မုလအိတောင်

ဝီကီပီးဒီးယား မှ
မုလအိတောင်
မုလအိတောင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မုလအိတောင်
မုလအိတောင်
မြန်မာနိုင်ငံတွင်း တည်နေရာ
အမြင့်ဆုံးအမှတ်
အမြင့်၂,၀၀၅ m (၆,၅၇၈ ft)
ကိုဩဒိနိတ်16°13′N 98°31′E / 16.217°N 98.517°E / 16.217; 98.517ကိုဩဒိနိတ်: 16°13′N 98°31′E / 16.217°N 98.517°E / 16.217; 98.517
ပထဝီဝင်
တည်နေရာကရင်ပြည်နယ်မြန်မာနိုင်ငံ
ပင်မတောင်တန်းဒေါနတောင်တန်း

မုလအိတောင် သည် ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တည်ရှိသော တောင်ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၂,၀၀၅ မီတာ (၆,၅၇၈ ပေ) မြင့်ပြီး တောင်ထိပ်တွင် ဆံတော်ရှင် မုလအိ၊ မုလအ စေတီတော် မြတ်ကြီးများကို ဖူးတွေ့နိုင်သည်။[၁][၂]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မဟာသက္ကရာဇ် ( ၁၁၁ )ခု ဘီစီ ( ၅၇၈ ) တွင် သုဝဏ္ဍဘူမိရဋ္ဌ သထုံဒေသကို အုပ်ချုပ်သော တိဿဓမ္မသီဟရာဇာမင်းသည် သုဓမ္မဝတီ သထုံပြည်သို့ ဘုရားရှင်ကြွရောက်တော်မူရာတွင် ကြီးကျယ်ထည်ဝါသော ပြဿဒ် ဇရပ်မဏ္ဍပ်တို့ကို တည်ဆောက်၍ ပူဇော်ကြလေသည်။ ဒေသနယ်ပယ်အသီးသီးတို့မှ ရသေ့များကလည်း ဘုရားရှင်ကြွချီရာ သုဓမ္မဝတီ သထုံပြည်သို့ ကြွချီလာကြ၍ ဘုရားရှင်အား ဦးခိုက်ပူဇော်ကြလေသည်။ ဘုရားရှင်လည်း တရားဒေသနာဟောတော်မူပြီး၍ ရသေ့အပေါင်းတို့က ဘုရားရှင်ကိုယ်စား တစုံတရာသော ဓာတ်တော် မွေတော် ဆံတော်တို့ကို ပေးသနားတော်မူပါရန် လျှောက်ထားသောအခါ ဦးခေါင်းထက်ဝယ်လက်ထိပ်တင်လျှက် ဆံတော်တို့ကို ပေးသနားတော်မူရာတွင် ကျိုက်ထီးရိုးတောင်၌ နေထိုင်သော တိရဿရသေ့၊ ဇွဲကပင်တောင်တွင်နေထိုင်သော သီဟရသေ့နည်းတူ မုလအိတောင် မူလတောင်တို့မှ နေထိုင်သော နုရဒရသေ့နှင့် ကပ္ပရသေ့တို့လည်း ဘုရားရှင်၏ ဆံတော် တစ်ဆူစီကို ကိုးကွယ်ခွင့် ရရှိကြလေသည်။ မြတ်စွာဘုရားဆံတော်ကို ကိုးကွယ်ခွင့်ရရှိသော ကပ္ပရသေ့သည် မိမိတရားအားထုတ်သောတောင်၌ အကြီးအကျယ် တင့်တယ် ကောင်းမွန်စွာဌာပနာလိုသော ဆန္ဒ ရှိသဖြင့် ကျိတ်မြို့ကိုအစိုးရသော ကလာပုမင်း နှင့် တိုင်ပင်ရာ သဘောတူညီပြီး မဟာသက္ကရာဇ် ( ၁၁၄ ) ဘီစီ ( ၅၇၈ ) နတ်တော်လတွင် အလှူအတန်း ပွဲလန်းသဘင်တို့ဖြင့် ကြီးကျယ်ခမ်းနားစွာ ပြုလုပ်ပြီးလျှင် ကပ္ပရသေ့ နှင့် ကလာပုမင်း ကိုယ်တိုင် ကြပ်မတ်၍ မုလအိ တောင်ထိပ်တွင် ကျောက်တုံး ကျောက်ခဲ အင်္ဂတေ သရွတ်တို့ဖြင့် သုတ်လိမ်းကာ ဌာပနာတိုက်ကို ပြုလုပ်ကြလေသည်။ ရွှေကြုတ်ဖြင့် ဆံတော်ကို ဌာပနာ၍ ဘုရားရှင်၏ကိုယ်ပွားရုပ်တုတော်ကိုလည်း ဌာပနာ လေ၏။ ပြီးလျှင် ကပ္ပရသေ့ရုပ်တု၊ ကုလာပုမင်းရုပ်တုတို့ကို ရွှေပန်းငွေပန်းဖြင့် ပူဇော်ပြီးကျောက်၊ သံ၊ ပတ္တမြား မြောက်မြားစွာကို ဌာပနာကြလေသည်။ ထိုသို့ ဌာပနာပြီးလျှင် တောင်ထိပ် ပြင်အကျယ်အားဖြင့် အနောက်အရပ် ၌ အတောင်လေးဆယ်တောင် နှင့် မြောက် အရပ် ၌ ၂၅ တောင် ကျယ်ဝန်းသော နေရာ၌ ဖိနပ်တောင် ၁၀ တောင်ဉာဏ်တော် ၁၅ တောင် ရှိသော ကျောက်စေတီတဆူ ကို တည်ထားကိုးကွယ်လေ၏။

ဘုရားစေတီဘွဲ့တော်နာမည်သည် ကျိုက်မုလအိဟူ၍ အမည်တွင်လေ၏။ မြန်မာဘာသာအားဖြင့် အမြဲထင်ပေါ်သောဘုရား ဟူ၍ အဓိပ္ပာယ်ရသည်။

မုလအိ စေတီတည်ရှိရာ တောင်ထိပ်သည် ၁၈၆၅ ခုနှစ်၌ နယ်ခြားမင်းကြီး လက်ဖတင်နင်ဖိုက်၏ တိုင်းတာချက်အရ ပင်လယ်ရေပြင်မှတောင်ထိပ် အထိ ပေပေါင်း ၆၀၀၀ ကျော်ရှိသည်ဟု သိရှိရလေသည်။ စေတီတည်ရှိရာ ရင်ပြင်မှာ ရှေ့နောက် ပေ ၆၀ကျော်ပြီး တောင်မြောက် ၃၈ ပေသာ ကျယ်ဝန်းသည်။

မူလက မုလအိ စေတီ မှာ တစ်ဆူသာ ရှိသော်လည်း လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် စေတီငယ်တစ်ဆူ ထပ်မံတည်ဆောက်၍ မူလအိစေတီညီနောင်ဟူ၍ အမည်တွင်သည်။ မုလအိစေတီတည်ရှိရာတောင်ထိပ်ပေါ်သို့ တက်ရောက်ရန် အလွန်ကျဉ်းမြောင်းသောချောက်ကမ်းပါး တောင်စွယ်တစ်နေရာကို ဖြတ်ကျော်ရသည်။ ထိုနေရာသည် တောင်အောက်မှလေများ ပြင်းထန်စွာ တိုက်ခတ်သဖြင့် စိတ်အားငယ်နုနယ်သည့် အမျိုးသမီးတို့မှာ စေတီရှိရာတောင်ထိပ်ပေါ်သို့ မတက်ရောက် နိုင်ပဲအမျိုးသားတို့သာ တက်ရောက်နိုင်သည်။ ထို့ကြောင့် စေတီတော်မရောက်မှီ အမြင့်ပေ ၁၀၀ ကျော်၌ အမျိုးသမီးများ ဖူးမြော်ရန်ကိုယ်စား စေတီ နှစ်ဆူကို တည်ထားပေးခြင်းဖြစ်သည်ဟု ဆိုကြလေသည်။

မုလအိစေတီတည်ရှိရာ တောင်ထိပ်သည် တောင်၊ ချောက်ကမ်းပါးယံ၌ အလွန်မတ်စောက်၍ အဆင်းခက်လှသောနေရာတွင် ဇော်ဂျီဖိုထိုးရာနေရာ တွင်းဂူကြီး ရှိလေသည်။ ခုထိတိုင် မည်သူတဦးတယောက်မျှ အရဲလွန် ၍ မဆင်းဝံ့ သေးချေ။

မိန်းမစေတီတည်ရှိရာ အောက်ဘက် တောင်ကမ်းပါးတွင် ကိုရင်ကြီးဂူ တည်ရှိလေသည်။ လွန်ခဲ့သောနှစ် ၃ ၄ ဆယ် ကိုရင်ကြီး သီတင်းသုံးခဲ့ရာ ဂူ ထဲ၌ သေတ္တာ နှင့် သင်္ကန်း အပိုင်းစများကို တွေ့ရှိရသေးသည်။ ကျောက်သားအဖြစ်သာ တည်နေသည့် မုလအိတောင်ထွတ်၏ အဖြောင့်အတိုင်းသွားလျှင်အလွန်ထူဆန်းသော နတ်ဘီလူး တောင် တည်ရှိပြီးအရှေ့စူးစူး အရပ်တွင် မြန်မာ လေးတိုင် အထွာ ၈ မိုင် အကွာ၌ မုလအတောင်တော် တည်ရှိလေသည်။

မုလအိစေတီတည်၍ မုလအိတောင်အမည်တွင်သော တောင်၏ ထူးဆန်းမှု တရပ်မှာသစ်ခွပန်း မျိုးစုံ ပေါက်၍ ဆေးဖက်ဝင်သောအပင်တို့လည်း များစွာ ရှိလေသည်။ သစ်မင်း သစ်မင်းရာဇာ၊ တောင်ကလယ် ဝေးစသည်တို့မှ တောလုံးနှံ့ ပေါက်ရောက်လျှက် သဇင်နီ၊ သဇင်ဖြူ ပန်းများစွာလည်း ထူးဆန်းစွာ ပေါက်ရောက်၍ နေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မုလအိတောင်တန်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းသွားရန် ဒေသခံများ ကြိုးပမ်းBNI media group (၂၄ ဇန်နဝါရီ ၂၀၁၈)။ ၃၁ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  2. ကရင်ပြည်နယ် အမြင့်ဆုံး မုလအိတောင်ကို ခြေလျင်တောင်တက်အဖွဲ့ တက်မည်The Voice (၂၁ ဇန်နဝါရီ ၂၀၁၈)။ ၃၁ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]