ငရဲပန်းကို ရွှေပန်းထင်

ဝီကီပီးဒီးယား မှ

ငရဲပန်းကို ရွှေပန်းထင် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

မိတ္တဝိန္ဒကမည်သော လူငယ်သည် မိမိအား ညှဉ်းဆဲသတ်ဖြတ်မည့် သင်တုန်းစက်ကို ရွှေပန်း ထင်မှတ်၍ လိုချင်တောင့်တမိသကဲ့သို့ မိမိအား ဒုက္ခပေးမည့်အရာကို အကောင်းထင်မှတ်၍ မက်မောသည်။

ကဿပဘုရားလက်ထက် ဗာရာဏသီပြည်၌ သူဌေးတစ်ဦးတွင် မိတ္တဝိန္ဒက အမည်ရှိသော သားရှိ၏။ အဖသူဌေးလွန်သော် မိခင်က သားအား သီလဆောက်တည်ရန်၊ အလှူပေးရန် ဆုံးမသော်လည်း မနာယူပေ။ တစ်နေ့တွင် မိတ္တဝိန္ဒက သည် ကုန်သွယ်မှု ပြုအံ့ဟု ကြံစည်သဖြင့် မိခင်က ဖျောင်းဖျတားမြစ်ရာ မိခင်ကို တွန်းထိုးပြီး အဖော်များနှင့်အတူ လှေဖြင့် ခရီးထွက်ခဲ့၏။ ခုနှစ်ရက်မြောက်၌ လှေသည် သမုဒ္ဒရာအလယ်တွင် ရပ်ခဲ့၍ မသူတော် မဲချရာ မိတ္တဝိန္ဒက မဲကျသဖြင့် ၎င်းအား ဖောင်ထက်တင်ကာ ရေမျှောလိုက်၏။ မိတ္တဝိန္ဒကလည်း ဖောင်ပေါ်၌ အိပ်လျက်ပါသွားရာ ဥဿဒငရဲသို့ ရောက်၏။ ထိုငရဲတွင် သင်တုန်းဓားစက်ကို ခေါင်းပေါ်တွင်ရွက်ကာ ငရဲခံနေရသော ငရဲသားတစ်ဦးကို မြင်လျှင် မိတ္တဝိန္ဒကသည် သင်တုန်းဓားစက်ကို ပဒုမ္မာရွှေကြာပန်ထင်ပြီး ထိုငရဲသားထံမှတောင်း၏။ ငရဲသားက ရွှေပန်းမဟုတ် သင်တုန်းဓားစက်သာဖြစ်ကြောင်း အကြိမ်ကြိမ်ပြောသော်လည်း တကယ်ပင် ရွှေပန်းဟု ထင်မှတ်ကာ မရအရ တောင်းယူ၍ ခေါင်းပေါ်တင်လိုက်သည်နှင့် ဒုက္ခကြီးစွာ ခံရလေသည်။[၁]

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ဪ-ငရဲပန်းကိုဖြင့် စွဲစွဲလမ်းလမ်း စွေတေတေ ကန်းတန်းတန်းနှင့်၊ ရွှေပန်းမာလာထင်နေရှာသည်။" [၁၃၀၆ ခန့်]

လေးချုပ်။ ၂၆၀။

  • "မမယုကတော့ အဲဒီဒုက္ခကိုပဲ သုခထင်နေရှာသည်။ ငရဲပန်းကို ရွှေပန်းထင်နေရှာသည်။" [၁၃၁၉] မြတ်ရတနာ၊ ၃၊ ၁၀။ ၃၉။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. ခုဒ္ဒကနိကာယ်၊ ၄၃၉-စတုဒွါရဇာတ်။
  2. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၄၈