မာတိကာသို့ ခုန်သွားရန်

မြန်မာနိုင်ငံ ကွန်ပျူတာသမိုင်း

ဝီကီပီးဒီးယား မှ

မြန်မာနိုင်ငံတွင် ကွန်ပျူတာ တက္ကသိုလ်မဆိုထားဘိ ကွန်ပျူတာ ဌာနပင်မရှိသေးမီက (၁၉၇၃ ခုနှစ်မတိုင်မီက ) တက္ကသိုလ်တစ်ခု၏ သင်္ချာဌာနလက်အောက်တွင်တွက်ချက်ရေးယူနစ် အဖြစ် စတင်ဖွဲ့စည်းခဲ့သည်ဟု အဆိုရှိသည်။

လူဦးရေ သန်းခေါင်စာရင်းကောက်ယူမှတ်တမ်းပြုစုသော ကိစ္စရပ်များကို ကူညီဆောင်ရွက်ခဲ့ရကြောင်းလည်း သိရသည်။ စက္ကူ ကဒ်ပြားများကိုစက်ဖြင့်အပေါက်ဖေါက်ပြီး သုံးရသောစနစ်ဖြစ်သည်။ နောက်ပိုင်းတွင် ပီစီ မဟုတ်သေးသော ကွန်ပျူတာများ တစ်စတစ်စ ရောက်ရှိလာပြီး ဝန်ကြီးဌာနအချို့တွင်သုံးစွဲလာခဲ့သည်။ MCC အမည်ဖြင့် ကွန်ပျူတာပညာဆင့်ပွားပေးသောအစုအဖွဲ့ရှိခဲ့ဖူးပြီး ကွန်ပျူတာသင်တန်းကျောင်း လုံးဝမရှိဟုဆိုသည်။ ရှေးဦးစွာရောက်ရှိလာသော PC တို့တွင်လည်း CD ROM, Sound card, Mouse စသည်တို့ မပါဝင်သေးပဲ DOS Version ဖြင့်ပင် Run နိုင်သော စာစီစာရိုက်အတွက် (WordStar)၊ စာရင်းဇယားဆွဲရန် (Foomtools) စသည့် ဆော့ဖ်ဝဲများသုံးကြရသည်ဆိုသည်။

နောက်ပိုင်း (Wordperfect 5.1) ပေါ်ပေါက်လာပြီး (Dbase 4), (Lotus 1-2-3) စသည်တို့အပြင် (Harbor Graphic 3 ), (AutoCAD) စသည်တို့ ကိုပါသုံးစွဲလာနိုင်ကြောင်းသိရသည်။ WINDOWS OS ပေါ်လာသော အပြောင်းအလဲပြီးသည့်တိုင် မြန်မာပြည်တွင် ကွန်ပျူတာ မြင်သိထိတွေ့ဖူးသူ အလွန်နည်းပါးပြီး WINDOW 95 ပေါ်ပေါက်လာပြီးမှ တစ်စတစ်စပြည်သူလူထုအတွင်း ကွန်ပျူတာသုံးစွဲနိုင်သော အခြေအနေရောက်လာခဲ့သည်။ သင်ကြားရေးတွင်မူ WINDOWS 3.1 ခေတ်ကပင် CSS, RS, MCC စသော သင်တန်းအဖွဲ့အစည်းများလဲ ပေါ်ထွန်းလာပြီး၊ ACE, KMD စသည်အဖွဲ့အစည်းများလည်းဆက်လက်ပေါ်ပေါက်လာကြောင်းသိရသည်။ ထို့အပြင် ကွန်ပျူတာဂျာနယ်သည်လည်း မြန်မာ့ကွန်ပျူတာသမိုင်းတွင် အရေးပါသောအခန်းမှပါဝင်နေကာ အကျိုးပြုပံ့ပိုးကူညီနိုင်ခဲ့သည်။

ဒင်းနစ်ဝင်းသိန်း၏အစီအစဉ်ဖြင့် အချို့အခြေခံပညာကျောင်းများအတွက် LC630 Macintosh ကွန်ပျူတာများ အကြွေးရောင်းချပေးခဲ့ရာမှ မြို့ငယ်လေးများ၏အထက်တန်းကျောင်းများပါ ကိုယ်ထူကိုယ်ထစနစ်ဖြင့် Clone PC များ ဝယ်ယူသိမ်းဆည်း ပြသသောဓလေ့၊ Multimedia classroom များ ဖွဲ့စည်းတည်ဆောက်သော ဓလေ့များ ထွန်းကားခဲ့သည်ဆိုသည်။

ဆက်လက်ပြီး Network ကွန်ယက်ချိတ်ဆက်သောလုပ်ငန်းများဖွံ့ဖြိုးလာခဲ့သော်လည်း အင်တာနက်ကို တိုက်ရိုက်မသုံးနိုင်သေးပဲ အင်ထရာနက် သုံးကြရသည်ဆိုသည်။ Dial up စနစ် ကွန်ယက်ချိတ်ဆက် ပစ္စည်းတို့မှာ ခွင့်ပြုချက်မရလျှင်သုံးစွဲခွင့်မရှိသောကန့်သတ်ပစ္စည်းဖြစ်ခဲ့ရပြီး နောင်အခါ IP Star စလောင်းများဖြင့် Internet ချိတ်ဆက်အသုံးပြုမှုအထိ ကျယ်ပြန့်လာသည်ဆိုသည်။

ကွန်ပြူတာ ဝန်ဆောင်မှုအပိုင်းတွင် စာစီစာရိုက်လုပ်ငန်းမှာစီးပွားဖြစ်အသွင်ဦးစွာပေါ်ပေါက်လာပြီး၊ ကွန်ပျူတာဖြင့် ဇာတာဖွဲ့ပေးခြင်း စသည်တို့သည်လည်း စောစီးစွာပေါ်ပေါက်ဖူးသည်ဆိုသည်။ စာစီရာမှ ဒီဇိုင်းလုပ်ငန်းများ၊ ထိုမှတဆင့် စီဒီဗီဒီယိုအခွေကူးခြင်း/ MP3 ပြောင်းပေးခြင်း၊ ငှားရမ်းခြင်း၊ ဓာတ်ပုံအခွေထုတ်ခြင်း၊ ဗီဒီယို တည်းဖြတ်ခြင်း၊ ကာတွန်းရုပ်ရှင်ဖန်တီးခြင်း၊ ဂိမ်းဆိုင်များဖွင်ခြင်းတို့နှင့်အတူ ဆိုင်ဘာကဖေးဆိုင်များ ပေါ်ထွန်းလာသည်အထိ ကမ္ဘာနှင့်အညီ ရင်ဘောင်တန်းလိုက်လာနိုင်သလို IT ပညာရှင်များလည်း အထိုက်အလျောက် ပေါ်ပေါက်လာပြီး ကွန်ယက်များချိတ်ဆက်ထိန်းသိမ်းပေးခြင်း၊ ဆော့ဖ်ဝဲ ရေးသားရောင်းချခြင်း၊ Web page ဒီဇိုင်းများရေးဆွဲကြေညာပေးခြင်း စသည့် အတတ်များလည်း တတ်ကျွမ်းလာနေပြီဖြစ်သည်။

စာသင်ကျောင်းများတွင်လည်း ကွန်ပျူတာပညာရေးတိုးတက်လာစေရန် ကျောင်းသား၊ကျောင်းသူများအား ကွန်ပျူတာနှင့်ရင်းနှီးလာစေရန်ရည်ရွယ်၍ကွန်ပျူတာများထားရှိပေးပါသော်လည်း ကွန်ပျူတာအခန်းသည်အမြဲပင် သော့ခက်ထားလေ့ရှိကာ၊ ကျောင်းအုပ်ချုပ်ရေးလူကြီးများလာမည့်အခါမှသာ စာတော်သောအခန်းမှကျောင်းသား၊ကျောင်းသူများသာ ရံဖန်ရံခါအသုံးပြုခွင့်ရကြသည်။ ကွန်ပျူတာများအလုံအလောက်မရှိသောကြောင့်လည်း လက်ကွက်များပုံနှိပ်၍လက်ကွက်ကျင့်ရသည်များလည်းရှိသေးသည်။

ယနေ့မြန်မာနှင့်ကွန်ပျုတာ

[ပြင်ဆင်ရန်]

ယနေ့ မြန်မာနိုင်ငံ မြို့ကြီးအတော်များများတွင် ကွန်ပျုတာကွန်ယက်များ တည်ထောင်ထားရှိနိုင်ပြီဖြစ်သည်။ ထို့ကြောင့် ကွန်ပျုတာနှင့် ပတ်သက်သော ပညာရပ်များ၊ ဆက်စပ်ပစ္စည်းများကို ရင်းနှီးကျွမ်းဝင်မှု ရှိလာပြီဖြစ်သည်။ (Public Access Centre) များတိုးချဲ့တည်ထောင် လာနိုင်သည်နှင့်အမျှ မြန်မာနိုင်ငံ ကွန်ပျုတာလောကသည် တရိပ်ရိပ် တိုးတက်လာနေပြီ ဖြစ်သည်။ လူငယ်လူကြီးမရွေး ကမ္ဘာနှင့် ရင်ဘောင်တန်းကာ ဆက်သွယ်မူများ ပြုလာနိုင်ပြီဖြစ်သည်။ သတင်းအချက် အလက်ဖလှယ်ခြင်း၊ အဝေးရောက် မိသားစု၊ ချစ်သူ၊ သူငယ်ချင်းများနှင့်လဲလွယ်လင့်တကူ ဆက်သွယ် ပြောဆိုနိုင်ခြင်း၊ ကွန်ပျုတာ နည်းပညာရှာဖွေခြင်း၊ တိုးတက်ကြံဆောင်ခြင်းများကိုလဲ ပြုလုပ်လာနိုင်ပြီဖြစ်သည်။

ကိုးကား

[ပြင်ဆင်ရန်]