းပူးစေခဲ့ပါသည်။ အင်္ဂလန်နိုင်ငံ နှင့် အိန္ဒိယနိုင်ငံ တို့၏ လူမှုဖူလုံရေး စီမံကိန်းများကို လေ့လာရေးမှ ပြန်လည် ရောက်ရှိလာပြီးနောက် ဦးစိန်အား အုပ်ချုပ်ရေးမှူး အဖြစ်လည်းကောင်း၊ ဦးထွန်းအောင်အား အုပ်ချုပ်ရေးအရာရှိ အဖြစ် လည်းကောင်း၊ ၁၉၅၅ ခုနှစ်၊ ဧပြီလ(၁၈)ရက်နေ့မှ စ၍ တာဝန်ပေးအပ် ခဲ့ပါသည်။

ဒေါက်တာ အီးဖစ်(ရှ်)လိုဝစ်(စ်)သည် ၁၉၅၅ ခုနှစ်၊ မတ်လတွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီး ၁၉၅၅ ခုနှစ်၊ ဩဂုတ်(၂၃)ရက်နေ့အထိ လူမှုဖူလုံရေး စီမံကိန်း အကောင်အထည်ဖော် ရေးတာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။ ထို့နောက် ဒေါက်တာ အီးဖစ်(ရှ်)လိုဝစ်(စ်) ပြန်လည်ထွက်ခွာ သွားပြီးနောက် ၁၉၅၅ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိ မစ္စတာအန်ဒန်စီဂါး စီ၊ ဘီး၊ အီး က ဆက်လက် တာဝန်ထမ်းဆောင်ခဲ့ပြီး ဦးဆောင်လမ်းပြပေးခြင်း၊ သင်တန်းများ ပို့ချပေးခြင်း၊ ဒေသအလိုက် တိုးချဲ့ရေး လုပ်ငန်းများနှင့် အကျိုးခံစားခွင့် တိုးပေးရေးကိစ္စများနှင့် ပတ်သက်၍ ကွင်းဆင်းလေ့လာရေး အဖွဲ့ငယ် များ ဖွဲ့စည်းပေးခြင်း စသည့်လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့ပါသည်။

၁၉၅၅ ခုနှစ်၊ အောက်တိုဘာ(၂၂)ရက်နေ့တွင် လူမှုဖူလုံရေး အက်ဥပဒေနှင့် စီမံကိန်းမူဝါဒ များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် အုပ်ချုပ်နိုင်ရန် အလို့ငှါ လူမှုဖူလုံရေး အက်ဥပဒေ ပုဒ်မ-၈၈(၁)နှင့် ၈၉(၁) တို့အရ လူမှုဖူလုံရေးအဖွဲ့သို့ နိုင်ငံတော်သမ္မတက အာဏာ အပ်နှင်းပေးခဲ့ပါသည်။ နိုင်ငံတော်အစိုးရ အလုပ်သမားဝန်ကြီးဌာန၏ ၁၉၅၅ ခုနှစ်၊ ဧပြီလ(၂၆)ရက်နေ့ ရက်စွဲပါ ပြန်တမ်း အမှတ်(၅၀)ဖြင့် အလုပ်သမားဝန်ကြီး ဦးရာရှစ်အား လူမှုဖူလုံရေးအဖွဲ့၊ ဥက္ကဋ္ဌ တာဝန်ပေးအပ်၍ အဖွဲ့ဝင်(၁၈)ဦးပါရှိသည့် လူမှုဖူလုံရေးအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပါသည်။ ဆက်လက်၍ ၁၉၅၅ ခုနှစ်၊ ဧပြီလ(၂၆)ရက်နေ့တွင် ကျင်းပသော လူမှုဖူလုံရေးအဖွဲ့၏ ပထမအကြိမ်မြောက် အစည်းအဝေး၌ အဖွဲ့ဝင်(၇) ဦးပါဝင်သော "အမြဲတမ်းကော်မတီ" တစ်ရပ်ကို ဖွဲ့စည်းခဲ့ပါသည်။ ၎င်းအပြင် အလုပ်သမား ဝန်ကြီးဌာန၏ ၁၉၅၆ ခုနှစ်၊ ဇန်နဝါရီလ(၁၉)ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာ အမှတ်(၉)ဖြင့် လူမှုဖူလုံရေး အဖွဲ့၏ "ဆေးဘက်ဆိုင်ရာအကြံပေးအဖွဲ့" ကို ဖွဲ့စည်းခဲ့ပါသည်။

၁၉၅၇-၁၉၅၈ ခုနှစ်တွင် အစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်အရ မြန်မာနိုင်ငံ လူမှုဖူလုံရေးအဖွဲ့ ကို အပြည်ပြည်ဆိုင်ရာ လူမှုဖူလုံရေးအဖွဲ့ချုပ် (ISSA) အသင်းဝင်အဖြစ် စတင်ဆက်သွယ် ဆောင်ရွက် ခဲ့ပါသည်။ ၁၉၅၄ ခုနှစ်၊ လူမှုဖူလုံရေး အက်ဥပဒေကို ရန်ကုန်မြူနီစီပယ် နယ်နမိတ်အတွင်းရှိ အရပ်ဒေသ များမှ စတင်အာဏာ တည်စေခဲ့ပြီး အောက်ပါအတိုင်း မြို့နယ်များကို တိုး ချဲ့၍ အကျုံးဝင်စေခဲ့ပါသည်-

  1. ၁-၁-၁၉၅၆ ရက်နေ့ အင်းစိန်မြို့ မြို့မကောင်စီ၊ မင်္ဂလာဒုံ လေယာဉ်ဒေသ နှင့် ကမာရွတ်၊ သမိုင်း၊ ကံဘဲ့၊ သင်္ဃန်းကျွန်း
  2. ၃၁-၈-၁၉၅၆ ရက်နေ့ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ စဉ့်ငူကျေးရွာ
  3. ၁-၁၀-၁၉၅၆ ရက်နေ့ မင်္ဂလာဒုံကျေးရွာ
  4. ၁၉-၉-၁၉၅၇ ရက်နေ့ မန္တလေးမြူနီစီမယ် နယ်နမိတ်
  5. ၁-၁-၁၉၅၈ ရက်နေ့ အမရပူရမြို့နယ်အတွင်းရှိ မြစ်ငယ်ဒေသ
  6. ၁-၄-၁၉၆၀ ရက်နေ့ မော်လမြိုင်မြို့
  7. ၁-၅-၁၉၆၀ ရက်နေ့ ပုသိမ်မြို့နှင့် ပဲခူးမြို့
  8. ၁-၁-၁၉၆၂ ရက်နေ့ မုံရွာမြို့
  9. ၁-၃-၁၉၆၃ ရက်နေ့ အင်းစိန်မြို့နယ်၊ အင်းတိုင်ကျေးလက်ဒေသ
  10. ၁-၁၁-၁၉၆၃ ရက်နေ့ ဟင်္သာတမြို့
  11. ၁-၁-၁၉၆၆ ရက်နေ့ မြင်းခြံမြို့
  12. ၁-၁၁-၁၉၇၁ ရက်နေ့ စစ်တွမြေို့
  13. ၁-၁၂-၁၉၇၁ ရက်နေ့ ပြည်မြို့
  14. ၁-၁-၁၉၇၂ ရက်နေ့ မိတ္ထီလာမြို့
  15. ၁-၂-၁၉၇၂ ရက်နေ့ တောင်ကြီးမြို့
  16. ၁-၆-၁၉၇၂ ရက်နေ့ ပျဉ်းမနားမြို့
  17. ၁-၁၂-၁၉၇၂ ရက်နေ့ တောင်ငူမြို့၊ ပခုက္ကူမြို့
  18. ၁-၂-၁၉၇၃ ရက်နေ့ စစ်ကိုင်းမြို့
  19. ၁-၄-၁၉၇၃ ရက်နေ့ မြန်အောင်မြို့
  20. ၁-၇-၁၉၇၄ ရက်နေ့ ဖြူးမြို့နှင့် ဇေယျဝတီ၊ မြိတ်မြို့
  21. ၁-၉-၁၉၇၄ ရက်နေ့ မအူပင်နှင့်မြောင်းမြမြို့
  22. ၁-၁၁-၁၉၇၄ ရက်နေ့ လက်ပံတန်းမြို့နှင့်ဘားအံမြို့
  23. ၁-၂-၁၉၇၆ ရက်နေ့ ဘိုကလေးမြို့၊ သရက်မြို့
  24. ၁-၃-၁၉၇၆ ရက်နေ့ ပေါင်းတည်မြို့၊ ထားဝယ်မြို့
  25. ၁-၂-၁၉၇၆ ရက်နေ့ ဝါးခယ်မမြို့
  26. ၂-၁-၁၉၇၈ ရက်နေ့ ညောင်လေးပင်မြို့
  27. ၁-၃-၁၉၇၈ ရက်နေ့ မော်လမြိုင်ကျွန်းမြို့၊ သာယာဝတီမြို့၊ မင်းဘူးမြို့
  28. ၁-၄-၁၉၇၈ ရက်နေ့ လွိုင်ကော်မြို့
  29. ၁-၂-၁၉၇၉ ရက်နေ့ အမရပူရမြို့၊ မြစ်ကြီးနားမြို့
  30. ၁-၃-၁၉၇၉ ရက်နေ့ သန်လျင်မြို့၊ မကွေးမြို့
  31. ၁၅-၃-၁၉၈၀ ရက်နေ့ သာစည်မြို့၊ ကြံခင်းမြို့၊ လားရှိုးမြို့၊ ကောလင်းမြို့
  32. ၁-၁၀-၁၉၈၁ ရက်နေ့ အောင်လံမြို့၊ ရေနံချောင်းမြို့၊ ကသာမြို့၊ သထုံမြို့
  33. ၁-၁၁-၁၉၈၂ ရက်နေ့ ပြင်ဦးလွင်မြို့၊ ပန်းတောင်းမြို့၊ ရွှေတောင်မြို့၊ ချောက်မြို့
  34. ၁-၁-၁၉၈၄ ရက်နေ့ ရွှေဘိုမြို့
  35. ၁-၅-၁၉၈၄ ရက်နေ့ ဝမ်းတွင်းမြို့၊ ညောင်ဦးမြို့၊ ကျိုက်ထိုမြို့
  36. ၁-၃-၁၉၈၆ ရက်နေ့ ကလေးမြို့၊ ကျောက်မဲမြို့၊နတ္တလင်းမြို့၊ ကြို့ပင်ကောက်မြို့
  37. ၁-၄-၁၉၈၇ ရက်နေ့ သံတွဲမြို့၊ မုဒုံမြို့၊ ဒိုက်ဦးမြို့၊ မှော်ဘီမြို့
  38. ၁-၉-၁၉၉၇ ရက်နေ့ လှိုင်သာယာမြို့၊ရွှေ ပြည်သာမြို့၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့ သစ်မြောက်ပိုင်း
  39. ၁၃-၁၂-၂၀၀၂ ရက်နေ့ ကျောက်ဆည်မြို့
  40. ၁၅-၉-၂၀၀၃ ရက်နေ့ မူဆည်မြို့
  41. ၁-၄-၂၀၀၈ ရက်နေ့ နေပြည်တော်

အလုပ်သမားဆေးရုံကြီးများဖွင့်လှစ်ခြင်း[ပြင်ဆင်ရန်]

ရန်ကုန်အလုပ်သမားဆေးရုံကြီး[ပြင်ဆင်ရန်]

၁-၁-၁၉၆၀ ရက်နေ့တွင် ခုတင် (၅၀) ဆန့် လူမှုဖူလုံရေး ဆေးရုံကို အလုံမြို့နယ် သခင်မြပန်းခြံတွင် ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၆၁ ခုနှစ်တွင် (၇၅) ခုတင် အဖြစ် တိုးချဲ့ခဲ့ပါသည်။ ၁-၉-၁၉၆၂ ရက်နေ့တွင် တာမွမြေို့နယ်၊ဉာဏဗလကုန်းတွင်(၄.၄၅၇) ဧက ကျယ်ဝန်းသောမြေနေရာ၌ ရန်ကုန်အလုပ်သမားသစ်ကြီးကို အုတ်မြစ်ချ တည်ဆောက်ခဲ့ပါသည်။

၁၃-၆-၁၉၆၄ ရက်နေ့ တွင်ခုတင်(၂၀၀) ဆံ့ အထူးကုဆေးရုံကြီးအဖြစ် ဖွင့်လှစ်ကာ သခင်မြပန်းခြံရှိ အလုပ်သမားဆေးရုံအား အဆိုပါ ဆေးရုံသစ်ကြီးသို့ ရွှေ့ပြောင်းခဲ့ပါသည်။ ၁၉၉၈ ခုနှစ်၊ မတ်လတွင် ခုတင်(၂၅၀) ဆံ့ အဖြစ် တိုးချဲ့ နိုင်ခဲ့ပါသည်။

မန္တလေးအလုပ်သမားဆေးရုံကြီး[ပြင်ဆင်ရန်]

၁၉၉၀ ပြည့်နှစ်၊မေလ(၁၅) ရက်နေ့၌ မန္တလေးမြို့ အရှေ့ ပြင်ရပ်တွင် ခုတင်(၁၅၀)ဆံ့ မန္တလေး အလုပ်သမား ဆေးရုံကြီးကို ဖွင့်လှစ်ခဲ့ပါသည်။

ထန်းတပင်တီဘီရောဂါကုဆေးရုံ[ပြင်ဆင်ရန်]

၂၀၀၃ ခုနှစ်၊ ဧပြီလ (၂၀) ရက် နေ့၌ ထန်းတပင်မြို့၊ ရန်ကုန်-ပုသိမ်-အေဝးပြေးလမ်းမကြီးဘေးတွင် ခုတင်(၁၀၀) ဆံ့ တီဘီရောဂါကု အလုပ်သမား ဆေးရုံကြီးကို ဖွင့်လှစ်ခဲ့ပါသည်။

စီမံကိန်းအား လက်ရှိအကောင်အထည်ဖော်နေမှုအခြေအနေ[ပြင်ဆင်ရန်]

၂၀၁၁ ခုနှစ်၊ ဩဂုတ်လ(၃၁) ရက်နေ့ထိ နပြေည်တော်တွင် ရုံးချုပ်နှင့် ရန်ကုန်၊မန္တလေး၊ ပဲခူးတိုင်းဒေသကြီးများတွင် တိုင်းရုံး(၃)ရုံး၊ မြို့နယ် လူမှုဖူလုံရေးရုံးခွဲ (၇၇)ရုံး၊ မြို့နယ် လူမှုဖူလုံရေး ဆေးခန်း(၉၃)ခန်း၊ အလုပ်သမားဆေးရုံကြီး(၃)ရုံတို့တွင် ရုံးဝန်ထမ်းပေါင်း(၈၃၃)ဦး၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းပေါင်း (၉၂၆) ဦး၊ စုစုပေါင်း (၁၇၅၉)ဦးတို့ဖြင့်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါသည်။

လူမှုဖူလုံရေးစီမံကိန်းအား အကောင်အထည်ဖော်ရာတွင် ရန်ကုန်တိုင်းဒကြေီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် တိုင်းအဆင့် ရုံး(၃)ရုံးနှင့်၊ ချင်းပြည်နယ်မှအပ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီး(၁၃)ခုရှိ မြို့နယ်ပေါင်း (၁၁၀) မြို့နယ်တွင် လူမှုဖူလုံရေးရုံးခွဲပေါင်း(၇၇)ရုံးဖြင့် အကောင် အထည်ဖော်လျက်ရှိပြီး အာမခံအလုပ်သမားများ၏ အခြေခံကျန်းမာရေးစောင့်ရှောက်မှုအတွက် မြို့နယ် လူမှုဖူလုံရေးဆေးခန်း (၉၃) ခန်းနှင့် အဆင့်မြင့် ကုသခြင်းများအတွက် အလုပ်သမားဆေးရုံကြီး (၃) ရုံ တို့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

ထိုကဲ့သို့ ရုံးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်နိုင်ရန် ရုံးဘက်ဆိုင်ရာ ဝန်ထမ်းပေါင်း(၁၁၈၀)ဦး ခွင့်ပြုထားသည့် အနက်(၈၃၃)ဦးဖြင့် လည်းကောင်း၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းပေါင်း(၁၄၄၆) ဦး ခွင့်ပြုထားသည့် အနက် (၉၂၆)ဦးဖြင့်လည်းကောင်း၊ အင်အား(၈၈၇) ဦး လျော့နည်းလျက် စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါသည်။

ဆက်သွယ်ရန်[ပြင်ဆင်ရန်]

လိပ်စာ[ပြင်ဆင်ရန်]

ရုံးအမှတ် (၅၁)၊ အလုပ်သမားဝန်ကြီးဌာန၊ နေပြည်တော်။

အီးမေး[ပြင်ဆင်ရန်]

  • chairman-ssb@myanmar.com.mm
  • ssbmyanmar51@gmail.com

ဖုန်း[ပြင်ဆင်ရန်]

  • (+95)067-430105,430101
  • (+95)067-430097
  • (+95)09-49262740/41/42/43/44

ဝဘ်ဆိုဒ်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]