မိတ္တဝိန္ဒက

ဝီကီပီးဒီးယား မှ

မိတ္တဝိန္ဒက သည် ဗုဒ္ဓဝင်ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး ဒသကနိပါက်၊ မဟာမိတ္တဝိန္ဒက (စတုဒွါရ) ဇာတ်တွင် မိတ္တဝိန္ဒက၏ ဇာတ်ကြောင်းကို ဖော်ပြသည်။ မိတ္တဝိန္ဒက၏ ကြီးမားသော အကုသိုလ်ကံသည် သူ၏ ဘဝအား အရှင်လတ်လတ်ငရဲသားအဖြစ်သို့ ရောက်စေခဲ့သည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မိတ္တဝိန္ဒကသည် ငွေကျပ်တစ်ထောင်ဖြင့် အရင်းအနှီးပြု၍ စီးပွားရေးလုပ်ရာ တစ်သိန်းနှစ်သောင်း အမြတ်ရခဲ့၏။ ထို့နောက် သမုဒ္ဒရာပင်လယ်ပြင်ကို ကူးကာ ကူးသန်းရောင်းဝယ်ရန် စီစဉ်၏။ ထိုအခါ သောတာပန်မိခင်သည် တားမြစ်သည်။ သို့သော် မိတ္တဝိန္ဒကသည် မိခင်၏ စကားကို နားထောင်ခြင်း အလျဉ်းမပြုဘဲ မိခင်ဖြစ်သူကိုပင် မောင်းမဲကာ ကုန်သွယ်ထွက်လေ၏။

ကုန်ကူးထွက်သောအခါ လှေသည် ပျက်စီးလေ၏။ ထိုအခါ မိတ္တဝိန္ဒကသည် ကျွန်းတစ်ခု ရောက်သွားလေ၏။ ထိုကျွန်းတွင် နတ်သမီး (ဝေမာနိကပြိတ္တာမ) လေးယောက်နှင့် တွေ့လေ၏။ ထိုနတ်သမီးတို့သည် ကိုသိုလ်ကံတစ်လှည့် အကုသိုလ်ကံကိုတစ်လှည့် ခံစားနေရသူများ ဖြစ်၏။ ထိုနတ်သမီးတို့နှင့် နေ့အချိန်တွင် ပျော်ပါး၏။ ညအချိန်တွင် ပြိတ္တာမတို့သည် အကုသိုလ်အကျိုးကို ခံစားရပေမည် ဖြစ်သဖြင့် မိတ္တဝိန္ဒကအား စောင့်နေရန် ပြော၏။ သို့သော် မိတ္တဝိန္ဒကသည် စောင့်မနေဘဲ နောက်တစ်ဦးသို့ ထွက်ခွာသွား၏။ ထိုကျွန်းတွင်လည်း ယခင်နည်းတူ နတ်သမီး (ဝေမာနိကပြိတ္တာမ) ရှစ်ဦးကို တွေ့ပြန်၏။ ထို့နောက် နောက်တစ်ကျွန်းသို့ ထွက်လာပြန်ရာ နတ်သမီး (ဝေမာနိကပြိတ္တာမ) တစ်ဆယ့်ခြောက်ဦးနှင့် တွေ့ပြန်၏။ ထို့နောက် နောက်တစ်ကျွန်းသို့ ထွက်လာခဲ့ပြန်၏။ ထိုအခါ သုံးဆယ့်နှစ်ယောက်နှင့် တွေ့ခဲ့၏။ ထိုနတ်သမီးတို့ဖြင့် ပျော်ပါးပြီးနောက် နောက်ထပ်တစ်ကျွန်းသို့ ထွက်လာခဲ့ပြန်၏။

ဤတစ်ကြိမ်တွင် မိတ္တဝိန္ဒကအား မိခင်အား ပြစ်မှားခဲ့သည့် အကုသိုလ် မုချအကျိုးပေးတော့မည် ဖြစ်၏။ ယခုရောက်လာသည့် ကျွန်းတွင် မိတ္တဝိန္ဒကသည် ခေါင်းတွင် နတ်ပန်းများ ပန်ထားသည့် သူတစ်ဦးကို မြင်လေ၏။ ထိုအခါ မိတ္တဝိန္ဒကသည် ထိုခေါင်းပေါ်ရှိ နတ်ပန်းအား မိမိအားပေးရန် တောင်း၏။ ထိုသို့ မိတ္တဝိန္ဒက တောင်းနေသည့် နတ်ပန်းဆိုသည်မှာ ငရဲအကျခံနေရသည့် သူတစ်ဦး၏ ခေါင်းပေါ်ရှိ သင်တုန်းဓားစက်တစ်ခုသာ ဖြစ်၏။ မိတ္တဝိန္ဒကသည် အကုသိုလ်က အကျိုးပေးတော့မည် ဖြစ်သဖြင့် သင်တုန်းဓားစက်ကို နတ်ပန်းအဖြစ် မြင်နေခြင်း ဖြစ်၏။

ထို့နောက် ငရဲအကျခံနေရသည့် ငရဲသားသည် မိတ္တဝိန္ဒကအား နတ်ပန်းမဟုတ်ဘဲ သင်တုန်းဓားစက် ဖြစ်သည်ဟု ပြော၏။ မိတ္တဝိန္ဒကလည်း နတ်ပန်းအဖြစ်သာ မြင်နေပြီး ပေးရန်ပြောဆိုနေသဖြင့် ပြောလေ၏။ ထိုအခါ ငရဲသားသည် မိမိခေါင်းပေါ်ရှိ သင်တုန်းဓားစက်ကို ချွတ်ကာ ပေးလေ၏။ မိတ္တဝိန္ဒကသည် ခေါင်ပေါ်တွင် တပ်ဆင်လိုက်သည်နှင့် တစ်ပြိုင်နက် ခေါင်းတွင် သွေးတို့သည် ဖြာကျလာပြီး နှိပ်စက်လေ၏။ ထိုအခါမှ မိတ္တဝိန္ဒကသည် သင်တုန်းဓားစက်မှန်း သိလေ၏။ ထိုသို့ဖြင့် မိတ္တဝိန္ဒကသည် လူ့ဘဝအဖြစ်နှင့်ပင် အကုသိုလ်ကံ၏ အကျိုးကြောင့် ငရဲခံခဲ့ရပေသည်။[၁]

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ဦးရွှေအောင် (၁၉၉၄ ခုနှစ်၊ ဇန်နဝါရီလ)။ ဗုဒ္ဓ လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင် ကိုယ်ကျင့်ဗုဒ္ဓဝင်။ ၁၈၁ − ၁၈၃၊ ဆူးလေဘုရားလမ်း၊ ရန်ကုန်မြို့: မြဝတီပုံနှိပ်တိုက်။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)