မာလကာ

ဝီကီပီးဒီးယား မှ
ဤဆောင်းပါးသည် မာလကာပင် မျိုးစု အကြောင်း ဖြစ်သည်။ သစ်သီး အတွက် မာလကာသီး ကို ကြည့်ပါ။
မာလကာ
Guava (ကီလိုမာလကာ)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Myrtales
မျိုးရင်း: Myrtaceae
မျိုးရင်းသေး: Myrtoideae
မျိုးဇာတ်: Myrteae
မျိုးစု: Psidium
L.[၁]
Synonyms[၂]
  • Calyptropsidium O.Berg
  • Corynemyrtus (Kiaersk.) Mattos
  • Cuiavus Trew
  • Episyzygium Suess. & A.Ludw.
  • Guajava Mill.
  • Guayaba Noronha
  • Mitropsidium Burret

လူတွေ နေ့စဉ်နဲ့အမျှ စားသုံးနေကြတဲ့ အစားအစာတွေထဲမှာ ဆေးဘက်ဝင်တဲ့ သဘာဝ အသီးအနှံတွေပေါများစွာရှိပါတယ်။ သဘာဝအသီးအနှံတွေဟာ စိမ်းစိမ်းစိုစို၊လတ်လတ်ဆတ်ဆတ်၊ အရည် တစ်ရွှမ်းရွှမ်းနဲ့ လူတွေအတွက်ဆေးဘက်ဝင်အကျိုးပြုလွန်းပါတယ်။ အသီးတစ်မျိုးစီမှာ မတူညီတဲ့ ကျန်းမာရေးအကျိုးပြု အာနိသင်တွေရှိတတ်ကြပြီး အကျိုးရှိရှိ မှီဝဲသုံးဆောင်ပါက အကျိုးကျေးဇူးကြီးမားလှပါတယ်။

မာလကာသီး ဆိုရင် လူတွေရဲ့အိမ်ခြံဝင်းတွေထဲမှာ လွယ်ကူစွာ ပေါက်ရောက်သီးမှည့်နေကြတဲ့အသီးတစ်မျိုးဖြစ်ပါတယ်။ အပင်ပေါ်မှာ အပြွတ်လိုက်အခိုင်လိုက်သီးမှည့်နေတတ်ကြပြီး အလွယ်တကူ ဆွတ်ခူးစားသုံးနိုင်တဲ့ အသီး၊ ဈေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူစားသုံးနိုင်တဲ့ အသီးတစ်မျိုးဆိုရင် ပိုမှန်ပါလိမ့်မယ်။ သူ့ရဲ့အရသာက ချိုချိုလေးနဲ့စားလို့ကောင်းလွန်းသလို ကျန်းမာရေးအကျိုးကျေးဇူးပြုမှုတွေလည်းရှိပါတယ်။

ဝမ်းရောဂါ ပျောက်ကင်းစေဖို့အထောက်အကူပြုခြင်း

လူတွေဟာ မိုးရာသီမှာ အထူးသဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါအဖြစ်များတတ်ကြပါတယ်။ မာလကာသီးဟာလည်း အခုလို မိုးရာသီမှာ ဆိုရင် ပိုလို့ ပေါပေါများများ စားသုံးနိုင်ကြပါတယ်။ ဒါကြောင့် မိုးရာသီအတွင်းမှာ ဝမ်းပျက်၊ ဝမ်းလျှောဖြစ်ပွားရင် မာလကာသီးကို စားပေးခြင်းဖြင့် ရောဂါဝေဒနာကို ပျောက်ကင်းစေဖို့ ကုသရာမှာ များစွာ အထောက်အကူပြုပါတယ်။ ဝမ်းချုပ်ခြင်းတို့ဖြစ်ပွားလာခဲ့ရင်လည်း မာလကာသီးကို စားပေးခြင်းဖြင့် ဝမ်းချုပ်ခြင်းတို့သက်သာပျောက်ကင်းစေနိုင်ကြောင်း ဖော်ပြထားကြပါတယ်။

အအေးမိ၊ချောင်းဆိုးတို့ကို ပျောက်ကင်းစေခြင်း

သဘာဝတရားဟာ လူတွေအတွက် ရာသီဥတုနဲ့မျှတအောင် အသီးအနှံကို သီးပွင့်စေပါတယ်။ မိုးရာသီမှာ အများအားဖြင့် ရာသီဥတုအခြေအနေရ အအေးမိခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုးခြင်းတို့ ဖြစ်ပွားတတ်ကြပါတယ်။ သဘာဝတရားကြောင့် ဖြစ်ပွားတဲ့ ဒီလို ရောဂါ မျိုးကို ကုသပျောက်ကင်းစေနိုင်ဖို့ မာလကာသီး က ထူးခြားစွာ အာနိသင်အစွမ်းထက်ကြောင်း လည်းဖော်ပြထားကြပါတယ်။

ကိုယ်အလေးချိန်ကို လျော့ကျစေခြင်း

ကိုယ်အလေးချိန်ကိုလျော့ချလိုသူများအနေနဲ့ မာလကာသီး မှာပါဝင်တဲ့ဓာတ်သဘာဝတွေနဲ့ပတ်သက်ပြီး စိတ်ပူစရာမလိုဘဲ ကိုယ်အလေးချိန်ကို လျော့ကျစေဖို့ များစွာ အထောက်အကူပြုခြင်းဘဲဖြစ်ပါတယ်။ မာလကာသီး မှာ ဗီတာမင်၊ပရိုတိန်း နဲ့ အာဟာရ အရင်းအမြစ်ပေါများစွာ ပါဝင်ပြီး လူကို ဝစေတဲ့ ကိုလက်စထရောမပါဝင်ပါ။ အခြားအသီးတွေနဲ့ နှိုင်းစာရင် အချိုဓာတ် အရမ်းကို နည်းပါးပါတယ်။ မာလကာသီး တစ်လုံးစားလိုက်တဲ့အခါ ၄-၅ နာရီခန့် ဗိုက်မဆာဘဲ အဆာခံနေနိုင်တဲ့အတွက် ကိုယ်အလေးချိန်လျော့ချရာမှာလည်း အကျိုးရှိစေပါတယ်။

အမြင်အာရုံကို ကောင်းစေခြင်း

မာလကာသီးတစ်လုံးမှာ ဗီတာမင် အေ ကြွယ်ဝစွာ ပါဝင်နေခြင်းကြောင့် မျက်လုံးရဲ့အမြင်အာရုံကိုကောင်းစေပါတယ်။ ဥပမာ- ကြွက်သားတွေအားပျော့ခြင်း၊ အမြင်အာရုံမှုန်ဝါးခြင်း နဲ့ မျက်လုံးကျန်းမာရေးတို့ကို  များစွာ အထောက်အကူပြုခြင်းတို့ဘဲဖြစ်ပါတယ်။

ကင်ဆာရောဂါကာကွယ်နိုင်ခြင်း

ကျွမ်းကျင်သူဆေးပညာရှင်တို့လေ့လာတွေ့ရှိထားချက်အရ မာလကာသီးတစ်လုံးမှာပါဝင်တဲ့ဓာတ်သဘာဝတွေဟာ သုတ်ရည်ဂလင်းကင်ဆာ၊ ရင်သားကင်ဆာ၊ ပါးစပ်နဲ့ပတ်သက်တဲ့ကင်ဆာတို့အပေါ် ရောဂါ မရင့်သွားအောင် သက်ရောက်မှုများစွာ ပေးကြောင်းဖော်ပြထားကြပါတယ်။ မာလကာရွက်ရဲ့အဆီဟာ ကင်ဆာကြီးထွားမှုကို လျော့ချရာမှာ ခေတ်ပေါ်ဆေးဝါး တွေထက် ပိုမို ထိရောက်မှုရှိကြောင်းလည်းဖော်ပြထားကြပါတယ်။

ဗီတာမင် စီ ချို့တဲ့ရောဂါအတွက် အထောက်အကူပြုခြင်း

မာလကာသီးမှာ လိမ္မော်သီးထက် ဗီတာမင် စီ ပိုမို ပြည့်ဝစွာ ပါဝင်ခြင်းကြောင့် ဗီတာမင်စီ အားနည်းခြင်းကြောင့် သွေးရောဂါဖြစ်ပွားမှုကို များစွာ ကာကွယ်လျော့ချ စေနိုင်ခြင်းဘဲဖြစ်ပါတယ်။

ဦးနှောက်အားတိုးစေခြင်း

မာလကာသီးတစ်လုံးမှာ ဗီတာမင် B 6 နဲ့ B 3 တို့ပါဝင်နေခြင်းကြောင့် သွေးလည်ပတ်မှုကိုအားကောင်းစေခြင်း နဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာဆောင်ရွက်ချက်တွေကိုများစွာ အထောက်အကူပြုစေပါတယ်။ ဒါကြောင့် မာလကာသီးကို နှစ်သက်စွာ စားသုံးပေးခြင်းဖြင့် မှတ်ဉာဏ်အားကောင်းပြီး ဉာဏ်ရည်ကို ထက်မြက်စေနိုင်ဖို့ များစွာ အထောက်အကူဖြစ်စေပါတယ်။

အသားအရေပိုင်းဆိုင်ရာကောင်းခြင်း

မာလကာသီးမှာ ဗီတာမင် အေ၊ ဘီ၊စီ နဲ့ ပိုတက်စီယမ်တို့ ပေါများစွာ ပါဝင်နေခြင်းကြောင့် အသားအရေကို လှပစေသလို အိုမင်းရင့်ရော်မှုတွေလည်း ကိုထိန်းချုပ်ပေးကြောင်းလေ့လာဖော်ပြထားကြပါတယ်။

သွေးပေါင်ချိန်ကိုလျော့ကျစေခြင်း

မာလကာသီး ဟာ သွေးထဲမှာရှိတဲ့ ကိုလက်စထရောတွေကို လျော့ချပေးသလို သွေးကြောကျဉ်းတာကိုကာကွယ်ပေးခြင်း၊ သွေးမတည်မငြိမ်ဖြစ်တာကိုထိန်းပေးနိုင်ခြင်း၊ သွေးပေါင်ချိန်ကို လျော့ချပေးခြင်းတို့မှာများစွာ အကျိုးကျေးဇူးပြုပါတယ်။

ဒါ့အပြင် ဆီးချိုကိုထိန်းပေးနိုင်သလို အကျိတ်ဂလင်းကျန်းမာရေးအတွက်လည်း ကာကွယ်ပေးပါတယ်။ သွားနာ၊ သွားကိုက်သူတွေအနေနဲ့ မာလကာရွက်ကို ထောင်းပြီး အရည်ကို ထည့်ပေးခြင်းဖြင့် သွားကိုက်၊သွားနာ၊ သွားဖုံးရောင် နဲ့ ပါးစပ်နဲ့သက်ဆိုင်တဲ့ ဒဏ်ရာ အနာတရတွေကို လျင်မြန်စွာ ပျောက်ကင်းစေနိုင်ပါတယ်။ အကြောဆွဲခြင်း၊ ဝက်ရူးပြန်ခြင်း နဲ့ ကူးစက်ရောဂါဖြစ်ပွားမှုတို့ကိုပါ လျော့ကျပျောက်ကင်းစေခြင်းဘဲဖြစ်ပါတယ်။

ဒါကြောင့် လူတွေအနေနဲ့မာလကာသီးတစ်လုံးကို ကြိုက်လို့ဖြစ်စေ၊ စားကောင်းလို့ဖြစ်စေ စားဖြစ်ကြတဲ့အခါ ဒီအသီးတစ်လုံးရဲ့တန်ဖိုးဟာ မိမိတို့ရဲ့ ကိုယ်ခန္ဓာကျန်းမာရေးအပေါ်ဘယ်လို အကျိုးကျေးဇူးပြုတယ်ဆိုတာ ဗဟုသုတဖြစ်နိုင်ကြစေဖို့ဝေမျှ လိုက်ပါတယ်။

ဗီတာမင်စီ ကြွယ်ဝတဲ့ မာလကာသီး

           ဗီတာမင် (Vitamin) ကို ‘ဗိုက်တာမင်’လို့လည်း ပြောကြပါတယ်။ ဗိုက်တာမင်ဆိုတာ Vita (ဗိုက်တာ)နှင့် Amin (အာမင်) ဆိုတဲ့ စာလုံးနှစ်လုံးကို စုပေါင်းစပ်ပေါင်း လုပ်ထားတာပါ။
           ဗိုက်တာ+အာမင် (Vita+Amin) = ဗိုက်တာမင် (Vitamin) ဖြစ်ပါတယ်။
           Vita-က ‘အသက်’ လို့ အဓိပ္ပာယ်ရပါတယ်။ Amin က Amino Acid (အမီနို အက်ဆစ်) ဆိုတဲ့ ဓာတ်ပေါင်းကို ကိုယ်စားပြုထားတဲ့ စကားလုံးဖြစ်ပါတယ်။ ဗိုက်တာမင် (Vitamin) ဆိုတဲ့ စကားလုံးကို စပြီးတီထွင်စဉ်က ဗိုက်တာမင်တွေဟာ အမီနိုအက်ဆစ်ဓာတ်ပေါင်းတွေပဲလို့ ထင်ခဲ့လို့ပေးခဲ့တာပါ။ ခုခါမှာ ဗိုက်တာမင်တွေဟာ အခြားဓာတ်ပေါင်းတွေလည်း ဖြစ်နိုင်တယ်ဆိုတာ သိလာပါပြီ။ ဒါပေမဲ့ ဗိုက်တာမင်ဆိုတဲ့ စကားလုံးကိုပဲ ဆက်ပြီးသုံးနေပါတယ်။ ဗိုက်တာမင်ကို သက်စောင့်ဓာတ်တွေလို့ မြန်မာမှုပြုခဲ့ပါသေးတယ်။ အသက်ရှင်သန်ဖို့ မရှိမဖြစ်လိုအပ်တဲ့ ဓာတ်ပေါင်းဆိုတဲ့ မူရင်းအဓိပ္ပာယ်နှင့် အလွန်နီးစပ်ပါတယ်။ ခုခေတ်မှာတော့ ဗိုက်တာမင် ဒါမှမဟုတ် ဗီတာမင်လို့ပဲ အသံထွက်အတိုင်း ပြောကြတာများပါတယ်။ သက်စောင့်ဓာတ်လို့ သိပ်မပြောကြတော့ပါဘူး။ ဗိုက်တာမင်ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ဒီဓာတ်ပေါင်းတွေဟာ-
           (၁)       လူတွေ အသက်ရှင်သန်ဖို့ မရှိမဖြစ်လိုအပ်တယ်။
           (၂)       လူတစ်ယောက်အတွက် တစ်ရက်မှာ လိုအပ်တဲ့ ပမာဏက နည်းနည်းကလေးသာဖြစ်တယ်။
           (၃)       လူ့ခန္ဓာကိုယ်ထဲမှာ မထုတ်လုပ်နိုင်တဲ့အတွက် ပြင်ပ (အစားအသောက်တွေ) ကနေ မဖြစ်မနေ ရယူရမယ်ဆိုတဲ့ အချက်သုံးချက် ပါဝင်ပါတယ်။
           ဒီအချက်သုံးချက်လုံး ကိုက်ညီတဲ့ ဗီတာမင်တစ်မျိုးက ဗီတာမင်စီ (Vitamin C) ဖြစ်ပါတယ်။ ဗီတာမင်စီ ဟာ အက်စကောဘစ်အက်ဆစ် (Ascorbic Acid) ဆိုတဲ့ ဓာတ်ပေါင်းဖြစ်ပါတယ်။

ဗီတာမင်စီ

           အက်စကောဘစ်အက်ဆစ် (ဗီတာမင်စီ)ဟာ လူတွေ အသက်ရှင်သန်ရေးအတွက် မရှိမဖြစ်လိုအပ်တယ်ဆိုတဲ့ ပထမအချက်ကို ရှင်းပြပါမယ်။ အက်စကောဘစ် အက်ဆစ် (ဗီတာမင်စီ) ချို့တဲ့မှုကြောင့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့သမိုင်းရှိပါတယ်။ ရက်ရှည်လများ ကြာမြင့်စွာ ပင်လယ်ရေကြောင်း ခရီးနှင်နေကြရတဲ့အခါ အသီးအရွက် လတ်လတ်ဆတ်ဆတ်တွေ မစားရတော့ဘဲ ကောက်နှံ၊ အသားနှင့် ကုန်ခြောက်တွေကိုသာ စားသုံးကြရတဲ့ ရေတပ်သားတွေ၊ သင်္ဘောသားတွေ အမြောက်အမြားဟာ ဗီတာမင်စီ ချို့တဲ့မှုရောဂါကြောင့် သေဆုံးခဲ့ကြပါတယ်။ ဒီရောဂါကို စကာဗီ (Scurvy) လို့ ခေါ်ပါတယ်။ ပင်လယ်ရေကြောင်းခရီးတွေမှာ အသီးတွေ မဖြစ်ဖြစ်အောင် ရှာဖွေကျွေးတဲ့အခါ သစ်သီးဖျော်ရည်တွေ တိုက်တဲ့အခါမှာ စကာဗီရောဂါကြောင့် အသေအပျောက် မရှိတော့ပါဘူး။ ဒါကြောင့် သစ်သီးဝလံတွေ ဟင်းသီးဟင်းရွက်တွေမှာ အများအပြားပါနေတဲ့ အက်စကောဘစ်အက်ဆစ်ကို ဗီတာမင်တစ်မျိုးလို့ သတ်မှတ်ခဲ့ပါတယ်။ ဗီတာမင်တွေကို အေဘီစီနှင့် အမည်ပေးခဲ့ရာမှာ အက်စကောဘစ် အက်ဆစ်က ဗီတာမင်စီ ဆိုတဲ့အမည်ကို ရခဲ့ပါတယ်။
           ဗီတာမင်စီဟာ ဗီတာမင်ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ထဲက လူတွေအသက်ရှင်သန်ဖို့အတွက် မရှိမဖြစ် လိုအပ်တယ်ဆိုတဲ့အချက်နဲ့ ကိုက်ညီတဲ့အကြောင်း ပြောပြီးတဲ့နောက် နောက်ထပ်အချက်တစ်ခုဖြစ်တဲ့ တစ်ရက်မှာ ပမာဏအားဖြင့် နည်းနည်းကလေးသာ လိုအပ်တယ်ဆိုတဲ့အချက်ကို ဆက်ပြီးပြောပါမယ်။ ကာဗိုဟိုက်ဒရိတ်၊ အဆီ၊ ပရိုတင်းဆိုတဲ့ အာဟာရဓာတ်တွေကို လူတစ်ယောက်ဟာ တစ်ရက်မှာ ပမာဏအားဖြင့် ဘယ်လောက်စားရတယ်ဆိုတာဖော်ပြတဲ့ ယူနစ်က ဂရမ် (Gram) ဖြစ်ပြီး အက်စကောဘစ်အက်ဆစ်ကို လူတစ်ယောက် တစ်ရက်မှာ စားရမယ့်ပမာဏကို ဖော်ပြတဲ့ ယူနစ်ဟာ မီလီဂရမ်ဖြစ်ပါတယ်။ တစ်မီလီဂရမ်ဆိုတာ တစ်ဂရမ်ရဲ့ အပုံတစ်ထောင်ပုံ တစ်ပုံသာရှိပါတယ်။ တစ်ဂရမ်ဆိုတာ မြန်မာအလေးချိန် တစ်ပဲသား (တစ်ကျပ်သားရဲ့ ၁၆ ပုံတစ်ပုံ) သာရှိပါတယ်။ လူတစ်ယောက် တစ်ရက် မှာလိုအပ်တဲ့ ဗီတာမင်စီပမာဏဟာ အလွန်နည်းတဲ့ ပမာဏဖြစ်ပါတယ်။
           ဗီတာမင်စီမှာ ဗီတာမင်ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ထဲက အချက်တစ်ခုဖြစ်တဲ့ လူ့ခန္ဓာကိုယ်ထဲမှာ မထုတ်လုပ်နိုင်တဲ့အတွက် ပြင်ပ (အစားအသောက်တွေ)ကနေ မဖြစ်မနေ ရယူရမယ်ဆိုတဲ့ အချက်နှင့်လည်း ကိုက်ညီပါတယ်။ လူတွေဟာ ဗီတာမင်စီလို့ အမည်ရထားတဲ့ အက်စကောဘစ်အက်ဆစ်ကို ခန္ဓာကိုယ်ထဲမှာ လုံးဝမထုတ်လုပ်နိုင်ပါဘူး။ အစားအသောက်တွေကနေ မဖြစ်မနေရအောင် စားသုံးရပါတယ်။

မာလကာသီး

           မြန်မာတွေ စားနေကျအသီးတွေထဲမှာ မာလကာ သီးဟာ ဗီတာမင်စီအကြွယ်ဝဆုံး အသီးတစ်မျိုးဖြစ်ပါ တယ်။ မာလကာသီး ၁ဝဝ ဂရမ်မှာပါတဲ့ ဗီတာမင်စီ ၁၃ဝ မီလီဂရမ်မှ ၂၃ဝ မီလီဂရမ်ဟာ လူတစ်ယောက်အတွက် တစ်နေ့သာ လိုအပ်ချက်ရဲ့ ၂ ဆ-၃ဆ လောက်ရှိပါတယ်။ မာလကာသီး အလုံးကြီးကြီး လေးစိတ်တစ်စိတ်လောက်၊ အရွယ်လတ်ဆိုရင် တစ်ခြမ်းလောက်၊ အရွယ်သေးသေးဆိုရင် တစ်လုံးလောက်စားရုံနဲ့ လူတစ်ယောက် တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်စီပမာဏကို ရနိုင်တယ်လို့ မှတ်ထားနိုင်ပါတယ်။
           မာလကာသီးမှာ အခွံနားကပ်နေတဲ့ အပြင်ပိုင်းက အသားဟာ ဗီတာမင်စီ ပိုပြီးကြွယ်ဝပါတယ်။ အတွင်းပိုင်း (အလယ်ပိုင်း)က အသားမှာ အပြင်ပိုင်းက အသားလောက် ဗီတာမင်စီ မများပါဘူး။ မာလကာသီးမှာ အပူပိုင်းဇုန်မှာဖြစ်ထွန်းတဲ့ အသီးမျိုးဖြစ်တာမို့ မြန်မာနိုင်ငံမှာ ပေါပေါများများ စားသုံးနိုင်တဲ့ အသီးမျိုးဖြစ်ပါတယ်။ လူကြိုက်လည်းများပါတယ်။ အနောက်နိုင်ငံတွေမှာတော့ မာလကာသီးဟာ လိမ္မော်သီးလောက် စားသုံးမှုမများပါဘူး။ ဒါကြောင့် အနောက်နိုင်ငံတွေက ရေးတဲ့စာအုပ်တွေထဲမှာ ဗီတာမင်စီအကြောင်းရေးလျှင် လိမ္မော်သီး၊ လိမ္မော်ရည်တို့ကိုပဲ ရေးကြတာများပါတယ်။ တကယ်တန်းယှဉ် ကြည့်လိုက်မယ်ဆိုရင် မာလကာသီး ၁ဝဝ ဂရမ်မှာ ဗီတာမင်စီ ၁၃၂ မီလီဂရမ် လောက်ပါပြီး လိမ္မော်သီး ၁ဝဝ ဂရမ်မှာ ဗီတာမင်စီ ၄၃ မီလီဂရမ်လောက်သာ ပါပါတယ်။
           မာလကာသီးအပြင် ဗီတာမင်စီကြွယ်ဝတဲ့ မြန်မာတွေစားနေကျ အခြားအသီးတွေက မရမ်းသီး၊ သရက်သီး၊ သင်္ဘောသီးနှင့် ဆီးဖြူသီးဖြစ်ပါတယ်။ မရမ်းသီးစိမ်း ၁ဝဝ ဂရမ်မှာ ဗီတာမင်စီ ၂၄ဝ မီလီဂရမ်လောက်ပါပြီ။ အမှည့်ဆိုရင် ၁ဝ၇ မီလီဂရမ်လောက် ပါပါတယ်။ သရက်သီးအစိမ်း ၁ဝဝ ဂရမ်မှာ ဗီတာမင်စီ ၆၂ မီလီဂရမ်လောက်၊ သရက်သီး ရွမ်းပျင်းဆိုရင် ၄၈ မီလီဂရမ်လောက်ပါပြီး အမှည့်ဆိုရင်တော့ ၃၆ မီလီဂရမ်လောက် ပါပါတယ်။ အချဉ်ဓာတ်နည်းသွားလေ ဗီတာမင်စီ နည်းသွားလေဆိုတဲ့ သဘောဖြစ်ပါတယ်။ ဆီးဖြူသီးဟာလည်း ဗီတာမင် စီ ကြွယ်ဝတဲ့ စာရင်းမှာ ပါပါတယ်။ သင်္ဘောသီးမှာတော့ အမှည့်က အစိမ်းထက် ဗီတာမင်စီပိုပြီး ကြွယ်ဝပါတယ်။ သင်္ဘောသီးစိမ်း ၁ဝဝ ဂရမ်မှာ ဗီတာမင်စီ ၃၈ မီလီဂရမ် လောက်ပါပြီး မှည့်သွားတဲ့အခါ ၇၃ မီလီဂရမ်ထိ များလာပါတယ်။ ဆီးဖြူသီးနှင့် မရမ်းသီးဟာ မာလကာသီးတို့ လိမ္မော်သီးတို့ သင်္ဘောသီးတို့လို များများစားနိုင်တဲ့ အသီးမျိုး၊ နေ့တိုင်းစားပါဆိုရင် စားနိုင်မည့် အသီးမျိုးတော့ မဟုတ်ပါဘူး။

ဟင်းရွက်စုံ

           ဗီတာမင်စီကို ဟင်းရွက်မျိုးစုံကလည်း ရနိုင်ပါတယ်။ မြန်မာတွေ စားနေကျအရွက်ထဲမှာ ဒန့်သလွန်ရွက်၊ ဓာတ်ချဉ်ပေါင်၊ နံနံပင်၊ တမာရွက်တို့ဟာ ဗီတာမင်စီ ကြွယ်ဝတဲ့ အရွက်တွေဖြစ်ပါတယ်။ မယ်ဇလီရွက်၊ ဘူးညွန့်၊ ရှောက်ရွက်၊ သင်္ဘောရွက်တို့ဟာလည်း ဗီတာမင်စီ ကြွယ်ဝပါတယ်။ ငရုတ်သီးကြိုက်သူတွေအတွက် ငရုတ်သီးဟာ ဗီတာမင်စီ ကြွယ်ဝတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။
           မာလကာသီးတို့၊ ဒန့်သလွန်ရွက်တို့ဆိုတာ မြန်မာတွေစားနေကျ အသီးအရွက်တွေထဲက ဗီတာမင်စီ အကြွယ်ဝဆုံး အစားအစာတွေ ရွေးပြီးပြောထားတာပါ။ တကယ်တော့ ချဉ်ဖန်တဲ့ အရသာရှိသော အသီးတွေ၊ အစိမ်းရင့်ရောင်အရွက်တွေမှာ ဗီတာမင်စီ ကြွယ်ဝတယ်လို့ မှတ်ထားလိုက်ရင် မမှားနိုင်ပါဘူး။ ဗီတာမင်စီဟာ အသီးအရွက်တွေထဲမှာ ပေါပေါများများ ပါနေတာကြောင့်၊ ထမင်းစားတဲ့အခါ ဟင်းအနေနဲ့ဖြစ်စေ၊ တို့စရာအနေနဲ့ ဖြစ်စေ၊ ဟင်းသီးဟင်းရွက်တွေ ပါနေတယ်။ ထမင်းစားပြီး အချိုတည်းတဲ့အခါဖြစ်စေ၊ ထမင်းတစ်နပ်နှင့် တစ်နပ်ကြားမှာ သွားရည်စာအနေနဲ့ဖြစ်စေ သစ်သီးစားတတ်သူတွေမှာ ဗီတာမင်စီချို့တဲ့မှုဖြစ်တယ်ဆိုတာ မရှိပါဘူး။ ဟင်းသီးဟင်းရွက် သစ်သီးဝလံပေါများပြီး အသားငါးထက် ဟင်းသီးဟင်းရွက်တွေကို ပိုမိုအားထားပြီး စားသုံးကြတဲ့ မြန်မာတွေထဲမှာ ကျန်းမာနေတဲ့ လူတစ်ယောက် ဗီတာမင်စီ ချို့တဲ့ဖို့ဆိုတာ မလွယ်ပါဘူး။

အက်စကောဘစ်အက်စစ်မှ ဗီတာမင်စီဖြစ်လာပုံ

           လူတွေ နေ့စဉ်စားတဲ့ အစားအစာတွေထဲမှာ ဗီတာမင်စီ ပေါများလွန်းအားကြီးလို့ လူတွေဟာ ခန္ဓာကိုယ်ထဲမှာ အက်စကောဘစ်အက်စစ် ထုတ်လုပ်တဲ့အလုပ်ကို စွန့်လွှတ်လိုက်တယ်ဆိုတဲ့ အကြောင်းပြောပြချင်ပါတယ်။
           ကမ္ဘာဦးအစက လူတွေ တိရစ္ဆာန်တွေအပါအဝင် ကျောရိုးရှိတဲ့ သတ္တဝါအားလုံးလိုလိုဟာ အက်စကောဘစ် အက်စစ်ကို ခန္ဓာကိုယ်ထဲမှာ ကိုယ်တိုင်ထုတ်လုပ်နိုင်ခဲ့ကြပါတယ်။ အဲဒီတုန်းက လူတွေ နေ့စဉ်စားတဲ့ အစားအစာတွေဟာ အက်စကောဘစ် အက်စစ်မပါတဲ့ အစားအစာ (အသားငါး)တွေသာ ဖြစ်တဲ့အတွက် အက်စကောဘစ် အက်စစ်ကို ကိုယ့်အားကိုယ်ကိုး (မိမိခန္ဓာကိုယ်ထဲမှာ) ထုတ်လုပ်သုံးစွဲကြပါတယ်။ အဲဒီအချိန်က အက်စကောဘစ် အက်စစ်ဟာ လူတွေအတွက် အစားအသောက် ကနေ မဖြစ်မနေ ရအောင်စားသုံးရမယ့် အာဟာရမျိုး မဟုတ်တဲ့အတွက် ဗီတာမင်မဟုတ်သေးပါဘူး။
           နောက်ပိုင်းမှာ လူတွေဟာ သဘာဝအလျောက် ပေါက်ရောက်နေတဲ့ အပင်တွေက အရွက်တွေ အသီး တွေကို ခူးဆွတ်ပြီး စားလာကြပါတယ်။ ပိုပြီး အတွေ့အကြုံများလာ၊ ယဉ်ကျေးလာတဲ့အခါမှာ အပင်တွေကို စိုက်ပျိုးစားသောက်တတ်လာကြပါတယ်။ ဒီအခါမှာ အစားအစာက ရလာတဲ့ အက်စကောဘစ် အက်ဆစ်ပမာဏဟာ နေ့စဉ်လိုအပ်ချက်ကို ပြည့်မီနေပြီ၊ လုံလောက်နေပြီဖြစ်တဲ့အတွက် ခန္ဓာကိုယ်ထဲမှာ အပင်ပန်းခံ၊ အလုပ်ရှုပ်ခံပြီး မထုတ်လုပ်တော့ပါဘူး။ လူ့ခန္ဓာကိုယ်ထဲမှာ အက်စကောဘစ် အက်စစ် ထုတ်လုပ်တဲ့အလုပ်ကို မလုပ်တာ နှစ်ပေါင်းများစွာကြာလာတဲ့အခါ ဒီလုပ်ငန်းမှာ အသုံးပြုရတဲ့ (Gluconolactone Oxidase) အစရှိတဲ့ အင်ဇိုင်း (Enzyme-ဓာတ်ကူပစ္စည်း)တွေဟာ တဖြည်းဖြည်း လျော့နည်းလာရာက လုံးဝမရှိတော့တဲ့ အခြေအနေထိ ရောက်သွားပါတော့တယ်။ လူတွေမှာ အက်စကောဘစ်အက်စစ်ကို ကိုယ်တိုင်ထုတ်လုပ်နိုင်စွမ်းလည်း ပျောက်ကွယ်သွားပါတော့တယ်။
           ခုဆိုရင် လူတွေမှာ ခန္ဓာကိုယ်အတွင်း အက်စကောဘစ်အက်စစ် ထုတ်လုပ်မှုလုပ်ငန်းအတွက် လိုအပ်တဲ့ အင်ဇိုင်းမရှိတော့ပါဘူး။ အက်စကောဘစ်အက်စစ် ထုတ်လုပ်နိုင်စွမ်း ပျောက်ကွယ်နေပါပြီ။ အက်စကောဘစ် အက်စစ်ရရှိဖို့ အစားအသောက် (အသီးအရွက်) တွေကိုသာ ရာနှုန်းပြည့် မှီခိုရတဲ့ အခြေအနေကို ရောက်နေပါပြီ။ ဒီအခါမှာ အက်စကောဘစ်အက်စစ်ဟာ ဗီတာမင် ဆိုတဲ့ ဓာတ်ပေါင်းတွေမှာရှိတဲ့ အချက်သုံးချက်ထဲက တတိယအချက်ဖြစ်တဲ့ ခန္ဓာကိုယ်ထဲမှာ မထုတ်လုပ်နိုင်တဲ့အတွက် ပြင်ပ (အစားအသောက်တွေ)ကနေ မဖြစ်မနေ ရယူရမယ်တဲ့အချက်နှင့် ကိုက်ညီသွားပြီး ဗီတာမင်ဆိုတဲ့ အဟာရအုပ်စုမှာ ဗီတာမင်ဆိုတဲ့အမည်နဲ့ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။
           အက်စကောဘစ်အက်စစ်ဟာ လူတွေအတွက်သာမက တိရစ္ဆာန်အချို့အတွက်လည်း အစားအသောက်ကနေ မဖြစ်မနေရယူရမည့် ဗီတာမင်ဖြစ်ပါတယ်။ ဒီ တိရစ္ဆာန်ထဲမှာ ပူး၊ လင်းနို့ စတဲ့ တိရစ္ဆာန်တွေပါပါတယ်။ ကျား၊ခြင်္သေ့၊ ခွေးစတဲ့ အသား စားတိရစ္ဆာန်တွေကျတော့ အသီးအရွက်မစားတဲ့အတွက် အက်စကောဘစ်အက်စစ်ရဖို့ အစားအစာတွေကို အားကိုးလို့မရပါဘူး။ မိမိ ကိုယ်တိုင် ခန္ဓာကိုယ်ထဲမှာ ထုတ်လုပ်ကြပါတယ်။ ဒါကြောင့် အသားစားတိရစ္ဆာန်တွေအတွက် အက်စကောဘစ်အက်စစ်ဟာ ဗီတာမင်မဟုတ်ပါဘူး။

အစားအစာတွေက ဗီတာမင်စီနှင့် အားဆေးတွေထဲက ဗီတာမင်စီ

           လုံးတီးဆန်နှင့် ပေါင်မုန့်ညိုညိုတွေစားတာဟာ စက်ကြိတ်ဆန် ဖြူဖြူချောချော၊ ပေါင်မုန့် ဖြူဖြူနုနု စားတာထက် အကျိုးရှိတဲ့အကြောင်း၊ ပေါင်းဆန်စားလျှင် ဗီတာမင်ဘီဝမ်း၊ ဘီတူးနှင့် နိုင်ယာစင် (Niacin) စတဲ့ ဗီတာမင်တွေနှင့် အခြားအာဟာရတွေ ပိုပြီးကြွယ်ဝကြောင်းပြောတဲ့အခါ ထမင်းဖြူဖြူနုနုလေးစားပြီး ဘားပလက် ဆေးပြား သောက်လိုက်မှာပေါ့လို့ ပြန်ဖြေသူတွေ ရှိပါတယ်။ သူတို့ဟာ အာဟာရဓာတ်အမျိုးမျိုး သဘာဝအတိုင်း ပါဝင်နေတဲ့ အစားအစာတွေထက် အားဆေးဆိုတဲ့ ဆေးပြားဆေးရည်တွေကို ပိုပြီးအားကိုးတတ်သူတွေ ဖြစ်ပါတယ်။
           ဗီတာမင်စီဆေးပြားကို အရမ်းအားကိုးသူတွေ ရှိပါတယ်။ စီဗစ်ဆေးပြားသောက်ထားရင် တော်ရုံနဲ့ နှာစေး ချောင်းဆိုး မဖြစ်ဘူး။ မဖျားဘူး၊ တုပ်ကွေးမမိဘူး၊ ကိုယ်ခံစွမ်းအားကောင်းတယ်ဆိုပြီး စွဲစွဲမြဲမြဲသောက်နေသူတွေ ရှိပါတယ်။ စီဗစ်ဆေးပြား၊ ဆေးရည်တွေ မကောင်းဘူး ပြောတာ မဟုတ်ပါဘူး။ စီဗစ်ဆေးပြားဆေးရည်တွေက ကိုယ်ခံစွမ်းအားကို မြင့်စေတယ်ဆိုတာကိုလည်း မငြင်းပါဘူး။ ဗီတာမင်စီကို ဆေးပြား၊ ဆေးရည်တွေသောက်မှ ရနိုင်တာမဟုတ်ဘူး။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ စတဲ့ ဗီတာမင်စီ ကြွယ်ဝတဲ့ သဘာဝအစားအစာတွေက ပိုကောင်းတယ်ဆိုတာ ပြောချင်တာပါ။ ဗီတာမင်စီ ကြွယ်ဝတဲ့ မာလကာသီး ၁ဝဝ ဂရမ် (အရွယ်ခပ်ကြီးကြီးတစ်ခြမ်း) စားလျှင် ဗီတာမင်စီအပြင် ရရှိနိုင်တဲ့ အခြား အာဟာရဓာတ်တွေကို ကြည့်ကြရအောင်။
           မာလကာသီး ၁ဝဝ ဂရမ်ကနေ အင်အား ၆၈ ကယ်လိုရီလောက် ရနိုင်ပါတယ်။ မာလကာသီးမှာ အင်အားဖြစ်စေတဲ့ ကာဗိုဟိုက်ဒရိတ်အာဟာရ ၁၄ ဂရမ်လောက် ပရိုတင်းအာဟာရ ၂.၅ ဂရမ်လောက်နှင့် အဆီ ၁ ဂရမ် မပြည့်တပြည့်ပါနေလို့ ဖြစ်ပါတယ်။ စီဗစ်ဆေးပြားစားလို့ အင်အားမရနိုင်ပါဘူး။ မာလကာသီး ၁ဝဝ ဂရမ်မှာပါတဲ့ ကာဗိုဟိုက်ဒရိတ် အာဟာရ ၁၄ ဂရမ်လောက်ထဲမှာ သကြားက ၉ ဂရမ်လောက်သာဖြစ်ပြီး ကျန်တဲ့ ၅ ဂရမ်လောက်က အစာမျှင် (Dietary Fibre) အမျိုးမျိုးအစား ကာဗိုဟိုက်ဒရိတ်တွေ ဖြစ်ပါတယ်။ အစာမျှင်ကြွယ်ဝတဲ့ အစားအစာတွေကို မှန်မှန်စားသုံးခြင်းက ဝမ်းမှန်ခြင်း (ဝမ်းမချုပ်အောင် ကာကွယ်ခြင်း)၊ အစာလမ်းကြောင်းတလျှောက် ရောဂါကင်းစေခြင်း၊ အူမကြီးကင်ဆာနှင့် အခြားကင်ဆာအမျိုးမျိုးမဖြစ်အောင် ကာကွယ်ခြင်းဆိုတဲ့ အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။ စီဗစ်ဆေးပြားကနေ ဘာအစာမျှင်မှ မရနိုင်ပါဘူး။
           မာလကာသီး ၁ဝဝ ဂရမ်ကနေ ဗီတာမင်စီ ၂၃ဝ မီလီဂရမ် (၁ဝဝ မီလီဂရမ်ပါတဲ့ စီဗစ်ဆေးပြား နှစ်ပြားစာနီးပါး) အပြင် ဗီတာမင်အေ (Vitamin A) ၃၁ မိုက်ခရိုဂရမ်၊ ဘေတာကယ်ရိုတင်း (Beta Carotene) ၃၇၄ မိုက်ခရိုဂရမ်၊ ဗီတာမင်ဘီဝမ်း (Vitamin B1) ဝ.ဝ၆၇ မီလီဂရမ်၊ ဗီတာမင်ဗီတူး (Vitamin B2) ဝ.ဝ၄ မီလီဂရမ်၊ နိုင်ယာစင် (Niacin) ၁.ဝ၈၄ မီလီဂရမ်၊ ပင်တိုသင်းနစ်အက်ဆစ် (Pantothenic) ဝ.ဝ၄ မီလီဂရမ်၊ ဗီတာမင်ဘီဆစ် (Vitamin B6) ဝ.၁၁ မီလီဂရမ်၊ ဖောလစ်အက်ဆစ် (Folic Acid) ၄၉ မိုက်ခရိုဂရမ်၊ ဗီတာမင်ကေ (Vitamin K) ၂.၂ မိုက်ခရိုဂရမ် ရနိုင်ပါသေးတယ်။ စီဗစ်ဆေးပြားမှာ ဗီတာမင်စီ ကလွဲလို့ တခြား ဘာဗီတာမင်မှ မပါပါဘူး။
           မာလကာသီးတစ်ခြမ်းစားလျှင် ဗီတာမင်စီ အများအပြား၊ အခြားဗီတာမင်တွေ အနည်းငယ်စီအပြင် သတ္တု အာဟာရအချို့ကိုလည်း ရနိုင်ပါသေးတယ်။ အဲဒါတွေက ကယ်လစီယမ် (Calcium) ၁၈ မီလီဂရမ်၊ သံဓာတ် ဝ.၂၆ မီလီဂရမ်၊ မက်ဂနီစီယမ် (Magnesium) ၂၂ မီလီဂရမ်၊ မင်းဂနိစ် (Manganese) ဝ.၁၅ မီလီဂရမ်၊ ဖော့စပရပ်စ် (Phosphorus) ဆိုတဲ့ မီးစုံး ၄ဝ မီလီဂရမ်၊ ပိုတက်စီယမ် (Potassium) ၄၁၇ မီလီဂရမ်နှင့် ဇင့် (Zinc) ဝ.၂၃ မီလီ ဂရမ်ပါပါသေးတယ်။ မာလကာသီးကြိုက်သူတစ်ယောက်ဟာ အသီးတစ်လုံး ကုန်အောင်စားမယ်ဆိုရင်တော့ ခုပြောခဲ့တဲ့ပမာဏရဲ့ နှစ်ဆရှိတဲ့ ဗီတာမင်တွေ အခြား အာဟာရတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။
           မာလကာသီးမှ သွေးတိုးနှင့် နှလုံးသွေးကြောရောဂါရှိသူတွေ၊ သွေးတိုးနှင့် နှလုံးသွေးကြောရောဂါဖြစ်မှာ စိုးရိမ်နေသူတွေ ကြောက်ကြတဲ့ ဆိုဒီယမ် (Sodium) အလွန်နည်းသလို၊ အဆီကလည်း နည်းပါတယ်။

အပင်ထွက်အကျိုးပြု ဓာတ်ပေါင်းလိုက်ကိုပင်း (Lycopene)

           အသီးအရွက်စတဲ့ အပင်ထွက်အစားအစာတွေ စားတဲ့အခါ ဗီတာမင်တွေ သတ္ထုအာဟာရတွေအပြင် အာ ဟာရမဟုတ်တဲ့နည်းနှင့် ကျန်းမာရေးကို အကျိုးပြုတဲ့ ဓာတ်ပေါင်းတွေ၊ ရောဂါကာကွယ်နိုင်စွမ်းရှိတဲ့ ဓာတ်ပေါင်းတွေကိုလည်း ရရှိနိုင်ပါတယ်။ အပင်ထွက် အစားအစာတွေမှာသာပါနေပြီး၊ အသားငါး၊ နို့၊ ကြက်ဥ၊ ဘဲဥ စတဲ့ တိရစ္ဆာန်အတွက် အစားအစာတွေမှာ လုံးဝမပါတဲ့ အဲဒီအကျိုးပြုဓာတ်ပေါင်းတွေကို ဖိုက်တိုခယ်မီကယ် (Phytochemical) တွေလို့ ခေါ်ပါတယ်။ မာလကာသီးမှာ ဖိုက်တိုခယ်မီကယ် အများအပြား ပါဝင်ပါတယ်။ အဓိက နှစ်မျိုးက ဘေတာကယ်ရိုတင်း (Beta Carotene) နှင့် လိုက်ကိုပင်း (Lycopene) တို့ဖြစ်ပါတယ်။
           ဘေတာကယ်ရိုတင်းဟာ လူ့ခန္ဓာကိုယ်ထဲမှာ ဗီတာမင်အေ အဖြစ် ပြောင်းသွားနိုင်တာမို့ ဗီတာမင်အေလောင်းလျာ (Provitamin A) လို့လည်း သိထားကြပါတယ်။ မာလကာသီးစားတဲ့အခါ ဘေတာကယ်ရိုတင်းဟာ ဗီတာမင်အေအဖြစ် ပြောင်းသွားပြီး အာဟာရဓာတ်အနေနဲ့ အကျိုးပြုသလို ဗီတာမင်အေဖြစ် ပြောင်းမသွားတဲ့ ဘေကာကယ်ရိုတင်းတွေကလည်း အင်တီအောက်စိဒင့် (Anti-Oxidant) အာနိသင်နဲ့ အကျိုးပြုပါတယ်။ အင်တီအောက်စိဒင့် အာနိသင်ဆိုတာက ခန္ဓာကိုယ်ရဲ့ ရုပ်ကလာပ်စည်း (Cell- ဆဲလ်) အစိတ်အပိုင်းတွေကို ဖျက်ဆီးပြီး နာတာရှည်ရောဂါ၊ ကင်ဆာရောဂါတွေဖြစ်စေတတ်တဲ့ ဖရီးရယ်ဒီကယ် (Free Radicals) ဆိုတဲ့ ဓာတ်ပစ္စည်းကလေးတွေကို နှိမ်နင်းနိုင်တဲ့ အာနိသင်ဖြစ်ပါတယ်။
           လိုက်ကိုပင်း (Lycopene) ဆိုတဲ့ ဖိုက်တိုခယ်မီကယ် တစ်မျိုးဟာလည်း မာလကာသီးမှာ ကြွယ်ဝစွာပါနေပါတယ်။ မာလကာသီး ၁ဝဝ ဂရမ်မှာ လိုက်ကိုပင်း ၅၂ဝဝ မိုက်ခရိုဂမ်လောက်ပါပါတယ်။ လိုက်ကိုပင်းက ဆီးကျိတ် (Prostate) ကင်ဆာကာကွယ်နိုင်စွမ်းရှိတယ်လို့ ယုံကြည်ကြပါတယ်။ အသီးအရွက်မျိုးစုံမှာ ကျန်းမာရေးကို အခြားနည်း (အာဟာရမဟုတ်တဲ့နည်း)နဲ့ အကျိုးပြုတဲ့ ဖိုက်တိုခယ်မီကယ်ဓာတ်ပေါင်းတွေဟာ အမျိုးအစားအားဖြင့် ရာထောင်ချီပြီး ရှိနေပါတယ်။ သူတို့ဟာ အရောင်အမျိုးမျိုး ရှိကြပါတယ်။ ဥပမာ ဘေတာကယ်ရိုတင်းက ဝါတယ်၊ လိုက်ကိုပင်းက နီတယ်စသဖြင့်ပေါ့။
           မာလကာသီးမှာ အူဖြူသီး၊ အူနီသီးရယ်လို့ ရှိနေခြင်း၊ အူဖြူသီးမှာ ဖြူတဲ့အသီး၊ နည်းနည်းဝါတဲ့ အသီးရယ်လို့ ရှိတဲ့အပြင်၊ အူနီသီးမှာလည်း နည်းနည်းနီတဲ့ အသီး၊ အတော့ကိုနီတဲ့ အသီးရယ်လို့ အရောင်အမျိုးမျိုး၊ အရောင်အနုအရင့် အမျိုးမျိုးရှိနေတာမို့ အကျိုးပြုဓာတ်ပေါင်းတွေလည်း စုံလင်မယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။ ဘာအရောင် အသီးမျိုးက ပိုကောင်းသလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ အသီးအရွက်တွေ စားတဲ့အခါ သက်တန့်မှာပါတဲ့ အရောင်မျိုးစုံပါအောင် စားတာအကောင်းဆုံးပဲလို့ ဖြေလိုက်ပါရစေ။ အူဖြူလည်း စား အူနီလည်းစား အစုံစားပါလေ့ ဆိုလိုပါတယ်။

ကိုးကား[ပြင်ဆင်ရန်]

  1. Genus: Psidium L.Germplasm Resources Information Network။ United States Department of Agriculture (2009-01-27)။ 14 January 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-03-03 တွင် ပြန်စစ်ပြီး။
  2. World Checklist of Selected Plant Families