မေရီ လမ့်
မေရီလမ့်သည် ချားလမ့် ၏အစ်မဖြစ်သည်။ မေရီ၌ မွေးချင်းခုနစ်ယောက်ရှိသည့်အနက် သုံးယောက် အသက်ရှင်၍ ကျန်ရစ်ခဲ့ရာတွင် ချားသည် အငယ်ဆုံးဖြစ်၏။ ချားငယ်စဉ် က မေရီကပင် အသက်ခုနစ်နှစ်သားအထိ ပြုစုစောင့်ရှောက်ခဲ့လေသည်။ မေရီလမ့်တို့ မောင်နှမတစ်စုတွင် ရိုးရာအားဖြင့် အစွဲအလန်းကြီး မှုရှိခဲ့လေသည်။ ချားလမ့် အသက်နှစ်ဆယ့်တစ်နှစ်ရသော ၁၇၆၉ ခုနှစ် စက်တင်ဘာလအတွင်း၌ မေရီသည် သူ၏နာမကျန်းဖြစ်နေသော မိခင်ကြီး ၏ရင်ဝကို ဓားဖြင့်ထိုးသတ်လိုက်လေသည်။ မိခင်ကြီး သေဆုံးပြီးသည့် နောက်တွင် မေရီ၏စိတ်သည် ပြန်ကောင်းလာသော်လည်း ရာဇဝတ်မှုကို ကျူးလွန်မိပြီးဖြစ်သဖြင့် စိတ်ဖောက်ပြန်သူများ၏ ခိုလှုံရာနေရာ (အရူး ထောင်)တွင် ရက်သတ္တပတ်ပေါင်း အတော်ကြာကြာ အစောင့်အရှောက်ကို ခံခဲ့ရလေသည်။ ၁၇၉၇ ခုနှစ်တွင် ချားနှင့် မေရီတို့၏ဖခင်ကြီး ကွယ် လွန်ပြန်သည်။ အသုဘကိစ္စများ ပြီးစီးသောအခါ ချားသည် စိတ်ဖောက် ပြန်သူများ စောင့်ရှောက်သည့်နေရာရှိ အုပ်ချုပ်သူများထံသို့ သွားရောက်ကာ သူ၏အစ်မကို သူကပင် တာဝန်ခံ၍ စောင့်ရှောက်မည့်အကြောင်းပြောသဖြင့် အုပ်ချုပ်သူများက မေရီကို သူ့မောင်နှင့်အတူ ထည့်လိုက်လေသည်။ သူတို့ မောင်နှမ အတူနေထိုင်ကြရာတွင် တစ်ဦးနှင့်တစ်ဦး အလွန်ကြင်နာစွာ စောင့်ရှောက်ကြလေသည်။
အစ်မဖြစ်သူမေရီ နေကောင်းသည့်အချိန်များတွင် ချားသည် သူ ဝါသနာပါသော စာပေများကို ရေးသားလေသည်။ ထိုအခါမျိုးတွင် အစ်မ ဖြစ်သူမေရီက များစွာအကူအညီပေးလေသည်။ အထူးသဖြင့် ကမ္ဘာကျော် စာရေးဆရာကြီးတစ်ဦးဖြစ်သော ရှိတ်စပီးယား ရေးစပ်ပြုစုခဲ့သည့် ပြဇာတ် များကို စကားပြေဖြင့် ရေးသားသောအခါတွင် မောင်ဖြစ်သူ ချားက အလွမ်း ပြဇာတ်များကို စကားပြေဖြင့်ရေးသား၍ အစ်မဖြစ်သူမေရီက အသော ပြဇာတ်များကို ရေးသားခဲ့လေသည်။ စာအုပ်ထုတ်ဝေသောအခါတွင် မေရီ၏ အမည်ကို အသုံးမပြုခဲ့ချေ။ ထိုစာအုပ်သည် လူကြိုက်များသဖြင့် ဒုတိယ အကြိမ်ပင် ထပ်မံ၍ ထုတ်ဝေခဲ့ရလေသည်။ မေရီသည် သူ့မောင်ချား ကွယ်လွန်ပြီးနောက် ၁၃ နှစ်ကြာမှ ကွယ်လွန်သွားလေသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)