မေ (ဝတ္ထု)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မေ ဝတ္ထုသည် စာရေးဆရာ ဒဂုန်တာရာ၏ ၁၉၄၁ ခုနှစ်ထုတ် ဝတ္ထုတစ်ပုဒ်ဖြစ်သည်။ [၁]

ဆရာဒဂုန်တာရာသည် မေဝတ္ထုကို ထုတ်ဝေစဉ်က သူငယ်ချင်း သခင်ဗဟိန်း၏ အမှာစာကို မရအရ တောင်းယူကာ ထည့်သွင်းခဲ့သည်။ မေဝတ္ထုထွက်သည်က ၁၉၄၁ ။ ထိုအချိန်တွင် သခင်ဗဟိန်း သည် ကွန်မြူနစ်ပါတီ၏ ကျောင်းသားရေးရာစည်းရုံးရေးမှူး ဖြစ်နေပြီ။ စင်စစ် သခင်ဗဟိန်းကား ဗမာပြည်ကွန်မြူနစ်ပါတီကို စတင်တည်ထောင်သူများတွင် တဦး အပါ အဝင် ဖြစ်ပေသည်။ ဒဂုန်တာရာ၏ မေ ဝတ္ထုနှင့် အတူ တွဲပါလာသည့် ဖြစ်ရပ်များမှာ အံ့ဩစရာပင်။

ဗမာပြည်ကွန်မြူနစ်ပါတီကို တည်ထောင်သူတဦးဖြစ်သော သခင်ဗဟိန်းက ဒဂုန်တာရာ၏ မေဝတ္ထု အမှာစာတွင် “ သူသည် တော်လှန်ရေးသမား ဖြစ်လေသည်။ ရေးနေကျများကို တော်လှန်၍ အသစ်ထွင်သည်” ဟု ရေးထားသည်။ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဆက်နွယ် နေသူများဖြစ်သော မိုးကြိုမုန်တိုင်းဝေဖန်ရေးဆရာတို့က “ တော်လှန်သောအတွေးအခေါ် ကင်းမဲ့သူ၊ ဖောက်ပြန်သော ဓနရှင်ပေါက်စ ပညာတတ်” ဟု ဝေဖန်ကြသည်။ သို့ဖြင့် မေဝတ္ထု သည် စာရေးသူဒဂုန်တာရာအား ထူးခြားထွေပြားသော ကံကြမ္မာတို့ကို ဖန်တီးပေးခဲ့လေသည်။ ထူးဆန်းသောဝတ္ထုတပုဒ်ဟု ဆိုနိုင် ကောင်းသည်။

ထူးခြားဆန်းကြယ်သော ကံကြမ္မာတို့ကို ဖန်တီးပေးသည့် မေဝတ္ထုသည် ဘာလဲ။ မေဝတ္ထုသည် ဘယ်က လာသလဲ။ မေ သည် အမှီးဝတ္ထု ၊ ဘာသာပြန်ဝတ္ထု ဟု ဆိုသည်။ မေသည် မေ အဖြစ်သို့ ဘဝပြောင်းမလာမီက အင်္ဂလိပ်စာရေးဆရာကြီး ဘီဗာလီနစ်ကိုးလ် (Beverley Nichols) ၏ Self ဖြစ်ခဲ့သည်ဟု ဆိုသည်။ Self သည် မေ၏ အတ္တ၊ မေ၏ မူရင်း ဖြစ်သည်။

Self သို့မဟုတ် နန်စီ[ပြင်ဆင်ရန်]

အင်္ဂလိပ်စာရေးဆရာ ဘီဗာလေနစ်ကိုးလ် ( ၁၈၉၈ - ၁၉၈၃ ) ၏ Self ဝတ္ထုသည် နန်စီ အမည်ရှိ အမျိုးသမီးငယ်တဦးကို ဗဟိုပြုရေးဖွဲ့ထားသော ဝတ္ထုဖြစ်သည်။ နန်စီသည် တကောင်ကြွက်ဖြစ်သည်။ ကချေသည်ဖြစ်သူ အမေက နန်စီကလေးဘဝတွင် ဆုံး သွားသည်။ စန္ဒယားဆရာအဖေနှင့် အတူ လန်ဒန်မြို့လည်ရှိ နိုက်ကလပ်များ ဘားဆိုင်များ တွင် ကြီးပြင်းခဲ့သည်။ နန်စီက သူ့မိခင်နှင့် စရိုက်တူသည်။ နိုက်ကလပ်များတွင် ပျော်သည်။ ကခုန် သီဆိုရသည်ကို ပျော်သည်။ ပန်းချီဆရာ တွေနှင့် ရင်းနှီးပြီး မော်ဒယ်လုပ်ပေးရသည်ကို ပျော် သည်။ ပန်းချီဆရာတွေကလည်း သွက်လက်သော နန်စီကို ချစ်ကြသည်။ နန်စီသည် လူလည်း သွက်သည်။ ဉာဏ်လည်းသွက်သည်။ အင်္ဂလိပ် စကားသာမက ဂျာမန်စကားနှင့် ပြင်သစ် စကား ကိုပါ တတ်သည်။ စန္ဒယားတီးရာတွင် ဖခင်ထက် တော်သည်။ ဖခင်က နန်စီကို သူ့အမေလို မဖြစ် စေချင်။ သူ့အမေက လှသည် လွယ်သည် ဆိုသော မိန်းမမျိုး။ ထိုကြောင့် နန်စီကို စည်းကမ်း နှင့် ထိန်းကျောင်းပေးချင်သည်။ ပညာတတ်လည်း ဖြစ်စေချင်သည်။ ဘော်ဒါကျောင်းကပင် အသင့် တော်ဆုံးဖြစ်မည်ဟု ဆုံးဖြတ်လိုက်သည်။ ဆယ်ကျော်သက်အရွယ်ရောက်သော် အဖေက နန်စီကို တင်းကျပ်သော ဘော်ဒါဆောင်ကျောင်းကို ပို့သည်။ နန်စီကတော့ ဘော်ဒါကျောင်း မသွားချင်။ သို့သော် ဖခင်ကို မလွန်ဆန်နိုင်သဖြင့် သွားရသည်။ ကျောင်းရောက်ပြီးမကြာခင် ဖခင်ဆုံးသည်။ နန်စီသည် ဘော်ဒါကျောင်း၏ တင်းကျပ်သော စည်းကမ်းအောက်တွင် နှလုံးသားမရှိသောသူ အဖြစ်သို့ပြောင်းသွားသည်။ အားလုံးကသူ့ကို နှိမ်သည်ဟု ခံစားနေရသည်။ နန်စီအဖို့ ဘော်ဒါ ကျောင်းတွင် မပျော်ပိုက်သော်လည်း နေစရာမရှိ။ ဘော်ဒါ ကျောင်းတွင် တဖက်မှာ စာလည်း သင်ယူပြီး တဖက်ကလည်း ဆရာတွေ စာသင်သည်ကို ကူညီပေးသဖြင့် လစာနည်းနည်း ရသည်။ ထိုကြောင့် ဘော်ဒါကျောင်းတွင် နေသူတွေနှင့် သဟဇာတ မဖြစ်သော်လည်း ကျောင်းပြီးသည် အထိ ကျိတ်မှိတ်နေရသည်။ ယင်းကျောင်းတွင် နန်စီ ခင်မင်သူဟူ၍ ဟယ်လင်တယောက်သာ ရှိသည်။ ဟယ်လင်ကလွဲလျှင် အားလုံးကို မုန်းသည်။ စင်စစ် ဟယ်လင်ကိုပင်လျှင် သူ့အတွက် တချိန်တွင် အသုံးဝင်လိမ့်မည်ဟူသော ရည်ရွယ်ချက်နှင့် ပေါင်းသင်းနေခြင်း ဖြစ်သည်။ ကိုယ်ကျိုး စီးပွားနှင့် ယှဉ်၍ သူ့အတွက် အသုံးကျမည့်သူများကိုသာ နန်စီ အဖက်လုပ်သည်။ ဟန်ဆောင် ပေါင်းသည်။ ဘော်ဒါကျောင်းတွင် ငါးနှစ်ကြာသော် ကျောင်းပြီးသွားသည်။ လန်ဒန်နှင့် မနီးမဝေးတွင်ရှိသော မီးလ်ဖီးလ် (Millfield) မြို့မှာ ရှိသည့် သင်းအုပ်ဆရာ၏ နေအိမ်တွင် အလုပ်ရသည်။ သင်းအုပ် ဆရာဂျက်ဆင်၏ သမီးနှစ်ယောက်ကို စာသင်ပေးရသည်။ စန္ဒယားတီး သင်ပေးရသည်။ သင်းအုပ် ဆရာက ကြောင်သူတော်။ အရက်ကြိုက်သည်။ မိန်းမကြိုက်သည်။ ဘာသာရေးသမား ဖြစ်သော် လည်း ရိုးသားမှုမရှိ။ ပါးစပ်က ဘုရား၊ လက်က ကားယား ဆိုသော လူစားမျိုး။ နန်စီသည် သင်းအုပ်ဆရာ၏ အသိုင်းအဝိုင်းကို မနှစ်သက်။ မီးလ်ဖီးလ်ဒ် မြို ့က အမျိုးသမီးတွေကို အထင် သေးသည်။ သင်းအုပ်ဆရာကိုလည်း သဘောမကျ။ သင်းအုပ်ဆရာက သူ ့အား ရိသဲ့သဲ့ လုပ်နေ သည်ကို နန်စီ ရိပ်မိသည်။ ထိုကြောင့် သင်းအုပ်ဆရာအပေါ်တွင် မည်သို့ အမြတ်ထုတ်ရမည်ကို စဉ်းစားသည်။ သင်းအုပ်ဆရာက နန်စီကို ချဉ်းကပ်ဖို့ ကြိုးစားသည်။ လူအလစ်တွင် ဖက်သည်။ နမ်းသည်။ နန်စီက သင်းအုပ်ဆရာကို အိမ်ဖော်မိန်းကလေးနှင့် ပူးပေါင်းပြီး ထောင်ချောက် ဆင်ကာ ငွေညှစ်သည်။ ငွေရသောအခါ လန်ဒန်သို့ ပြန်လာသည်။

လန်ဒန်ပြန်ရောက်သည့် ညတွင်ပင် သူကျင်လည်ခဲ့သည့် နိုက်ကလပ်များ ဘားဆိုင်များ ရှိသည့် နေရာ ကို ပြန်သွားရင်း လူရှုပ်ဘီလ်နှင့် တွေ့ပြီး သဘောကျသွားသည်။ ဘီလ်က လက်ဝှေ ့သမား ဟောင်း တယောက်ဖြစ်သဖြင့် တောင့်တင်းသန်မာသော ခန္ဓာကိုယ်က ကြွားကြွားရွားရွား။ ဒါကို နန်စီ တပ်မက်ခြင်းဖြစ်သည်။ နောက်တော့ ဘီလ်၏ ညစ်ပတ်သောအခန်းကျဉ်းသို ့ လိုက်သွားကာ အတူအိပ်ကြသည်။ ဒီလို လောင်မြိုက်သည့်ရသမျိုးကိုမှ နန်စီက ခုံမင်နှစ်သက်သည်။ ဒါဟာ နန်စီ အတွက်တော့ အချစ်ပဲ ဖြစ်သည်။ ညပြန်မအိပ်သော နန်စီ ကို အဆောင်က ဆက်နေခွင့် မပေးသဖြင့် သူငယ်ချင်း ဟယ်လင်၏ အိမ်တွင် သွားနေသည်။ မကြာခင်ပင် ဟယ်လင်၏အကို ဝေါလ်တာနှင့် ချစ်သူများ ဖြစ်သွားကြ သည်။ ထိုအချိန်တွင် ဝေါ်လ်တာသည် စစ်ရုံးတွင် အလုပ်လုပ်နေသည်။ နန်စီက ဝေါ်လ်တာ ကို မချစ်။ အထက်တန်းလွှာဖြစ်သဖြင့်သာ ရိုးရိုးအအ ဝေါ်လ်တာကို နန်စီက ထောင်ဖမ်းလိုက်ခြင်း ဖြစ်သည်။

ဟယ်လင်၏ အိမ်တွင် နေရင်း အထက်တန်းလွှာများနှင့် တွေ ့ရသည်။ ယင်းအနက် စီးပွားရေး သမား အော်တိုခရတ်ကို စိတ်အဝင်စားဆုံး။ ခရတ်က အစိုးရပိုင်းက ထိပ်တန်းအရာရှိတွေနှင့် အလွန်ရင်းနှီးသည်။ ထိုအရာရှိများက အစိုးရ၏ ထိပ်တန်းလျှို ့ဝှက်ချက်များကို အသိပေးပြီး အကြံဉာဏ်တောင်းခံရသူ ဖြစ်သည်။ စတော့ရှယ်ယာ ဈေးကွက်ကို ကျွမ်းကျင်သူလည်း ဖြစ်သည်။ ငွေကြေးချမ်းသာပြီး ဩဇာရှိသော ခရတ်မှာ နန်စီ့အတွက် မျှော်မှန်းချက်တခု ဖြစ်သည်။ ခရတ်၏ အိမ်သို့ နန်စီ၊ ဝေါ်လ်တာ နှင့် ဟယ်လင်တို ့ သွားလည်ကာ ထမင်းစားသည်။ ခရတ်က သူစု ဆောင်း ထားသော ကျောက်မျက် ရတနာများကို ပြကာ နန်စီကို မြှူသည်။ စစ်ကြီးပြီးသည့်နေ ့တွင် နန်စီတို ့သုံးယောက် အပြင်ထွက်လည်ကြသည်။ ပျော်ပွဲဆင်နေသည့် လူအုပ်အတွင်း တိုးဝှေ ့ရင်း နန်စီက တခြားသို ့ ခွဲထွက်သွားသည်။ ထိုစဉ် သူနှင့် အိပ်ခဲ့ဖူးသော ဘီလ်ကို လူအုပ်ကြားမှာ တွေ ့ရသည်။ သူတို ့နှစ်ယောက် လူပြတ်သည့်နေရာကို သွားပြီး ကာမ ရသကို ခံစားကြပြန်သည်။ ဘီလ်က ကိစ္စပြီးတော့ သူ ့ကို ထားခဲ့သည်။ နန်စီက အောင်ပွဲခံ နေ သည့် လူအုပ်ရှိရာ ပြန်လာရင်း မိန်းမတယောက်၏ ပုလဲလည်ဆွဲကို လိုချင်တပ်မက်ကာ လုယူ လိုက်သည်။ ဟယ်လင်၏နေအိမ်သို ့ ပြောင်းရွှေ ့နေထိုင်ပြီးနောက် လအတန်ကြာတွင်ပင် နန်စီသည် ဝေါ်လ်တာနှင့် လက် ထပ်လိုက်သည်။ လက်ထပ်ပြီးနောက် ကိုယ့်အိမ်နှင့်ကိုယ်ခွဲနေသည်။ နန်စီက အိမ်တဆောင် မီး တပြောင်နှင့် လွတ်လပ်စွာနေချင်သောကြောင့်ဖြစ်သည်။ သို့သော် ငွေကြေးက မလောက်ငှ။ စစ်ကြီးပြီးသွားသဖြင့် ဝေါ်လ်တာက အလုပ်လက်မဲ့ ဖြစ်နေသည်။ နန်စီကလည်း အဝတ်အစား မက်သည်။ ငွေပြတ်သည့်ဒဏ်ကို နန်စီ မခံနိုင်။ ငွေရလမ်းကို ကြံရင်း ကြာကူလီခရတ်ကို သတိရ သည်။ ဝေါ်လ်တာကို ခရီးထွက်ခိုင်းပြီး ခရတ်ထံသို့ သွားသည်။ ခရတ်နှင့် အိပ်သည်။ ခရတ် ပေးလိုက်သော ငွေကို ယူကာ အိမ်ပြန်လာ သည်။ အိမ်ရောက်တော့ နန်စီနေမကောင်း။ အော့အန် သည်။ နန်စီသည် ဝေါ်လ်တာနှင့် ကိုယ်ဝန် ရနေပြီ။ ကိုယ်ဝန်ကို စောင့်ရှောက်ရင်း အနားယူရန်အတွက် နန်စီနှင့် ဝေါ်လ်တာသည် မီးလ်ဖီးလ် မြို့ ကလေးသို့ ပြောင်းရွှေ့နေထိုင်သည်။ နန်စီက ဝေါ်လ်တာကို စတင်တွေ့ခဲ့သည်မှာ မီးလ်ဖီးလ်ဒ် တွင် အလုပ်လုပ်စဉ်က ဖြစ်သောကြောင့်ပင်။ မီးလ်ဖီးလ်မြို ့မှာက နန်စီနှင့် ပတ် သက်၍ သင်းအုပ်ဆရာက အပုပ်ချထားသဖြင့် နန်စီရောက်လာသည်ကို မည်သူမှ မကြိုဆိုချင်။ နန်စီက ဧည့်ခံပွဲတခုလုပ်ကာ မြို ့မျက်နှာဖုံးအမျိုးသမီးများကို ဖိတ်သည်။ သင်းအုပ်ဆရာ မိသားစု ကတော့ မလာရောက်။ သင်းအုပ်ဆရာက သူ့အား ထောင်ဖမ်းပြီး ငွေ ညှစ်ခဲ့သော နန်စီကို အခဲ မကျေ။ ဧည့်ခံပွဲပြီးတော့ နန်စီက ခြံထဲကို ဆင်းပြီး ဝေါ်လ်တာကို ရှာသည်။ ထိုစဉ်ပင် စာပို့သမား က စာတစောင်ပေး၍ ဖွင့်ဖောက်ကြည့်ရာ ခရတ်ထံမှ စာ ဖြစ်နေသည်။ သူ့ထံ လာတွေ့ရန် ရေး ထားသည့် စာကို ဖတ်ပြီး နန်စီ တုံလှုပ်သွားသည်။ စာကို အစိတ်စိတ်ဖြဲဆုတ်ရင်း အိမ်ပေါ် ပြန် တက်လာသည်။ ထိုစဉ်ပင် အရက်မူးနေသော သင်းအုပ်ဆရာက ရောက်လာကာ နန်စီကို အရှက်ခွဲ သည်။ နန်စီ၏ အရှုပ်ထုပ်များကို ဖော်သည်။

မုန်တိုင်းထန်သော ညတွင်ပင် နန်စီ သားကလေး မွေးသည်။ နန်စီသည် သားလေးကို အရူးအမူး ချစ်မိသည်။ သားကို အကောင်းမွန်ဆုံးဖြစ်စေချင်သော မိခင်စိတ်ဓာတ်သည် နန်စီတွင် ပေါက်ဖွား လာသည်။ သို ့ဖြင့် ညစ်ထေးသော ဘဝကို ချန်ရစ်ပြီး စင်ကြယ်သောဘဝကို လိုချင်လာသည်။ သင်းအုပ်ဆရာထံမှ ငွေညှစ်ခဲ့တာတွေ၊ ဘီလ်နှင့် အိပ်ခဲ့တာတွေ၊ ကြာကူလီခရတ်နှင့် ကြေးစား အဖြစ် ဆက်ဆံခဲ့တာတွေကို နောင်တ ရသည်။ ဒီကြားထဲ ခရတ်က သူ ့ကို လာတွေ ့ရန် စာရေး တော့ နန်စီ စိတ်ညစ်သည်။ ခရတ်ကို အဆက်အဆံ မလုပ်ရန် ပြောရမည်ဟု နန်စီဆုံးဖြတ်သည်။ နန်စီသည် သားကို ချစ်မြတ်နိုးလှပေးရာ သား၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမည့် အကျင့်တို ့ကို အတိတ်တွင် ချန်ထားခဲ့တော့မည်။ သူ့ဘဝသည် သားအတွက်သာ ဖြစ်ရမည်။

သားကလေးမွေးပြီးနောက် လအတန်ကြာတွင် လန်ဒန်သို ့ပြန်လာသည်။ တနေ ့တော့ ဝေါ်လ်တာ ခရီးရက်ရှည် ထွက်သည်။ နောက်ရက်တွင် နန်စီသည် ခရတ်ထံသွားပြီး သူ ့ကို အဆက် ဖြတ်ရန် ပြောသည်။ ခရတ်က နန်စီကို စွဲလန်းနေသောကြောင့် အဆက် မဖြတ်နိုင်။ နန်စီက ယခင်ကလို စိတ်ဓာတ်မျိုးမရှိတော့ဘဲ သားကောင်းမိခင်အဖြစ်သာ ဘဝကို ဆက်လက်နေထိုင်တော့မည် ဖြစ် ကြောင်းပြောသော်လည်း ခရတ်က လက်မခံ။ နန်စီကို အတင်းအဓမ္မ ဆက်ဆံသည်။ နန်စီ သည် စိတ်ညှိုးချုံးကာ အိမ်ပြန်လာသည်။ အိမ်ရောက်တော့ ယောက်ျားဖြစ်သူ ဝေါ်လ်တာက အိပ်ခန်း ထဲမှာ သူ ့ကို စောင့်နေသည်။ ဝေါ်လတာက နန်စီ၏ အကြောင်းစုံကို သိသွားပြီ။ နန်စီလျှို ့ ဝှက်သိမ်းဆည်းထားသော အရာများ ကို တွေ ့သွားပြီ။ သင်းအုပ်ဆရာထံက အကောက်ဉာဏ်ဆင်ကာ ယူခဲ့သော ငွေ၊ ခရတ်ဖ်တ် ထံမှ ခန္ဓာကိုယ်ရောင်းပြီး ရယူခဲ့သောငွေ၊ လုယူခဲ့သော ပုလဲလည်ဆွဲ၊ ဘီလ် ပေးထားသော ဓာတ်ပုံ စသည်များ။ နောက်ဆုံးတော့ နန်စီသည် ဝေါ်လ်တာနှင့် သားကို စွန် ့ခွါပြီး အိမ်မှ ဆင်းသွားရတော့သည်။ သွားစရာနေရာက တခုပဲရှိသည်။ သူ ့ရည်းစား ဘီလ်နေသည့် ညစ်ပတ်သောအခန်းကျဉ်း ကလေး။ သူနှင့်တန်သည်မှာ ဒီလိုဘ၀ ပါပဲဟု နန်စီက စိတ်ကို ဒုန်းဒုန်းချလိုက်သည်။ ဘီလ်က နန်စီကို ပွေ ့ဖက်ကာ ပူလောင်မြိုက်သော ရမက်နွံတောသို ့ ခေါ်ဆောင်သွားသည်။

နန်စီ Self ဝတ္ထုသည် မိန်းမတယောက်၏ အတ္တဘဝကို စိတ်ပညာဖြင့် ရက်ယှယ်ပြီး ရေးဖွဲ ့ထားသော ဝတ္ထုဟု ဆိုနိုင်သည်။ နန်စီ၏ အတ္တဘဝကို ဖော်ကျူးရာတွင် ကလေးဘဝမှ စပြီး နောက်ဆုံးအနေ အထားအထိ မည်သို ့မည်ပုံ မိန်းမပျက်အဖြစ်သို ့ရောက်သွားပုံကို အဆင့်ဆင့်ပြသွားသည်။ ထိုကဲ့ သို ့အဆင့်ဆင့် ပြောင်းလဲသွားသော အတ္တရုပ်ပုံလွှာကို Self ဝတ္ထု၏ တတိယပိုင်း အခန်း (၅) တွင် နန်စီကိုယ်တိုင် အိပ်မက်မက်သလို ပြန်မြင်ရသည့်အဖြစ် သရုပ်ဖော်ထားသည်။ ယင်းသရုပ်ဖော် ချက်သည် နန်စီ၏ အတ္တကို အကောင်းဆုံးသရုပ်ဖော်ချက်ပင် ဖြစ်မည်။ ( မေဝတ္ထု တွင် အခန်း ၁၅) ။ - - - နန်စီသည် နေရာအမျိုးမျိုးတွင် ဘဝအမျိုးမျိုးဖြင့် သူ ့ကိုယ်သူ ပြန်မြင် နေရသည်။ မြူးနစ်မြို ့ ၏ လမ်းများပေါ်က ကလေးတယောက်အဖြစ် သူ ့ကိုယ်သူ ပြန်မြင်နေရသည်။ မှင်စာလေး၏ မျက်နှာလို ဖြူဖျော့ဖျော့ မျက်နှာနှင့် ဝမ်းနည်း ပမ်းနည်း ငိုကြွေးနေသော ကလေးငယ်နန်စီ။ အဖေက အရက်မူးပြီး သူ ့ အချစ်တော်ကြောင်ကလေးကို သတ်ပစ်သောကြောင့် ငိုကြွေးနေခြင်း ပင်။ နောက်တော့ အင်္ဂလန်မှာ ရောက်နေသည့် ကလေးတယောက်အဖြစ် မြင်ရပြန်သည်။ ကလေး၏ပါးပြင်ပေါ်တွင်ကား မိတ်ကပ်နီနီများဖြင့် ရဲတွတ်နေသည်။ ထူးခြားသည့် အပြုံးကို ပြုံး နေသည့် ကလေးငယ်ကို စားသောက်ဆိုင် များ၊ ကပွဲခန်းမများ၊ ပန်းချီဆွဲသည့် စတူဒီယိုများ တွင် မြင်နေရသည်။ အစိမ်းရောင်နန်စီ။ လိမ္မော်ရောင် နန်စီ။ အနက်ရောင်နန်စီ။ အမြဲပြုံးနေသည့် နန်စီ ။ နောက်တော့ အပြုံးက မှိန်ဖျော့ ပျောက်လွင့်သွားသည်။ ကျောင်း တက်နေသည့် နန်စီကို မြင်ရပြန်သည်။ အကျဉ်းထောင်ထဲမှာ နေရသလို အပြုံးမရှိသည့် နန်စီ။ ဟော ဟယ်လင်ပါလား။ ရွှေဝါရောင်ဆံပင်၊ အပြာရောင်မျက်လုံးများ နှင့် ဟယ်လင်၏ မျက်နှာ။ သူ့ကို အလင်းရောင် အမြဲပေးနေခဲ့သော မျက်နှာလေး။ ဒါဟာ အတ္တပဲ။ ငါ့အတ္တပဲ ။ ဤသို ့သောအတ္တ၏ ရုပ်ပုံကို အသိစိတ်ထဲမှ အဘယ်ကြောင့် မဖယ် ပစ်နိုင်ပါလိမ့်။ နန်စီသည် မျက်လုံးအစုံကို ပိတ်ပြီး ပူနွေးနေသော သူ့လက်များကို တင်းတင်း ဆုပ် လိုက်သည်။ ဟယ်လင်အကြောင်း စဉ်းစားကြည့်ပြန်သည်။ သို့သော် သူ့မျက်နှာကိုသာ ပြန်မြင် နေရသည်။ မှန်တချပ်ကို ပြန်ကြည့်နေရသလိုမျိုး။ မှုန်ဝါးဝါးမှန်ထဲက မျက်နှာသည် သူ့ကို ပြန် ကြည့်နေသည်။ စင်စစ်သူ့မျက်နှာလည်း မဟုတ်ပြန်။ ထိုမျက်နှာက ပြုံးပြနေသည်။ သူက ပြုံး မနေ။ နောက်ပြီး ထိုရုပ်ပုံက လက်ယပ်ခေါ်နေသည်။ သူ့လက်တွေက သူ့ဘေးမှာ ချထားသည်။ နန်စီသည် သွေးရူးသွေးတမ်း အော်ဟစ်လိုက်သည်။ “ ဘီ - ဘီလ်”။ ဟုတ်တယ် - ဘီလ်ရဲ့ မျက်နှာ ပဲ။ ဘီလ်က မှုန်မှိုင်းမှိုင်းမှန်ပြင်ထဲမှနေပြီး သူ့ကို ပြုံးရယ်ပြနေသည်။ အတင်း လက်ယပ် ခေါ်နေ သည်။ - - - - သူ အိပ်ပျော်တော့မလား။ ဒါမှမဟုတ် အရိပ်တွေ ပြောင်းနေတာများလား။ နံရံသည် ချက် ချင်း မဲနက်သွားသည်။ သူ့ဆီကို တိုးလာသည်။ မှန်တချပ်အတွင်း ပြန်ကြည့်နေရသလို ဖြစ်သွား ပြန်သည်။ မဲနက်နေသော မှန်တချပ်။ မှန်ပြင်က လှုပ်ခါနေသည်။ နန်စီမုန်းသော အရိပ်များသည် မှန်ပြင်အပြည့် ထင်နေသည်။ နန်စီသည် မျက်လုံးကို အတင်းဖွင့်သည်။ သို့သော် ဖွင့်မရ။ သူမြင်နေရသော မျက်နှာသည် မည်သူ၏မျက်နှာ ဖြစ်သည်ကို သူသိနေသည်။ ခရတ်ရဲ့ မျက်နှာ ပဲ။ နှုတ်ခမ်းထူထူ၊ မျက်လုံးတောက်တောက်နှင့် ခရတ်ပဲ။ ခရတ်က ပြုံးနေသည်။ အမြဲတမ်း ပြုံးနေ တဲ့ ခရတ်။ တဖြည်းဖြည်း သူ့ဆီ တိုးလာနေသည်။ မလာနဲ့၊ ငါ့ဆီ မလာနဲ့ ။ နန်စီ၏ နှုတ်ခမ်းများဆီမှ နာကြင်စွာ အော်ဟစ်သံ ထွက်လာသည်။ နောက်တော့ မှန်က အစိတ်စိတ်အမွှာမွှာကွဲသွားသည်။ လောကကြီးလည်း မှောင်မဲသွား တော့ သည်။ - - - - - ” နန်စီသည် ကလေးမွေးနေစဉ် ကိုယ့်အတ္တ၏ ရုပ်ပုံလွှာများကို ကိုယ်ပြန်မြင်နေခဲ့သည်။ စာရေးသူ နစ်ကိုးလ် က နန်စီ၏ ဘဝသမိုင်းကို စိစစ်ရင်း နန်စီ၏ အတ္တကို သရုပ်ဖော်နေခြင်းပင်။ နန်စီ၏ ဘဝသမိုင်းတွင် နန်စီမနှစ်သက်သော၊ သို့သော် နန်စီရုန်းထွက်၍ မရနိုင်ခဲ့သော အတွေ့အကြုံ များစွာ ရှိခဲ့သည်။ ယင်းအတွေ့အကြုံဆိုးများက နန်စီ၏အတ္တကို တဖြည်းဖြည်းချင်းပုံဖော် ဖန်တီးလိုက်သည်။ ယင်းအတ္တသည် ပုံဆောင်ခဲတခု ဖြစ်လာသည်။ သို ့နှင့် ယင်းအတ္တကို ဖယ်ရှားဖို ့ မလွယ်ကူတော့။ သူတော်စင်နှင့် အပြစ်သား၏ ခြားနားချက်မှာ သူတော်စင်တွင် အတိတ်ရှိ၍ အပြစ်သားတွင် အနာဂတ် ရှိသည် ဟူသောစကားကို နန်စီစဉ်းစားသည်။ သားရလာတော့ သူ့စိတ်ပြောင်း လာ သည်။ သူ့ဘဝကို ပြောင်းဖို့ကြိုးစားသည်။ သို့သော် ဘဝဟူသည် ပြောင်းချင်တိုင်း ပြောင်း၍ မရ။ သူက ပြောင်းချင်သော်လည်း သူကျင်လည်ခဲ့သည့် ပတ်ဝန်းကျင်က အပြောင်းမခံ။ အနှစ်သာရကင်းသော ပတ်ဝန်းကျင်က သူ့ကို ဆွဲထားသည်။ နောက်ဆုံး တော့ နန်စီသည် သူစက်ဆုပ်သော ဘဝဆိုးထဲကိုပင် ပြန်ရောက်သွားရသည်။ “ ပြန်သွားရတော့မည်။ ဒီဘဝကိုပင် သူပြန်သွားရတော့မည်။ ဒီဘဝမှ လွတ်မြောက်ဖို့ သူ ပြင်းပြင်းပြပြ ဆုတောင်းခဲ့သည်။ သို့သော် မလွတ်မြောက်နိုင်ခဲ့” ဟု စာရေးသူ နစ်ကိုးလ်က ကြေကွဲစွာ ကောက်ချက်ချခဲ့သည်။ “ Back to the flesh, but the flesh has gone" “ အနှစ်အသားရှိရာသို့ပြန်သွားသည် ၊သို့သော် အနှစ် အသားကား မရှိတော့” ဟူသော စာကြောင်း ဖြင့် နစ်ကိုးလ်က Self ဝတ္ထုကို နိဂုံးချုပ်လိုက်သည်။ ဒဂုန်တာရာက “ အကောင်းကို ရှာသည်။ အကောင်းကား မရှိတော့” ဟု ပြန်ဆိုလေရာ အလွန်ထိမိသောစကားတစ်ခုအဖြစ် စာပေ နယ်ပယ်တွင် တွင်ကျယ်နေလေတော့သည်။

ဘီဗာလီနစ်ကိုးလ်နှင့် ဒဂုန်တာရာ[ပြင်ဆင်ရန်]

Self ဝတ္ထုကို ၁၉၂၂ ခုနှစ်တွင် ပထမအကြိမ် ထုတ်ဝေခဲ့သည်။ ထိုအချိန်တွင် ဘီဗာလီနစ်ကိုးလ် သည် အသက် ၂၄ နှစ် ။ အောက်စဖို့တက္ကသိုလ်မှ ဘွဲ့ရပြီးကာစ ။ ယင်းဝတ္ထုမတိုင်မီက ဝတ္ထု နှစ်ပုဒ် ( Prelude နှင့် Patchwork ) ကို ရေးသားထုတ်ဝေခဲ့သည်။ Self ဝတ္ထုကို ကမ္ဘာကျော် ပင်ဂွင်းစာအုပ်တိုက်က ၁၉၃၈ ခုနှစ်တွင် ဒုတိယအကြိမ် ထုတ်ဝေသည့်အခါ စာရေးသူ နစ်ကိုးလ် က အမှာစာရေးသည်။ ယင်းအမှာစာတွင် သူ့ဝတ္ထုထဲက အကြောင်းအရာတော်တော်များများကို အခြားစာရေးဆရာများရေးသည့် စာအုပ်များထံမှ ရယူခဲ့သည်ဟု ရေးထားသည်။ ကမ္ဘာကျော် အင်္ဂလိပ်စာရေးဆရာနှစ်ယောက်ဖြစ်သော ဝီလျံသက္ကရေး (William Thackerey) နှင့် အော်စကာ ဝိုင်းလ် (Oscar Wilde) တို့ထံမှ အကြောင်းအရာနှင့် စိတ်ကူးစိတ်သန်းများ ရယူခဲ့သည်ဟု ရေး ထားသည်။ ဆရာကြီးဒဂုန်တာရာသည် တက္ကသိုလ်ကျောင်းသားဘဝတွင် ဘီဗာလီနစ်ကိုးလ်၏ စာအုပ်များကို နှစ်သက်ခဲ့ပုံရသည်။ နစ်ကိုးလ်၏ စာအုပ်များက သူ့အား အနုပညာဉာဏ်ကွန့်မြူးအောင် နှိုးဆွ ပေးခဲ့ပုံရသည်။ Self ဝတ္ထုကို မြန်မာပြန်ခဲ့သည်။ တဖန် နစ်ကိုးလ် ၏ ကိုယ်တိုင် ရေး အတ္ထုပ္ပတ္တိ စာအုပ် ( Twenty - Five ) ကို သဘောကျသဖြင့် (၂၅ ) ဟူသော အမည်ဖြင့် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိကို ရေးခဲ့သည်။နောက်တော့ ဒဂုန်တာရာ၏ ဒဂုန်တာရာ အမည်ဖြင့် ထုတ်ဝေခဲ့သည်။ ရုပ်ပုံလွှာဆောင်းပါးများကိုလည်း နစ်ကိုး၏ အရေးအသားများကို အားကျပြီး ရေးခဲ့ခြင်းဟု ဆို သည်။ Self ဝတ္ထုကို ဘာသာပြန်စဉ်က ဆရာ၏ အသက်မှာ နှစ်ဆယ်ကျော်ရုံသာ ရှိသေးသည်။ ဘာသာ ပြန်ရာတွင် မှီငြမ်းသည်လည်းမဟုတ်။ လုံးကောက်ပြန်သည်လည်း မဟုတ်။ ဆီလျော်အောင် ပြန် ဆိုခြင်းမျိုးဖြစ်သည်။ သို့သော် တတ်နိုင်သမျှ မြန်မာဆံအောင် ပြန်သည်။ တတ်နိုင်သမျှ ပြည့်စုံ အောင် ပြန်သည်။ (Self ဝတ္ထုတွင် အပိုင်းသုံးပိုင်း ခွဲထားသည်။ ပထမပိုင်းတွင် အခန်းငါးခန်း၊ ဒုတိယပိုင်းတွင် အခန်း ငါးခန်း၊ တတိယပိုင်းတွင် အခန်း ကိုးခန်း ၊ စုစုပေါင်း တဆယ့်ကိုးခန်း။ ဒဂုန်တာရာ၏ မေဝတ္ထု မှာတော့ အပိုင်းမခွဲဘဲ အခန်း တဆယ့်ကိုးခန်းကို အစဉ်လိုက် နံပါတ် ထိုးထားသည်။) Self ဝတ္ထုကို ထုတ်ဝေသည့်အချိန်တွင် နစ်ကိုးလ်သည် အသက် ၂၄ နှစ်။ မေဝတ္ထုကို ထုတ်ဝေတော့ ဒဂုန်တာရာ၏ အသက်မှာ ၂၂ နှစ်။ ဘီဗာလီနစ်ကိုးလ်၏ Self ဝတ္ထုသည် ဒဂုန်တာရာ၏ မေ လောက် မအောင်မြင်။ ယခုခေတ် အင်္ဂလိပ်စာပေလောကတွင် ယင်းဝတ္ထုအကြောင်း မည်သူမှ တခုတ်တရ မပြောတော့။ (နစ်ကိုးလ် ကို သတိရစေသည်မှာ သူရေးသော ဥယျာဉ်စိုက်ပျိုးခြင်းအကြောင်း သုံးစောင်တွဲ စာအုပ် ဖြစ်သည် ဟု ဆိုသည်) ။ အင်္ဂလိပ်စာပေသမိုင်းတွင် Self အကြောင်း တခုတ်တရရည်ညွှန်းသည်ကို မတွေ့ရ ။ မေဝတ္ထု ကတော့ ဆယ်နှစ် တကြိမ် လောက် ပြန်ထွက်နေသည်။ စာအုပ်အဖြစ် အနည်းဆုံး ခြောက်ကြိမ်ထွက်ဖူးသည်။ မဂ္ဂဇင်းနှစ်စောင်က အခန်းဆက် ထည့်သွင်းဖော်ပြဖူးသည်။

မေဝတ္ထုကား စာပေလောကတွင်သာမက နိုင်ငံရေး လောကတွင်ပါ ဂယက်ထစေခဲ့သော ဝတ္ထုဖြစ်သည်။ နှစ်သက်သူ၊ မနှစ်သက်သူ၊ ချီးမွမ်းသူ၊ ပုတ်ခတ်သူ စသဖြင့် အငြင်းပွားစရာ ၊ ငြင်းခုန်ဆွေးနွေးစရာ ဝတ္ထုဖြစ်နေသည်။ မြန်မာစာပေသမိုင်းတွင် အလွန်ထူးခြားသောဝတ္ထု ဖြစ်သည်မှာတော့ ငြင်းမရ။ မေ ဝတ္ထုသည် ဘာသာပြန်ဝတ္ထုတပုဒ်ပင် ဖြစ်စေကာ ဒဂုန်တာရာ၏ ပြောင်မြောက်သောအနုပညာကြောင့် မြန်မာစာပေကောင်းကင်တွင် လင်းလက်သော ကြယ်တစ်ပွင့်အဖြစ် ဆက်လက်ရှင်သန်နေပေလိမ့်မည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ဒဂုန်တာရာ၊ "မေ"၊ နဂါးနီ။ ရန်ကုန်။ ၁၉၄၁။