မီးခိုး
မီးခိုးသည် ကျောက်မီးသွေး၊ ထင်း၊ ရေနံဆီ စသော လောင်စာများကို မီးရှို့ရာမှ ထွက်ပေါ်လာသော အခိုးအငွေ့ဖြစ် သည်။ စက်ရုံကြီးများတွင် ရေနွးငွေ့အားကို ယူရာ၌ ဘွိုင်လာအိုး မီးဖိုများတွင် ကျောက်မီးသွေးကိုထည့်၍ မီးရှို့ကြသည်။ ကျောက် မီးသွေး မီးစွဲလောင်ရာ၌ လေကောင်းကောင်းရ၍ မီးအရှိန်ပြင်းပြင်း ဖြင့် ကောင်းကောင်းလောင်နေသည့်အခါ မီးခိုး အနည်းငယ်သာ ထွက်သည်။ တစ်ခါတစ်ရံ မီးခိုးထွက်မှန်းကို မသိရချေ။ သို့သော် လည်း ကျောက်မီးသွေး အထည့်များပြီးလျှင် လေကောင်းကောင်း မရသည့်အခါ ထည့်လိုက်သော လောင်စာအားလုံးကို မီးအရှိန် ကောင်းကောင်းဖြင့် မလောင်နိုင်သဖြင့် ခေါင်းတိုင်မှ မဲမှောင်သော မီးခိုးလုံးကြီးများ ထိုးထွက်လာလေသည်။
ကျောက်မီးသွေးမှ ထွက်သော မီးခိုးတွင် အလွန်သေး ငယ်သော ကာဗွန်မှုန့်များပါရှိ၍ ထိုကာဗွန်မှုန့်များသည် ကျပ်ခိုး အဖြစ်စုပေါင်းသွားကြသည်။ ရာသီဥတုခြောက်သွေ့၍ သာယာသော နေ့များတွင် ခေါင်းတိုင်မှ ထွက်သော မီးခိုးသည် အပြာရောင်ရှိ၏။
သို့သော် စိုစွတ်ထိုင်းမှိုင်းသော နေ့များတွင်မူကား မှိုင်းမှုန်ကလေး များသည် ရေခိုးရေငွေ့ကြောင့် ရေနှင့်လုံးမိသွားကာ အရွယ် ကြီးလာသဖြင့် ညိုမဲသောအရောင်သို့ ပြောင်းသွားကြသည်။ စက်မှုလုပ်ငန်း များ တည်ထောင်ဖွင့်လှစ်ထားသော မြို့ကြီး ပြကြီးများတွင် ကျောက်မီးသွေးမီးဖြင့် ရေနွေးငွေ့အားကို ယူကြသည့်အတွက် မီးခိုးခေါင်း တိုင်များမှ စူးရှသောအနံ့ရှိသည့် မီးခိုးလုံးများသည် တစ်ရှိန်ထိုး ထွက်လာကြသည်။
စိုစွတ်သောနေ့များတွင် ထိုမီးခိုးလုံးများသည် ရေခိုးရေငွေ့များဖြင့် လုံးပြီးလျှင် ညစ်ညမ်းပေကျံ၍ မနှစ်မြို့ဖွယ် ကောင်းသော မီခိုးလုံးကြီးများ ဖြစ်ပေါ်လျက်ရှိလေသည်။ ကျောက်မီးသွေးမှ ထွက်သော မီးခိုးလုံးတွင် ဓာတ်သဘော အရ ရေခိုးရေငွေ့၊ ကာဗွန်ဒိုင်အောက်ဆိုက်နှင့် ဆာလဖာဒိုင်အောက်ဆိုက်ဓာတ်တို့သည် ရေတွင် ပျော်ဝင်လွယ်၍ ကာဗွန်နစ်အက်ဆစ် နှင့် ဆာလဖျူရစ်အက်ဆစ်အဖြစ်သို့ ပြောင်းလဲသွားသည်။ ထို ကြောင့် မြို့ကြီးပြကြီးများတွင်ရှိသည့် ကျန်းမာရေးကို ထိခိုက်နိုင်သည့်ပြင် အဆောက်အအုံ ကြီးများလည်း ပျက်စီးစေနိုင်သည်။
တစ်ခါတစ်ရံ ခေါင်းတိုင်များတွင် တွယ်ကပ်လျက်ရှိသော ကျပ်ခိုးများ မီးစွဲလောင်လျက်ရှိနေသည်ကိုတွေ့ကြရ၏။ ကျောက်မီးသွေးမီးမှ ဖြစ်ပေါ်လာသော ကျပ်ခိုးမီးစွဲလောင်ခြင်းမှာ အံ့ဩစရာ ပင်ဖြစ်ပေမည်။ သို့သော် ဤကဲ့သို့ဖြစ်ရခြင်းမှာ ကျောက်မီးသွေးကို ထည့်၍ရှို့သောဖိုထဲ၌ လေကောင်းစွာမရသဖြင့် ကျောက်မီးသွေး အားလုံး ကုန်စင်အောင် မလောင်ရသောကြောင့် ဖြစ်လေသည်။
ယခုခေတ်တွင် ရေနွးငွေ့အားကို ကျောက်မီးသွေးမီးဖြင့် မယူတော့ဘဲ ဓာတ်ငွေ့မှရသော မီးဖြင့်လည်းကောင်း၊ မီးခိုးမှိုင်း မတက်နိုင်သော လောင်စာများဖြင့်လည်းကောင်း ရယူ ကြလေသည်။ ရာသီဥတုအလွန်အေးသော တိုင်းပြည်များရှိ အိမ်တိုင်းလိုမှာပင် မီး လှုံရန် မီးလင်းဖိုများရှိကြရာ ဆောင်းရာသီရောက်ချိန်တွင် ထိုမီးလင်းဖိုများကို နေ့ရောညဉ့်ပါ အစဉ်မပြတ် ထင်းများ၊ ကျောက်မီး သွေးများဖြင့် မီးဖိုထား ကြရသည်။ ရာသီဥတု၏ အအေးဒဏ်ကို မခံနိုင်ရကား အိမ်တံခါးများကို လုံအောင်ပိတ်၍ အိမ်ထဲရှိ မီးလင်းဖိုတစ်ဝိုက်တွင် နေ့ရောညဉ့်ပါ မီးလှုံကာ အချိန်ကုန်ကြရ လေသည်။ ထိုမီးလင်းဖိုများမှ ထွက်သော မီးခိုးများသည် အထက်တွင် ဆိုခဲ့သည့်အတိုင်း ကျန်းမာရေးကို ထိခိုက်စေနိုင်သည့်ပြင် အိမ်အဆောက်အအုံကိုလည်း ညစ်ညမ်းစေ၍ မကြာမီအတွင်း ပျက်စီးစေနိုင်သည်။
ထိုအန္တရာယ်မျိုးမှ ကာကွယ်ရန် ယခုအခါ အိမ်တွင်း ထင်း၊ ကျောက်မီးသွေးစသည်တို့နှင့် မီးမဖိုတော့ဘဲ အခန်းများကို လျှပ်စစ်ဓာတ်ဖြင့် နွေးအောင်ပြုလုပ်ထားခြင်း၊ လေ ကောင်းလေသန့် ရနိုင်ရန် အတွင်းမှ လေကိုအပြင်သို့၊ အပြင်မှလေ ကို အတွင်းသို့ လျှပ်စစ်ဓာတ်ဖြင့် ထုတ်သွင်းခြင်းစသည်တို့ကို စီမံပြုလုပ်ကြလေသည်။ ထိုပြင် စက်မှုလုပ်ငန်း အလုပ်ရုံကြီးများနှင့် မီးရထားများတွင် ယခုအခါ ကျောက်မီးသွေးထင်းများဖြင့် ရေနွေးငွေ့အားကိုမယူဘဲ လျှပ်စစ်အားကိုယူပြီး ခုတ်မောင်းသွားလာနိုင် သောကြောင့် အန္တရာယ်အမျိုးမျိုးမှ ကင်းလွတ်အောင် စီမံထားနိုင် ကြပေပြီ။
ကျောက်မီးသွေးမှ ထွက်သော မီးခိုးသည် ဘေးအန္တရာယ် များသည့်ပြင် အဖိုးတန်ပစ္စည်းများဖြစ်သော ကတ္တရာစေးများလည်း အလဟဿ မီးထဲတွင် လောင်သွားရလေသည်။ ကျောက်မီးသွေးထဲ တွင်ပါရှိသော ကတ္တရာများစွဲလောင်မှုကြောင့် အဆိပ်ဖြစ်စေတတ် သော မီးခိုးများ ဖြစ်ပေါ်လာသည်။ သို့ရာတွင် ယခုအခါ ထို အန္တရာယ်များလှသော မီးခိုးများ ရပ်စဲယုတ်လျော့သွားစေရန် သိပ္ပံ နည်းများဖြင့် တိုးတက်ကြံစည်လာသောကြောင့် လည်းကောင်း၊ တရားဥပဒေများ ပြဋ္ဌာန်း၍ တားမြစ်ခြင်းကြောင့်လည်းကောင်း၊ မြို့ ကြီး ပြကြီးမှစ၍ မြို့ရွာ နေအိမ်တို့မှာ သန့်ရှင်း၍ လေကောင်း လေသန့်များ ကောင်းစွာ ရလာနိုင်ကြပေပြီ။
မီးခိုးကို ဘေးအန္တရာယ်များသည့်အတွက် တရားဥပဒေများ ပြဋ္ဌာန်း၍ပင် တားမြစ်လာရသော်လည်း၊ တစ်ပြည်နှင့် တစ်ပြည် စစ်မက်ဖြစ်ပွားကြသော အခါ၌ကား မီးခိုးသည် ရန်သူမမြင်နိုင် အောင် ကာကွယ်ပေးသည့် တံတိုင်းကြီးကဲ့သို့ အသုံးဝင်ပြန်လေ သည်။ ပင်လယ်တွင် စစ်သင်္ဘောကြီးများ သွားလာနေသည့်အခါ တစ်ဖက်ရန်သူများမမြင်နိုင်အောင် မီးခိုးလုံးကြီးများကို လွှတ်ထား လေ့ရှိသည်။ စစ်တပ်များကို ရန်သူလေယာဉ်ပျံမှ မမြင်နိုင်အောင် လည်း မီးခိုးဖြင့် ဖုံးအုပ်ထားတတ်ကြလေသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)