မောင်စစ်သည်

ဝီကီပီးဒီးယား မှ

မောင်စစ်သည် ကို အမည်မသိရှေးစာဆို ရေးသားခဲ့သည်။ အိုင်ချင်း ကဗျာအမျိုးအစား ဖြစ်သည်။

မောင်စစ်သည်[ပြင်ဆင်ရန်]

ချစ်တဲ့သူငယ်လေ
သူငယ်ချင်းကောင်း၊ ယောက်မတို့လေ။

တညှိုးငယ်မှ ရော်ရော်
နှမလေး ဝေးကမျှော်သည်
ငယ်ဖော်ပေါင်းငဲ့၊ လည်ညောင်းငဲ့။

တညှိုးငယ်မှ ခွေခွေ
အလွမ်းရှိန်နှင့်၊ မယ်အိမ်နေသည်
ညောင်ရေလောင်းငဲ့၊ ဆုတောင်းငဲ့။

ရောက်လွယ်စေချင်
ကိုယ်တိုင်သွားလို့၊ ဘုရားတင်သည်
သဇင်ပန်းနှင့်၊ ရေချမ်းနှင့်။

နံနက်တိုင်းလည်း၊ နံနက်တခြား
မောင်စစ်သည်ငယ်၊ ရောက်မယ်လားရှင့်။

ညနေတိုင်းလည်း၊ ညနေတစောင်း
မောင်စစ်သည်ငယ်၊ ရောက်လွယ်ကောင်းငဲ့
တပေါင်းငယ်မှ တဖော်
အောင်ပွဲခံလို့၊ ပြန်ချိန်တော်ကို
မယ်မျှော်လိုက်ကဲ့
ဗိုလ်ပေါင်းငယ်မှ ဝန်းရုံ၊ ရဲမက်ပုံမှာ
စိတ်ကုန်အောင်မယ်ချစ်တဲ့၊ မောင်စစ်သည်လေး။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ ယောက်မ = ယောင်းမဟု အသံထွက်ပါ။ မိန်းမအချင်းချင်း ရင်းနှီးချစ်ခင်သဖြင့် ခေါ်ဝေါ်သော အာလုပ်စကား။

၂။ ငဲ့ = ရဲ့။

၃။ ဗိုလ်ပေါင်း = လူအများ။ လူအပေါင်း။

၄။ ဝန်းရုံ = သိုက်သိုက်ဝန်းဝန်း။ စုစုဝေးဝေး။

၅။ စိတ်ကုန် = အစွမ်းကုန်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာကဗျာလက်ရွေးစင် − သတ္တမတန်း