မိုင်းကိုင်စက္ကူ
မိုင်းကိုင်စက္ကူ (သို့) ရှမ်းစက္ကူသည် စက္ကူအကြမ်းစားမျိုးဖြစ်၍ ရှမ်းပြည်နယ်တွင် ခဲဖြင့် စာရေးရန်သော်လည်းကောင်း၊ ခမောက်၊ လွယ်အိတ် စသော ပစ္စည်းများ ထုပ်ပိုးရန်နှင့် ကုန်ပစ္စည်းများ ထုပ်ရန်သော်လည်းကောင်း များစွာ အသုံးဝင်သော စက္ကူဖြစ်သည်။ အချို့သော ရှမ်းရွာဒေသများတွင် အိပ်ယာခင်းထိ ထူအောင်လုပ်၍၊ အချို့မှာ သစ်စေးသုတ်၍ မိုးကာအဖြစ် အသုံးပြုကြသည်။ ဤစက္ကူမျိုးကို ရှမ်းပြည်နယ်တွင် အမျိုးသမီးများ အိမ်တွင်းလက်မှုလုပ်ငန်း အနေဖြင့် အနှံ့အပြား လုပ်ကိုင်ကြသည်။ အထူးသဖြင့် မိုင်းကိုင်နယ် ကွန်နားရွာ၊ ကွန်ကျိုင်းရွာ၊ တောင်ပိုင်းဝနယ်၏ မြို့တော်ဖြစ်သော မိုင်းကာအိုမြို့နှင့် သီပေါနယ်တို့တွင် ပိုမိုလုပ်ကိုင်ကြသည်။
မိုင်းကိုင်စက္ကူလုပ်ငန်း၏ အဓိက အရေးအကြီးဆုံး ပစ္စည်းတစ်ခုကား သာလဲပင်(တာလဲပင်) ဖြစ်သည်။ သာလဲပင်ကို ရှမ်းဘာသာဖြင့် မဲ့ဆာ ဟုလည်းခေါ်သည်။ ယင်းသာလဲပင်ကို ရှမ်းပြည်နယ် အတွင်းနှင့် တောင်ပိုင်းဝနယ် အပါအဝင် ဒေသများတွင် အလေ့ကျပေါက်လျက်ရှိကြသည်။ ထိုအပင်၏ အခေါက်များမှ ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံသုံး မိုင်းကိုင်စက္ကူများ ဖြစ်လာလေသည်။ ထို့ကြောင့် သာလဲပင်သည် ရှမ်းပြည်နယ်အတွက် မြေကြီးမှ ရွှေသီးသော အပင် ဖြစ်ပေသည်။
ပြုလုပ်ပုံ
[ပြင်ဆင်ရန်]သာလဲပင်မှ အခေါက်များကို ဦးစွာပထမ ခွာယူပြီးလျှင် သံပုံးတွင်ထည့်၍ မီးဖိုမှ နေ့စဉ်ရရှိသော ပြာများဖြင့် ရောလိုက်ရ၏။ ထို့နောက် သံပုံးတွင် ရေထည့်၍ မီးတွင် သာလဲခေါက်များ နွမ်း၍ နူးလာသည့်တိုင်အောင် ကျိုပေးရသည်။ သာလဲခေါက်များ အတော်နူးလာသောအခါ သံပုံးမှ ဆယ်ယူပြီး ပြာရည်ကုန်အောင် ရေနှင့် ဆေးကြောပေးရသည်။ အမှိုက် အညစ်အကြေးများကိုမူ လက်ဖြင့် ကောက်ယူ ပစ်ရသည်။ ရေဆေးပြီးသော ပြူတ်ပြီးသား သာလဲခေါက်များကို သစ်သားတုံး သို့မဟုတ် ကျောက်ပြားပေါ်တွင် တင်၍ သစ်သားတူနှစ်လက်ဖြင့် ဘယ်ပြန်ညာပြန် ကျေညက်အောင် ထုပေးရသည်။ ဤသို့ထုရိုက်ပေးရာ၌ အချိန်ယူ ဂရုစိုက် ထုရိုက်ပေးနိုင်မှသာ စက္ကူပြုလုပ်ရာတွင် အမျှင်ကင်း၍ ချောမွေ့သော စက္ကူကို ရနိုင်သည်။
ကျေမွအောင်ထုချေပြီးသော သာလဲခေါက်များသည် စက္ကူကြမ်းများကို ရေနှူးထားသော ပုံသဏ္ဌာန်ကဲ့သို့ ရှိနေသည်။ ထိုထက် ပိုမိုနူးညံ့စေရန် သာလဲခေါက် အကျေကို ဝါးဆစ်ဗူးငယ် အတွင်းသို့ ရေနှင့်ရော၍ ထည့်ပြီးလျှင် ဝါးဒလက်ငယ်ဖြင့် လှည့်ပတ်ကာ ဗုံဗိုင်စုတ်များသဖွယ် အထက်အောက် အပြန်ပြန်အလှန်လှန် ထပ်မံကျေမွစေပြန် လေသည်။ ထို့နောက် လေးထောင့်သဏ္ဌာန်ထွင်းထားသော သစ်သားခွက်ကြီး အတွင်း၌ ရေ လက်လေးသစ်ခန့် ထည့်၍ အလျား ၂-ပေခွဲ၊ အနံ ၂-ပေခန့်ရှိ ဝါးဖြင့် ကားကြက်ထားသော ပိတ်ခွက်ကို သစ်သားခွက်ကြီး အတွင်းရှိ ရေတွင် ချလိုက်၏။ သို့ ချလိုက်သည်တွင် ပိတ်ခွက်အတွင်းသို့ အမှုန့်ကင်းစင်သော ရေသန့်များ လက်နှစ်သစ်ခန့်မျှ စစ်၍ ဝင်လာရာ ပိတ်ခွက်တွင် ရေပြည့်နေတော့၏။ ထို့နောက် ဝါးဆစ်ဗူးငယ် အတွင်းမှ ချေမွထားသည့် သာလဲခေါက်ကို ပိတ်ခွက်ရေအတွင်းသို့ သွန်ချလိုက်လေသည်။ ပိတ်ခွက်အတွင်းမှ သာလဲခေါက်အကျေများသည် စက္ကူကြမ်းများကို ရေနူး၍ ရေခွက်ကျယ်တွင် ထည့်ထားသည်နှင့် တူနေလေသည်။ ထို့နောက် ဆန်ကောတွင် ဆန်ဝိုင်းသကဲ့သို့ ပိတ်ခွက်ကို လက်နှစ်ဖက်ဖြင့် ဘယ်ညာ ဝိုင်းပေးသောအခါ စက္ကူဖြစ်တော့မည့် သာလဲခေါက်များသည် ပိတ်ခွက်အတွင်းရှိ ရေတွင် ပြေးလွှားပျံ့နှံ့ လာကြလေသည်။ အထူအပါးညီအောင် လက်ဖြင့် ပြုပြင်ပေးရသည်။ ဤသို့ ပိတ်ခွက်အား ဝိုင်းပေးခြင်းဖြင့် စက္ကူပြား တစ်ချပ်ကို ရေစိမ်ထားသည့် သဏ္ဌာန်သို့ ရောက်သည့်အခါ ပိတ်ခွက်ကို လက်နှစ်ဖက်ဖြင့် ညီညီ သစ်သားရေခွက်ကြီး အတွင်းမှ ဆွဲမလိုက်လျှင် ရေများ ကျန်ခဲ့ကြ၍ နေလှန်းရန်သာလိုတော့သည့် စက္ကူဖြစ်လာလေသည်။ သို့ဖြင့် စက္ကူရေစို ချပ်ကြီး တစ်ခုကို ပိတ်ကားတွင် ကပ်လျက်သားရှိနေတော့၏။ နေပူပြင်းပြင်းတွင် ၃-နာရီမျှ လှန်းလျှင် ခြောက်သွေ့သွားနိုင်ရာ ပိတ်ကားမှ ခွာယူလိုက်သောအခါ မိုင်းကိုင်စက္ကူကို ရရှိတော့၏။
မိုင်းကိုင်နယ်တွင် တစ်လလျှင် စက္ကူအချပ်ရေ တစ်သိန်းအထိထွက်သည်။ စက္ကူအမျိုးအစားမှာ သုံးမျိုးခန့် လုပ်ကိုင်ကြသည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ စွယ်စုံကျမ်း အတွဲ(၉) အပိုင်း(ခ)