မောင်ချောနွယ်

ဝီကီပီးဒီးယား မှ

မောင်ချောနွယ် (၁၅ အောက်တိုဘာလ ၁၉၄၉–၃ စက်တင်ဘာ ၂၀၀၂) သည် မြန်မာနိုင်ငံသား ကဗျာဆရာတစ်ဦးဖြစ်သည်။

ငယ်ဘဝနှင့်ပညာရေး[ပြင်ဆင်ရန်]

၁၉၄၉ ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ပြီး သူ၏ဘဝအစောပိုင်းကာလများကို ရန်ကုန်မြို့၏အနောက်မြောက်အရပ် မိုင် ၁၆၀ ခန့်ဝေးသော ပြည်မြို့တွင်နေထိုင်ခဲ့သည်။ ဖခင်ဖြစ်သူသည် နယ်ပိုင်ကြီး ဦးကျော်မြင့် ဖြစ်ပြီး၊ မိခင်မှာ မင်းကတော် ဒေါ်သန်းသန်းဖြစ်သည်။အမည်ရင်းမှာ မောင်ထင်ဝင်း‌ကျော် ဖြစ်သည်။ မွေးချင်း(၅) ဦးအနက် သားအကြီးဆုံးဖြစ်သည်။ အထက်တန်းအောင်မြင်ခဲ့သော်လည်း ဘွဲ့ရသည်အထိ ပညာသင်ကြားခဲ့ခြင်းမရှိခဲ့ပေ။

မိသားစု[ပြင်ဆင်ရန်]

၁၉၇၁ ခုနှစ်တွင် ဒေါ်မြင့်မြင့်စိန် (ခေါ်) မမမြင့် နှင့်အိမ်ထောင်ကျခဲ့ပြီး သားသမီး (၃) ယောက်ထွန်းကားခဲ့သည်။

စာပေရေးသားခြင်း[ပြင်ဆင်ရန်]

၁၉၆၇-၆၈ ကာလများတွင် မောင်ချောနွယ်သည် လေးလုံးစပ်ကဗျာများကို စတင်ရေးသား၍ ရုပ်ရှင်ပဒေသာ၊ လျှို့ဝှက်သည်းဖို စသည့်မဂ္ဂဇင်းများတွင်ပေးပို့ခဲ့သည်။ သူသည် ၁၉၇၀ နှစ်များတွင် ကဗျာဆရာများနှင့် တွေ့ဆုံရန်အတွက် ရန်ကုန်မြို့သို့ အကြိမ်ပေါင်းများစွာ သွားရောက်ခဲ့လေသည်။ မောင်ချောနွယ် သည်မြန်မာ့မော်ဒန်ကဗျာ သို့မဟုတ် မြန်မာ့ခေတ်ပေါ်ကဗျာ အရွေ့ကို ဦးဆောင်ခဲ့သူတစ်ယောက်ဖြစ်ပြီး အောင်ချိမ့်၊ ဖော်ဝေး တို့နှင့် တွဲဖက်၍ (၃) ဦးရေးသားခဲ့သော သစ်ရွက်အသေများပေါ်က ရက်စက်သော ဂီတမှာ အထူးထင်ရှားသော ကဗျာစာအုပ်ဖြစ်သည်။ မြန်မာ့ခေတ်ပေါ်ကဗျာရေစီးကြောင်းတွင် အရေးပါဆုံးကဗျာဆရာအဖြစ် ဝေဖန်ရေးသမားများနှင့် ကဗျာချစ်သူများက တညီတညွတ်တည်းသတ်မှတ်ခြင်းခံရသူလည်းဖြစ်သည်။ [၁]

မောင်ချောနွယ်သည် သီချင်းများကိုလည်းရေးစပ်ခဲ့ဖူးသူဖြစ်လေသည်။ ၁၉၈၀ ပြည့်ဝန်းကျင်တွင် ခင်ဝမ်း၊ ကိုနေဝင်း တို့နှင့်အတူ ကိုယ်ပိုင်သံစဉ်သီချင်းများရေးစပ်ဖူးသည်။ ထို့နောက်တွင် နှစ်ပါးခွင်သီချင်းများကို မန္တလေး သိန်းဇော် အတွက်ရေးစပ်ပေးဖူးသည်။ ၁၉၉၁၊ ၁၉၉၂ ကာလများတွင်ဇာတ်မင်းသား မိုးဝင်းအတွက် နှစ်ပါးသွားသီချင်းများ၊ စတေ့ချ်ရှိုးသီချင်းများရေးစပ်ပေးခဲ့သည်။ ဤကိစ္စနှင့်ပက်သက်၍ "သီချင်းကအသံထွက်ပစ္စည်းတစ်ခုဖြစ်တယ်ဆိုတော့သူလည်းကဗျာပါပဲ။ ကဗျာမှာအသံရှိတယ်၊ သီချင်းမှာလည်းအသံရှိတယ်" ဟု အင်တာဗျူးတစ်ခုတွင်ဖြေဆိုခဲ့ဖူးသည်။ [၂]

မြန်မာပြည်အနှံ့ ခရီးထွက်ပြီး ကဗျာရေးခဲ့သူတစ်ဦးဖြစ်သည့် မောင်ချောနွယ် ကဗျာများတွင် မြို့၊ရွာ၊ နေရာတွေ နှင့်ပတ်သက်၍ ရေးဖွဲ့ထားခဲ့ခြင်းများရှိသည်။ ၎င်းတို့ထဲ၌ "ဆတ်သွား" ကဗျာနှင့် "ပြည်" ဆိုသည့် ကဗျာများမှာ ထင်ရှားသည်။

တော်လှန်သောကဗျာများကိုရေးသားရာတွင် ၁၉၆၉ ဒီဇင်ဘာလတွင် သမဂ္ဂစာပေမှ ထုတ်ဝေသော တော်လှန်ကဗျာစာအုပ်မှာရေးသားသည့် "ကြွေတာကိုက ပွင့်ခြင်းပဲ" ဆိုသည့်ကဗျာမှာ ထင်ရှားသည်။ ထို့နောက်တွင်

"စက်ရုပ်လို
မလှုပ်ရှားချင်ပါဘူး

မုသားနိုင်ငံမှာ အပြန်တရာသေပါစေ
အမှန်အတွက် တိုက်ပွဲဝင်မယ်"

စသည်ဖြင့် တော်လှန်သောကဗျာများအား သူ၏လက်ရာဖြစ်သော ရေခဲပန်းနု တွင်တွေ့ရသည်။

ရေးသားခဲ့သော ကဗျာစာအုပ်များ[ပြင်ဆင်ရန်]

မောင်ချောနွယ်သည် ကဗျာပုဒ်ရေ ရာပေါင်းများစွာရေးသားခဲ့ပြီး ကဗျာလုံးချင်းစာအုပ်ဆယ်အုပ်ကျော်ထုတ်ဝေခဲ့သည်။ ၎င်းတို့ထဲမှ (၁) သစ်ရွက်အသေများပေါ်က ရက်စက်သောဂီတ ကို အောင်ချိမ့်၊ ဖော်ဝေး တို့နှင့်တွဲ၍လည်းကောင်း၊ (၂) သမိုင်းဖတ်စာ ကို အောင်ချိမ့် နှင့်တွဲ၍လည်းကောင်း (၃) ရထား၊ (၄) မောင်ချောနွယ်အတု (၅) လူကြိုက်နည်းတဲ့ကောင် (၆) ညီမလေး မမမြင့် (၇) ငှက်ဆိတ်တဲ့ သစ်စည်း (၈) မောင်ချောနွယ်ဆန်သွားသောနေ့များ စသည့်ကဗျာများကို ဖန်တီးထုတ်ဝေခဲ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

ခေတ်ပေါ်ကဗျာဆရာ မောင်ချောနွယ်သည် ၂၀၀၂ ခုနှစ် စက်တင်ဘာလ (၃) ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ နှစ်စဉ် သူကွယ်လွန်သည့်နှစ်ပတ်လည်အဖြစ် ကဗျာဆရာများက အမှတ်တရပွဲများကျင်းပလေ့ရှိသည်။ မောင်ချောနွယ်အမှတ်တရနှင့်ပက်သက်၍ စကျင်ကျောက်သားပေါ်တွင် အောက်ဖော်ပြပါအတိုင်း သူ၏ ကဗျာစာသားရေးထွင်း၍ လွမ်းမောဖွယ်ရာမှတ်တိုင်အဖြစ် ပြည်မြို့ရွှေဆံတော် စေတီအနီးတွင် ထားရှိထားသည်။

"ဘဝမှာ
လေးငါးခြောက်ခုမလိုပါဘူး
နှစ်ခုပဲ
ချစ်သူစစ်စစ်နဲ့ ရန်သူစစ်စစ်
ဒီနှစ်ခုပဲ"

မောင်ချောနွယ်
ဗမာပြည်သား ကဗျာဆရာ
(၁၉၄၉ -၂၀၀၂)

ကိုးကား[ပြင်ဆင်ရန်]

  1. ကဗျာဆရာကြီး မောင်ချောနွယ် ကွယ်လွန်ခြင်း ၁၆ နှစ်ပြည့်အခမ်းအနား၊ Yangon Book Plaza
  2. မောင်ချောနွယ်သို့အင်တာဗျူး - ဟိန်းလတ်၊ လှကျော်နေ၊ မောင်သင်းခိုင်
  3. Poetry International Archives
  4. ဧရာဝတီသတင်း ပြည်သူ့ကဗျာဆရာ (သို့) ကဗျာမောင်ချောနွယ် By K ငြိမ်းချမ်း 4 September 2015