မိဒလူမျိုး

ဝီကီပီးဒီးယား မှ

ရှေးအထက်ကျော်ကာရီက အာရှတိုက်အနောက်ပိုင်းတွင် တန်ခိုးကြီးခဲ့သော လူမျိုးတစ်မျိုးမှာ မိဒလူမျိုးဖြစ်သည်။ ပါးရှင်း လူမျိုးများကဲ့သို့ပင် အင်ဒိုဥရောပလူမျိုး အဆက်အနွယ်များ ဖြစ် ကြ၍ ယခုကာလ ဥရောပတိုက်သား အားလုံးလောက်သည် ယဟူဒီလူမျိုးများမှတစ်ပါး ထိုမိဒလူမျိုးများမှ ဆင်းသက်လာ ကြသည်။

မိဒလူမျိုးတို့၏ နိုင်ငံဖြစ်သော မီးဒီးယားမှာ ယခု အီရန် နိုင်ငံ အနောက်မြောက်ပိုင်းဒေသဖြစ်သည်။ ယင်းလူမျိုးတို့၏အရင်း အမြစ်ကို အသေအချာ မသိရသော်လည်း၊ ဘီစီ ၉ဝဝ ခန့်လောက် တွင် အဆီးရီးယားနိုင်ငံ၏ လက်အောက်ခံ ဖြစ်လာရာမှ စတင်၍ မိဒလူမျိုးများရှိကြောင်း သိရှိရသည်။

မိဒလူမျိုးတို့သည် အစပထမတွင် ရိုင်းစိုင်းကြမ်းတမ်းသော လူမျိုးများဖြစ်သော်လည်း လခြမ်းဒေသကြီးဖြစ်သည့် အနောက် တောင်ဒေသများမှ ယဉ်ကျေးမှုများကို တစ်စတစ်စ ရရှိကြလေ သည်။ အဆီးရီးယားလူမျိုးတို့သည် နိုင်ငံတော်ကြီး တန်ခိုးထွားမှုကိုအကြောင်းပြုကာ စည်းစိမ်ယစ်မူးနေယင်း တဖြည်းဖြည်း အင်အား ယုတ်လျော့လာချိန်တွင် မိဒတို့သည် အင်အားတောင့်တင်းလာပြီး လျှင် ခေါင်းထောင်လာကြသည်။

ဘီစီ ၇ဝဝ ခန့်တွင် တိုင်းဂရစ်မြစ် အရှေ့ဘက်တောင်တန်းဒေသ၌ အင်အားကောင်းသော အိုင်ရေးနီးယန်းနိုင်ငံတစ်ခုကို တည်ထောင်လာကြလေသည်။ ထိုနိုင်ငံမှာ ပါရှင်းပင်လယ်ကွေ့ဘက်မှ မြောက်ဘက် ပင်လယ်နက်ဒေသများသို့ တိုင်၏။ ထိုနိုင်ငံ၏မြို့တော်မှာ အက်ဗာတာနာဖြစ်သည်။ ဘီစီ ၆၁၂ ခုနှစ်သို့ ရောက်သောအခါ မိဒတို့သည် ဗက်ဗီလုံးနှင့်ပူးပေါင်း ကာ အဆီးရီးယားနိုင်ငံနှင့် နင်းနိဗမြို့တော်ကြီးကိုပင် သိမ်းပိုက် လိုက်ကြလေသည်။

ဤသို့ဖြင့် မိဒတို့သည် အာရှတိုက် အနောက်ပိုင်းဘက် တွင် တန်ခိုးကြီးသော လူမျိုးတစ်မျိုး ဖြစ်လာလေသည်။ သို့သော် လည်း သူတို့၏ခေါင်းထောင်နိုင်မှုသည် တာမရှည်လှချေ။ အနှစ် ၅ဝ ခန့် ကြာသောအခါ သူတို့နှင့် အဆက်အနွယ်တူ၊ အယူဝါဒတူ ဖြစ်၍ သူတို့၏ စိုးမိုးခြင်းကို ခံနေခဲ့ရသော ပါးရှင်းလူမျိုးများ ထ ကြွလာတော့၏။

ဆိုင်းရပ်ဦးစီးခေါင်းဆောင်ပြုကာ ပုန်ကန်၍ ဘီစီ ၅၅၉ ခုနှစ်လောက်တွင် မိဒဘုရင် အက်စတျာဂီး၏ ထီးနန်းကို တိုက်ခိုက်သိမ်းယူ အောင်ပွဲဆင်ခဲ့သဖြင့် မိဒတို့သည် ပါးရှင်းတို့၏ လက်အောက်သို့ ရောက်သွားလေ၏။

ပါးရှင်းတို့၏ လက်အောက်တွင် အယူဝါဒတူ အဆက်အနွယ်တူဖြစ်သော မိဒတို့ မှာ ထိုအချိန်မှစ၍ ပါးရှင်းတို့နှင့် လူမျိုးချင်း ပေါင်းစပ်ရောနှော သွားလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)