မြင်းခွာတောင်

ဝီကီပီးဒီးယား မှ

မြင်းခွာတောင်သည် စစ်ကိုင်းတိုင်းဒေသကြီးကန့်ဘလူခရိုင် ၊ ဝက်တိုးကျေးရွာအနီးတွင် တည်ရှိသည်။ မြင်းခွာတောင်မှာ စိတ်ဝင်စားဖွယ်ရာဖြစ်ပြီး တောင်ပေါ်နေရာ အနှံ့တွင် မြင်းခွာရာများ တည်ရှိနေသည့်အတွက် ရှေးယခင်ကပင် မြင်းခွာတောင်ဟု ခေါ်ဝေါ်ခဲ့ကြခြင်း ဖြစ်သည်။ မြင်းခွာတောင်အနီးတွင် စိုက်ပျိုးရေးအတွက် အဓိကကျသော ရေများကို တစ်နှစ်ပတ်လုံး လွှတ်ပေးနေသည့် ကင်းတပ်ရေလွှဲတမံ တစ်ခု တည်ဆောက် ထားသည်။ မြင်းခွာတောင်ပေါ်မှ ကင်းတပ်ရေလွှဲတမံ အလှရှုခင်းနှင့် ပတ်ဝန်းကျင်ရှုခင်းများကို ကြည့်ရှုနိုင်သည်။


အလောင်းစည်သူမင်းကြီး ဖောင်စကြာဖြင့် တိုင်းခန်း လှည့်လည်ရာတွင် မြင်းခွာတောင်ပေါ်တွင် ခေတ္တစံမြန်းကာ စေတီပုထိုးများ တည်ထားတော်မူခဲ့သည်ဟု ဆိုထားသည်။ လက်ရှိကာလအထိ ဖောင်တော်ဦးစေတီကို ဖူးမြင်နိုင်သည်။

မြင်းခွာတောင်ပေါ်တွင် နေရာအနှံ့ မြင်းခွာများ ရှိသကဲ့သို့ လိုဏ်ဂူငယ်များလည်း ရှိသည်။ ရှေးယခင်က ထိုလိုဏ်ဂူငယ်များမှာ တစ်ဖက်နှင့်တစ်ဖက် ဆက်စပ်ကာ လူသွားလာနိုင်သော လိုဏ်ဂူများအဖြစ် တည်ရှိပြီး လက်ရှိကာလတွင် လိုဏ်ဂူအဝများ ပိတ်သွားသည်။ လိုဏ်ဂူများအပြင် ထူးခြားသော လိုဏ်ခေါင်းငယ်များစွာ ရှိပြီး လိုဏ်ခေါင်းငယ်များအတွင်း လက်ရာမြောက် ဗုဒ္ဓရုပ်ပွားတော်များကို တည်ထားကိုးကွယ်ထားသည်။

နှစ်စဉ်တရားစခန်းများ ရှိသလို အခါကြီး ရက်ကြီးများတွင် မြင်းခွာတောင်နှင့် ကင်းတပ်ရေလွှဲတမံမှာ လူစည်ကားသော နေရာပင် ဖြစ်သည်။ မြင်းခွာတောင် မှာ သဘာဝပေါက်ပင်များ တည်ရှိပြီး တောင်တော်ပေါ်တွင် သားသတ်ခြင်း၊ တောလိုက်ခြင်း မပြုရန် တားမြစ်ထားသည်။ တောင်တော်ကို ရွှေတောင်ဦး ဆရာတော် သာသနာပြုခဲ့သည့်အတွက် ဘုရားပုထိုးများကို သပ္ပာယ်ကြည်နူးဖွယ် ဖူးမြော်နိုင်ပေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မန္တလေးနေ့စဉ်၊ ၆.၇.၂၀၁၈၊ စာ-၁၅