မောင်ရင်လောင်း

ဝီကီပီးဒီးယား မှ

မောင်ရင်လောင်း ကဗျာကို အမည်မသိရှေးစာဆိုက ရေးသားခဲ့သည်။ ကဗျာအမျိုးအစားမှာ သျှိုးလိုက်ရတု ဖြစ်သည်။

ထမ်းစင်စီး၍ ထီးရိပ်ခို
မြင်းမိုရ်မြင့်မား၊ ဝတိံဖျားက
နတ်သားကျသလိုနှင့် − သျှိုး

ငွေလိုပြောင် သဲရောင်ခင်း
ရွှေအုန်းရွာလယ် လမ်းကျယ်ကျယ်မှာ
လှူဖွယ်အစုံကျင်း၍ − သျှိုး

ကတီခင်း အတွင်းမဏ္ဍပ်မှာ
ပေါက်ဖော်ဆွေပုံ ကျူလိုရုံသည်
လုံးစုံလက်ဖွဲ့ကာနှင့် − သျှိုး

မယ်သာမွေးသည့် ရင်သွေးသားပုတ္တာ
ဝန်းဝန်းသပ္ပာယ် သံဃာလယ်မှာ
အမယ်ရှင်ပြုပါအံ့ − သျှိုး

မေတ္တာပျံ့ ရနံ့ထုံ
မိဘကျေးဇူး အထူးထူးကို
ရင့်ကျူးရိုက်ကာခြုံအံ့ − သျှိုး

ပမာပုံသည် ဂုဏ်မူနိုင်းမမျှ
မေရုခေါ်ဆို တောင်မြင်းမိုရ်နှင့်
နွားချိုပေါက်သစ်စသို့ − သျှိုး

ရှုမဝသည့် လူလှမယ့်ပန်းဖြူ
ကျေးဇူးဂုဏ်ဝါ ထေရ်ဆရာသည်
တစ်ဝါထမ်းမျှကူအံ့ − သျှိုး

မွှေးနံ့ကြူသည် သုံးလူသာသနာ
များလှသံဃာ ကျောင်းဝိဟာမှာ
တစ်ဝါထမ်းတို့ပါလော့ − သျှိုး

ကံ့ကော်နန်းမှာ ပွင့်ပန်းသစ္စာဆင်
ဂန္ဓာပျံ့မွှေး မြိုက်ရည်ကျွေးသည်
မိတေးမြတ်ချစ်ရှင်၏ − သျှိုး

ရွှေစင်သန်းသည် ရွှေနန်းတပြောင်ပြောင်
ပြာသာဒ်ရှစ်ဆောင် မဂ္ဂင်ဖောင်ကို
မယ့်မောင်စီးရအောင်တည့်လေး − သျှိုး

ခက်ဆစ်

၁။ ထမ်းစင် = ထမ်းပိုးနှစ်ခုပေါ်တွင်ထိုင်စရာပြုလုပ်ထားပြီးလူထမ်းသယ်ဆောင်ရသောရှေးသုံးလူထမ်းစင်။

၂။ ဝတိံ = တာဝတိံသာနတ်ပြည်။

၃။ သျှိုး = မဂ်လာအပေါင်းနှင့်ပြည့်စုံပါစေဟူသောအဓိပ္ပါယ်ဖြင့်ရွတ်ဆိုသောစကား။

၄။ ကတီ = ညောင်စောင်းသဖွယ်ထိုင်စရာတစ်မျိုး။

၅။ ပေါက်ဖော် = မိရင်းဘရင်းမှပေါက်ပွားသောသားချင်း၊ဆွေမျိုး။

၆။ ကျူလိုရုံ = ကျူပင်ကဲ့သို့အစုလိုက်အရုံလိုက်။

၇။ လက်ဖွဲ့ = ရှင်ပြုပွဲ၌ပုဂ္ဂိုလ်အသီးသီးကရှင်လောင်း၏လက်တွင်ချည်မျှင်ကွင်းများရစ်ဖွဲ့ပေးခြင်းဖြင့်ချီးမြှောက်သည်။

၈။ ပုတ္တာ = သား။

၉။ ဝန်းဝန်း = စုစုရုံးရုံး။

၁၀။ သပ္ပါယ် = တင့်တယ်သည်။

၁၁။ အမယ် = အမေ။

၁၂။ ရင့်ကျူး = သာယာသောအသံဖြင့်မြည်သည်။

၁၃။ ပေါက်သစ်စ = ပေါက်ကာစ။

၁၄။ တစ်ဝါ = ဝါတွင်းတစ်တွင်း၊ဝါတွင်းသုံးလ။

၁၅။ ကံ့ကော်နန်း = အရိမေတ္တေယျဘုရားပွင့်တော်မူမည့်နေရာ၊ကံ့ကော်ပင်။

၁၆။ ပွင့်ပန်းသစ္စာဆင် = သစ္စာလေးပါးတည်းဟူသောပန်းကိုဆင်မြန်းသည်။

၁၇။ ဂန္ဓာ = ရနံ့။

၁၈။ မြိုက်ရည်ကျွေး = အမြိုက်တရားဟောသည်။

၁၉။ မိတေး = နောင်ပွင့်မည့်အရိမေတ္တေယျဘုရား။

၂၀။ ပြဿဒ်ရှစ်ဆောင် = ဖောင်ပြဿဒ်နှင့်တူသောမဂ္ဂင်ရှစ်ပါး။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာကဗျာလက်ရွေးစင် − အဋ္ဌမတန်း