မာ့ခ်တွိန်း

ဝီကီပီးဒီးယား မှ
(မာ့က်ခ်တွိန်း မှ ပြန်ညွှန်းထားသည်)
Mark Twain
ဖေဖော်ဝါရီ ၇၊ ၁၈၇၁ တွင် ရိုက်ကူးထားသော မာ့က်ခ်တွိန်း၏ ဓာတ်ပုံ
မွေးဖွားSamuel Langhorne Clemens
(1835-11-30)နိုဝင်ဘာ ၃၀၊ ၁၈၃၅
ဖလော်ရီဒါကျေးရွာ၊ မစ်ဆိုရီပြည်နယ်အမေရိကန်ပြည်ထောင်စု
ကွယ်လွန်ဧပြီ ၂၁၊ ၁၉၁၀(1910-04-21) (အသက် ၇၄)
ရက်ဒင်းမြို့၊ ကွန်နက်တီကတ်ပြည်နယ်အမေရိကန်ပြည်ထောင်စု
ကလောင်အမည်Mark Twain
အလုပ်အကိုင်စာရေးဆရာ
နိုင်ငံလူမျိုး အမေရိကန်
ထင်ရှားသည့်လက်ရာများAdventures of Huckleberry Finn, The Adventures of Tom Sawyer
အိမ်ထောင်ဖက်Olivia Langdon Clemens (၁၈၇၀ – ၁၉၄၀)
သားသမီးLangdon, Susy, Clara, Jean

လက်မှတ်

မာ့ခ်တွိန်း (Mark Twain) သည် ကမ္ဘာကျော်အမေရိကန်လူမျိုး ဟာသစာရေးဆရာကြီး ဆယ်မျူယယ်လန်ဟွန်းကလဲမန်း၏ ကလောင်အမည်ဖြစ်၍ ယင်းအမည်ဖြင့်ပင် ထင်ရှားသည်။ ၁၈၃၅ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု မစ်ဆိုရီပြည်နယ် ဖလော်ရီဒါမြို့၌ ဖွားမြင်သည်။ သူ့ကို ဖွားမြင်ပြီး၍ မကြာမီ မာ့ခ်တွိန်းသည် မိဖများပြောင်းရွှေ့နေထိုင်ရာ မစ္စစ္စပီမြစ်ဝှမ်းရှိ ဟန္နီဗောမြို့တွင် ကြီးပြင်းခဲ့ရလေသည်။ ထိုမြို့၌ပင် ရေကြောင်းပြပညာနှင့် စာပေများကို လေ့လာဆည်းပူး၏။ မစ်စစ်စပီမြစ်ရိုးတလျှောက်တွင် ရေကြောင်းပြအဖြစ် အမှုထမ်းနေခိုက်၊ စာပေရေးသားရန် ဗဟုသုတများ ရရှိခဲ့သည်။ နီဗားသတ္တုတွင်းများတွင် အလုပ်လုပ်ကိုင်ခြင်းဖြင့်လည်းကောင်း၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် သတင်းထောက်နှင့် စာတည်းအဖြစ်ဖြင့်လည်းကောင်း အသက်မွေးခဲ့လေသည်။ မာ့ခ်တွိန်းသည် ၁၈၆၆ ခုနှစ် ဟာဝိုင်ယီကျွန်းသို့ အလည်သွားရာမှ အပြန်တွင်စာပေများကို စတင်ရေးသားခဲ့သည်။ သူရေးသားသော စာပေတို့မှာ ဟာသနှင့်ယှဉ်သည်။ သူ၏ဟာသမှာ အပြစ်ကင်း၍ ပင်ကိုဉာဏ်မှ ထွက်ပေါ်လာသော ဟာသဖြစ်လေသည်။

၁၈၆၇ ခုနှစ်တွင် ထုတ်ဝေသော “ကာလာဗရတ်မြို့နယ်မှ ဖားပျံကျော်နှင့် အခြားဝတ္ထုတိုများ” ဟူသော ဝတ္ထုတိုစာအုပ်မှာ သူ၏ပထမဦးစွာ ကျော်ကြားလာသော ဟာသစာအုပ်ဖြစ်သည်။ နောင်သောအခါ အီဂျစ်၊ပါလက်စတိုင်းနှင့် မြေထဲပင်လယ်ဒေသများသို့ ခရီးလှည့်ယင်း ရရှိခဲ့သော ဗဟုသုတများကို မူတည်၍ “အဝေးရောက်ရိုးအသူကလေးများ” (၁၈၆၉) ခေါ် ကမ္ဘာကျော်စာအုပ်ကို ရေးသားခဲ့သည်။ ၁၈၇၀ ပြည့်နှစ်တွင် အော်လီဗီယာလန်ဂျွန်အမည်ရှိ အမျိုးသမီးနှင့် လက်ထပ်ခဲ့ပြီးနောက် နိုင်ငံခြားများတွင် အတန်ကြာ သွားရောက်နေထိုင်ခဲ့၏။ မိမိငယ်စဉ်ကနေထိုင်ခဲ့ရသော မစ်စစ်စပီမြစ်ရိုးရှိ လူငယ်ကလေးများ၏ ဓလေ့ကို သရုပ်ဖော်သောအားဖြင့် “တွမ်ဆောယား၏စွန့်စားခန်း” (၁၈၇၆) ဝတ္ထုနှင့် ယင်း၏နောက်ဆက်တွဲ “ဟပ်ကပ်ဗဲရီဖင်း၏စွန့်စားခန်းများ” (၁၈၈၅) ဝတ္ထုတို့မှာ မာ့ခ်တွိန်း၏ ဟာသဂုဏ် အမြောက်ဆုံး ဝတ္ထုများ ဖြစ်လေသည်။ ထို့ပြင် ဂျုန်းအော့အတ်၏ အဖြစ်အပျက်ကိုမူတည်၍ ရာဇဝင်ဝတ္ထုများအပြင် လူကြိုက်များသော အခြားဝတ္ထုပေါင်း မြောက်မြားစွာကို ရေးသားခဲ့သည်။ ၁၉၀၇ ခုနှစ်တွင် ယေးလ်နှင့် မစ်ဇူးရီတက္ကသိုလ်များမှ ဂုဏ်ထူးဆောင် မဟာဝိဇ္ဇာနှင့် ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့များဖြင့် ချီးမြှင့်ခြင်းခံရပြီးနောက်၊ အင်္ဂလန်ပြည် အောက်စဖို့တက္ကသိုလ်မှ အနုစာပေပါရဂူဘွဲ့ကို ရရှိခဲ့၏။

၁၉၁၀ ပြည့်နှစ် ဧပြီလ ၂၁ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု ကွန်နက်တီကတ်ပြည်နယ် ရက်ဒင်းမြို့၌ ကွယ်လွန်လေသည်။ သူကွယ်လွန်ပြီးမှ ထုတ်ဝေသော “ထူးဆန်းသောဧည့်သည်” (၁၉၁၆) “လူဆိုတာဘာလဲ” (၁၉၁၇) စသောစာအုပ်တို့မှာ ၁၈၉၇ ခုနှစ် နောက်ပိုင်း၌ ရေးသားသော စာအုပ်များဖြစ်၍ အသက်ကြီးရင့်လာသောအခါ အိမ်ထောင်ရေးနှင့်စီးပွားရေးတို့တွင် အဆင်မပြေမှုများနှင့် ကြုံတွေ့ရသဖြင့် လောကကြီးကို ငြီးငွေ့သော လေသံများ ပါလာသည်။ သို့သော် မာ့ခ်တွိန်းအား ဟာသစာရေးဆရာကြီးအဖြစ်သာ လူအများက အမှတ်တရဂုဏ်ပြုကြလေသည်။