မြန်မာကဗျာ ကာရန်ယူနည်းများ

ဝီကီပီးဒီးယား မှ

မြန်မာကဗျာများတွင် ရွှေနှင့်ယိုးမှား ပန်းစံကားကဲ့သို့သော မြန်မာ့စာပေသမိုင်းတွင် ရှေးအကျဆုံးသော ကဗျာများမှ စ၍ ခေတ်စမ်းကဗျာများအလယ် ယနေ့ခေတ်ရေပန်းစားနေသော ဟစ်ဟော့ပ်ဂီတ သံစဉ်များ အဆုံး ကာရန်ယူ၍ ရေးဖွဲ့လေ့ ရှိကြသည်။ ပို့စ်မော်ဒန် ကဗျာများတွင်မူ ဘာသာစကား၏ ထိန်းချုပ်မှုကို ဆန့်ကျင်သည့် အနေနှင့် ကာရန်ကို ရှောင်လွဲ၍ ရေးဖွဲ့တတ်ကြသည်။ ကာရန် ဆိုသည်မှာ ပထမ စကားလုံးတွဲ၏ နောက်ဆုံးစာလုံးကို ဒုတိယစာလုံး တခါတရံတွင် တတိယစာလုံး အထိ အသံကိုက်ညီအောင် ရေးဖွဲ့ခြင်း ဖြစ်သည်။

ကာရန်နှင့် ပတ်သက်၍ မြန်မာစာအဖွဲ့ ဦးစီးဌာနက ထုတ်ဝေသော မြန်မာအဘိဓာန်တွင် ၁။ အက္ခရာ၏ အဆုံးဖြစ်သော သရသံ။ ၂။ ကဗျာလင်္ကာတွင် စည်းမျဉ်းအရစပ်ထားသော စကားလုံးတို့၏ ညီညွတ်သော အသံ။ ဟူ၍ နာမ်အနက် ၂ မျိုးပေးထားသည်ကိုတွေ့ရသည်။ ပါဠိဝေါဟာရ ကာရန္တ မှ မွေးစားယူထားသော စကားလုံးဖြစ်ကြောင်းလည်းဖော်ပြထားသည်။ ဥပမာအားဖြင့် က အက္ခရာတွင်စွဲသော အ သရသံ၊ ကာ အက္ခရာတွင်စွဲသော အာ သရသံကိုပင် ကာရန်ဟုဆိုလိုရင်းဖြစ်သည်။

ကဗျာလင်္ကာဖွဲ့ဆိုရာတွင် အသံတူသရသံများကို ကဗျာအဖွဲ့ပုံစံအလိုက် နေရာအထားအသိုစနစ်တစ်ရပ်ရပ်ကိုလိုက်နာ၍ ရေးဖွဲ့စပ်ဆိုခြင်းကိုပင် ကာရန်ယူသည်ဟုဆိုနိုင်သည်။ စည်းစနစ်ကြီးသော ကဗျာအဖွဲ့တို့တွင် သရသံသက်သက်သာမက အသတ်၊ အရစ်၊ အပင့် စသည်တို့ပင်တူညီအောင်စပ်ဆိုကြသည်ကိုတွေ့ရသည်။ နှောင်းပိုင်းကဗျာတို့တွင် အနက်ရရန်ကိုသာ ဦးစားပေးကြသည့်အတွက် ရတတ်သမျှ အသံကိုတူ ညီအောင်ယူကြသည်သာများသည်။ အပင့်၊ အရစ်၊ အသတ် တူညီမှုကို ဦးစားပေးဖွဲ့ဆိုခြင်းနည်းလာသည်။ ဘာသာစကားထိန်းချုပ်မှုကို ထိုနည်းဖြင့် ဖြေလျှော့လာသည့်အတွက် ကဗျာအဖွဲ့ပုံစံများ အသံယူပုံစနစ်များ ပိုမိုလွတ်လပ်လာကြသည်ကို ခေတ်ကဗျာများတွင် တွေ့မြင်နိုင်ပေသည်။ အောက်ဖော်ပြပါ ကာရန်ယူနည်းများသည် မြန်မာကဗျာအဖွဲ့ပုံစံများတွင် အတွေ့အမြင်ရများသော ကာရန်ယူနည်းများဖြစ်ကြသည်။

၄-၃-၂ ကာရန်[ပြင်ဆင်ရန်]

ကဗျာဆရာ မင်းသုဝဏ် ၏ သူ့မှာတမ်း ကဗျာမှ အောက်ပါစာပိုဒ်ကို လေ့လာကြည့်လျှင် ၄-၃-၂ ကာရန် ယူနည်းကို တွေ့နိုင်သည်။ ပထမစကားလုံးတွဲ ၏ ၄ လုံးမြောက် ဆုတ် ၊ ဒုတိယ စကာလုံးတွဲ၏ ၃လုံးမြောက် မြှုပ် နှင့် တတိယ စကားလုံးတွဲ၏ ၂ လုံးမြောက် ငုတ်တို့ကို ကာရန်ကိုက်၍ ရေးဖွဲ့ထားသည်။

သူတို့အဆုတ်
ထားခဲ့မြှုပ်သည့်
ဗုံးငုတ်တိုက်မှား
မောင်ပြောက်ကျားကို
ရွာသားရွာသူ
မေးကြမြူသည်
အူအူယမ်းငွေ့ ထတုန်းတည်း။

၅-၃-၂ ကာရန်[ပြင်ဆင်ရန်]

ရှင်မဟာရဋ္ဌသာရ၏ ဝဏ္ဏပဘာကို ရည်ညွန်းဖွဲ့ဆိုထားသော ကဗျာမှ အောက်ပါစာပိုဒ်ကို လေ့လာ ကြည့်ပါက ၅-၃-၂ ကာရန် ယူနည်းကို တွေ့နိုင်သည်။

ဝဏ္ဏပဘာ
ကလျာဖူးစသစ်
ပျိုမျစ်မျစ်လျင်
ကျစ်လျစ်တင့်စံပယ်
လှမျိုးကြွယ်သား

၄ ၃ ၁ ကာရန်[ပြင်ဆင်ရန်]

၄ ၃ ၂ ကာရန်နည်းတူ အခြားသောကာရန်တစ်မျိုးလည်းရှိသေး၏။ ထိုကာရန်မှာလေးသုံးတစ် ကာရန်အမျိုးအစားဖြစ်သည်။

နမူနာ အနေဖြင့် အောက်တွင်ဖော်ပြထားပါသည်။

သူ့အားနည်းချက်

ထုတ်ဖော်လျက်

ပြက်ရယ်ပြုတာရှက်စရာ..။


ဤ သံပေါက်ကဗျာလေးတွင် ချက် လျက် ပြက်

ဟူသောကာရန်ယူထားပုံမှာ လေးသုံးတစ်နည်းနာအတိုင်းပင်ဖြစ်သည်။