ချား လမ့်

ဝီကီပီးဒီးယား မှ
(လမ့်၊ ချား မှ ပြန်ညွှန်းထားသည်)
Jump to navigation Jump to search
Charles Lamb.jpg

အင်္ဂလပ်စာပေလောကတွင် ထင်ရှားကျော်ကြားခဲ့သောစာပေသမားများတွင် ချားလမ့်သည်လည်း တစ်ဦး အပါအဝင်ဖြစ်သည်။ လမ့်သည် စာမွန်အရေးအသားကောင်းမွန်သော စာရေး ဆရာတစ်ဦးဖြစ်၍ စာပေဝေဖန်ရေးတွင်လည်းထူးချွန်လေသည်။ ချားလမ့်ရေးသားခဲ့သော စာပေများသည် ဖတ်ရသူ၏စိတ်နှလုံးကို ကြည်နူးနှစ်သိမ့်စေ၏။ သူနှင့်သူ၏အစ်မဖြစ်သူ မေရီလမ့်တို့၏ အတ္ထုပ္ပတ္တိ ကလေးသည်ပင် သနားဖွယ်ဇာတ်လမ်းတစ်ခုဖြစ်တော့သည်။ ချားတို့ မောင် နှမမှာ ရှေးရှေးဘဝ၏အကုသိုလ်ဝဋ်ကြွေးကို နှစ်ဦးတည်းလက်တွဲကာ ဇွတ် မှိတ်၍ခံယူနေရသည့်ကြားမှပင် စင်ကြယ်သော စိတ်၏ပျော်ရွှင်မှုကို ရယူနိုင် ခဲ့ကြသည်သာမက အခြားသူများအားလည်း တူမျှသောပျော်ရွှင်မှုကို ပေးစွမ်း နိုင်ခဲ့ကြသည်။


လမ့်၏ဘဝဖြစ်စဉ်ကို သုံးသပ်ခြင်းအားဖြင့် စာပေပါရမီခံရှိသူများ သည် မည်သို့သောပတ်ဝန်းကျင်တွင်ပင် ရှိနေစေကာမူ မတိမ်မမြုပ်နိုင် ကြောင်း သိသာနိုင်ပေသည်။

ချားလမ့်အား ၁၇၇၅ ခုနှစ် ဖေဖော်ဝါရီလ ၁ဝ ရက်နေ့တွင် လန်ဒန်မြို့ အင်းနားတင်ပယ်ရပ်ကွက်၌ ဖွားမြင်ခဲ့သည်။ ချားလမ့်မွေးဖွားရာ နေအိမ်မှ လှမ်းမျှော်ကြည့်လိုက်သော် အင်းနားတင်ပယ်ခေါ် ရှေးရှေးကပင် တည်ရှိခဲ့သော ဥပဒေအတတ်သင်ကျောင်းကြီးနှင့်တစ်ကွ ပတ်ဝန်းကျင် မြက် ခင်းညို့ညို့ကြီးကို ထင်ရှားစွာမြင်နိုင်သည်။ ချားကား ထိုအရပ်တွင် ကြီး ပြင်းလာခဲ့ရသောကြောင့်လောမသိရ၊ ပတ်ဝန်းကျင်ရှိ တိုက်တာ အဆောက် အအုံကြီးများကိုနှစ်သက်၏။ ရေပန်းတိုင်ကြီးများအနီးတွင် ကလေးတို့ဘာဝ ပျော်ရွှင်မြူးထူးစွာ ကစားခဲ့ရသည်တို့ကိုလည်း စွဲလမ်းခဲ့၏။ သူ့အသက် ခုနစ်နှစ်သားအရွယ်အထိ မိခင်ငယ်ပမာပွေ့ချီယုယခဲ့သည့် သူ၏အစ်မ မေရီ အားလည် အထူးပင်ချစ်မြတ်နိုးခဲ့လေသည်။

ချား၏မိဘများကာ ချမ်းသာကြွယ်ဝသူများမဟုတ်ကြချေ။ သူ၏ ဘခင်မှာ ရှေ့နေကြီးတစ်ဦး၏ သာမန်စာရေးကလေးမျှသာဖြစ်သည်။ ချား လမ့်သည် အသက်ခုနစ်နှစ်အရွယ်တွင် ခရိုက်စဟော့စပီတယ်ကျောင်း၌ စာ သင်ကြားခဲ့သည်။ ချားသည် သိမ်မွေ့နူးညံ့၍ ချစ်စဖွယ်အမူအရာရှိသူ ကလေးဖြစ်ရာ ကျောင်းသားတိုင်းကပင် သူ့အားချစ်ခင်ကြ၏။ အထူးသဖြင့် ထိုစဉ်က ကျောင်းသားကြီးအဖြစ် သို့ရောက်နေသူ ဆယ်မျူယယ်တေလာ ကိုးလားရစ်နှင့်အထူးချစ်ကျွမ်းခဲ့သည်။ ချားနှင့်ကိုးလားရစ်တို့၏ ခင်မင်မှု ကား နောင် နှစ်ယောက်စလုံးကြီးပြင်းလာ၍ နာမည်ကျော် စာရေးဆရာကြီး များ ဖြစ်လာကြသည်အထိ ဆက်လက်တည်မြဲခဲ့ကြသည်။


ချားသည် အသက် ၁၆ နှစ်အရွယ်တွင် ကျောင်းမှထွက်က ဆောက်ဆီးကုမ္ပဏီတွင် စာရေးကလေးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ထို့နောက် အရှေ့အိန္ဒိယကမ္ပဏီသို့ရွှေ့ပြောင်းလုပ်ကိုင်ခဲ့၍ နှစ်ပေါင်း ၃၃ နှစ် အကြာတွင် အငြိမ်းစား ယူခဲ့သည်။

ချားလမ့်သည် လူလားမြောက်သည့်အရွယ်မှစ၍ အရောင်းအဝယ် လုပ်ငန်းကိုသာ လုပ်ကိုင်လာခဲ့သော်လည်း အားလပ်သည့်အခါတိုင်း စာဖတ် ခြင်း၊ စာရေးခြင်းတို့ကို ပြုလုပ်သည့်အပြင် ရံဖန်ရံခါလည်း ပြဇာတ်များ၊ ကပွဲများသို့ သွားရောက်လေ့ရှိသည်။ စာရေးဝါသနာပါသည့် အလျောက် ထို ခေတ်က စာရေးဆရာဆိုလျှင် ချားကိုမသိသူဟူ၍ မရှိသလောက်ပင် ဖြစ် တော့သည်။

ချားလမ့်သည်အသက် ၂၁ နှစ်သို့ရောက်သောအခါ အစ်မဖြစ်သူ မေရီသည် ဒုက္ခိတမိခင်အိုကြီးအားပြုစုယင်း ရုတ်တရက်စိတ်ဖောက်ပြန်ကာ မိခင်အိုကြီးကိုပင် ပြန်သတ်မိသည်အထိဖြစ်ခဲ့လေသည်။ ထိုရောဂါမှာ ချား လမ့်တို့မျိုးရိုးအစဉ်အဆက် ဖြစ်လေ့ရှိသောရောဂါဆိုးတစ်ခုပင်ဖြစ်လေသည်။ မေရီမှာလည်း ပြစ်မှုကျူးလွန်ထားသော အရူးမတရားခံ တစ်ယောက်အဖြစ် ဖြင့် အရေးယူခြင်းခံရကာ အရူးထောင်သွင်း အကျဉ်းထားခြင်း ခံရလေ သည်။

ယင်းသို့ အစ်မရူးသွပ်နေချန်တွင် သူတို့၏ဖခင်ကြီး ကွယ်လွန် သွားပြန်သည်။ ချားလမ့်မှာ တစ်ပူပေါ်နှစ်ပူဆင့်ကာ ရတက်ပွေနေရာမှ ချစ် လှစွာသောအစ်မဖြစ်သူအား အသက်ထက်ဆုံးစောင့်ရှောက် ထိန်းသိမ်းပါမည် ဟူသောခံဝန်ချက်ဖြင့် အရူးထောင်မှထုတ်ယူကာပြုစုစောင့်ရှောက်နေရသည်။ သူ၏ကတိအတိုင်းလည်း သူကွယ်လွန်သွားသည်အထိ အိမ်ထောင်မပြုဘဲ ဆောင်ရွက်ပေးခဲ့သည်။

ယင်းသို့ ချစ်လှစွာသောအစ်မမေရီ၏တာဝန်ကို ချားသည် အရွယ် နှင့်မလိုက် ပြုစုဆောင်ရွက်ခဲ့ယင်း မောင်နှမနှစ်ယောက်သည် အမြဲမပြတ် ချစ်ခင်ယုယစွာ ပျော်ပျော်ရွှင်ရွှင်နေထိုင်ခဲ့ရသည်။ အနှစ် ၄ဝ မျှ အစ်မဖြစ် သူအား ယုယုယယပြုစုခဲ့ရသည့်အတောအတွင်း ချားသည် မေရီနှင့်အတူ စာပေများကိုရေးသားခဲ့၏။ ချားတို့မောင်နှမသည် ရှိတ်စပီယား၏ ပြဇာတ် အားလုံးကို လေ့လာပြီးလျှင် ၁၈ဝ၇ ခုနှစ်တွင် ရှိတ်စပီးယားပုံပြင်များဟူ သောအမည်ဖြင့် ထိုပြဇာတ်များ၏ ဇာတ်လမ်းအကျဉ်းချုပ်ကို ကလေးသူငယ် များ ဖတ်ရှုနားလည်စေရန် လွယ်ကူသောစကားအသုံးအနှုန်းဖြင့် ရေးသားခဲ့ လေသည်။ ထိုပုံပြင်ကလေးများမှာ ထွက်သမျှသော ရှိတ်စပီးယားပုံပြင် စာအုပ်ထဲတွင် အကောင်းဆုံးဖြစ်လေရာ၊ ကလေးသူငယ်များသာမက လူကြီး များပင် သဘောကျနှစ်သက်ကြသည်။ ချားတို့မောင်နှမ၏နာမည်သည်လည်း ထိုဝတ္ထုများဖြင့်ပင် ကျော်ကြားထင်ရှားလာသည်။ သို့ရာတွင် ချား၏ ဂုဏ် သတင်းကို အထူးပေါ်လွင်ထင်ရှားစေခဲ့သောစာပေမှာကား ၁၈၂ဝ ပြည့်နှစ် တွင် အယ်လီယားဟူသော ကလောင်အမည်ဖြင့် ချားတစ်ဦးတည်း ရေးသား ပြုစုခဲ့သည့် 'အယ်လီယား၏စာမွန်များ' ဖြစ်ပေသည်။ ယင်းသို့ အစ်မသံ ယောဇဉ်တစ်ဖက်ဖြင့် စာပေပြုစုခဲ့သောချားလမ့်သည် ၁၈၃၄ ခုနှစ်၊ ဒီ ဇင်ဘာလ ၂၇ ရက်နေ့တွင် ကွယ်လွန်သွားလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)