မာကိုပိုလိုတံတား တိုက်ပွဲ

ဝီကီပီးဒီးယား မှ
မာကိုပိုလိုတံတား တိုက်ပွဲ
Marco Polo Bridge Incident
ဒုတိယအကြိမ် တရုတ် ဂျပန် စစ်ပွဲ၏ တစ်စိတ်တစ်ပိုင်း
ရက်စွဲ7 July – 9 July 1937
နေရာVicinity of Beijing, China
ရလဒ် Japanese victory, Chinese retreat from bridge.
စစ်ရင်ဆိုင်သည့် နိုင်ငံများ
Flag of the Republic of China.svg တရုတ် အမျိုးသား တော်လှန်ရေးတပ် Flag of Japan.svg ဂျပန်အင်ပါယာတပ်
တပ်မှူးများနှင့် ခေါင်းဆောင်များ

Flag of the Republic of China Army.svg Song Zheyuan

Flag of the Republic of China Army.svg秦德純 (ပေကျင်းမြို့တော်ဝန်)
War flag of the Imperial Japanese Army.svg Kanichiro Tashiro
စစ်အင်အား
100,000 5,600[၁]
အသေအပျောက်
16,700 660

မာကိုပိုလိုတံတား တိုက်ပွဲသည် ၁၉၃၇ ခုနှစ် ပေကျင်းမြို့ (北京) နှင့် ၁၅ ကီလိုမီတာအကွာ မာကိုပိုလိုတံတား (တရုတ်အမည် - လူကိုးတံတား 盧溝橋) အနီးတွင် တရုတ်သမ္မတနိုင်ငံ၏ (ယနေ့ခေတ် ကြည်းတပ် ဖြစ်လာသည့်) အမျိုးသား တော်လှန်ရေး တပ်မတော်နှင့် ဂျပန်အင်ပါယာ၏ တော်ဝင်တပ်မတော်တို့အကြား ဖြစ်ပွားသည့် စစ်ပွဲဖြစ်သည်။ ယင်းစစ်ပွဲကို ဒုတိယ တရုတ် ဂျပန် စစ်ပွဲ (ဂျပန်တော်လှန်ရေးတိုက်ပွဲ) ၏ အစနိဒါန်းဟု မှတ်တမ်းတင်ထားကြသည်။ တရုတ်တို့က ယင်းတိုက်ပွဲအား တမျိုးသားလုံး ဂုဏ်သိက္ခာညှိုးနွှမ်းစေသည့် အရှက်ရစေသည့် တိုက်ပွဲဟု ယူဆကြသည်။

ယင်းတိုက်ပွဲကို အနောက်တိုင်းသားများက လူကိုးတံတား တိုက်ပွဲ (Battle of Lugou Bridge) ဟုလည်း ခေါ်ဝေါ်ကြသည်။ တရုတ်တို့ကမူ ဇူလိုင် ၇ အရေးအခင်း (七七事變) သို့မဟုတ် လူကိုးတံတား အရေးအခင်း (盧溝橋事變) ဟု မှတ်တမ်းတင်ထားသည်။ ဂျပန်တို့ကမူ ရိုကိုကျို အရေးအခင်း (Rokōkyō Jiken 盧溝橋事件) ဟု သိကြသည်။

နောက်ခံသမိုင်း[ပြင်ဆင်ရန်]

လက်တွေ့တွင် တရုတ်နှင့် ဂျပန်ဆက်ဆံရေး တင်းမာမှုမှာ ၁၉၃၁ ခုနှစ် ဂျပန်တို့က မန်ချူးရီးယားကို ကျူးကျော်တိုက်ခိုက်ပြီး တရုတ် နောက်ဆုံးဧကရာဇ် ဖူယီ (溥儀) အားသိမ်းသွင်းကာ လွတ်လပ်သည့် မန်ချူးနိုင်ငံ (滿洲國) ထူထောင်ချိန်မှ စတင်ခဲ့သည်။ ထိုစဉ်အခါက တရုတ်ပြည်တွင် အုပ်စိုးနေသည့် ကွန်မင်တန်အစိုးရက မန်ချူးနိုင်ငံကို အသိအမှတ်ပြုရန် ငြင်းဆိုသော်လည်း ၁၉၃၁ ခုနှစ် အပစ်အခတ်ရပ်စဲရေးကို စေ့စပ် ရယူခဲ့သည်။ သို့သော် ၁၉၃၂ ခုနှစ် ကုန်ပိုင်းတွင် ဂျပန်စစ်တပ်က ရဲ့ဟိုပြည်နယ် (熱河省) (ယနေ့ ဟေပေ၊ လျှောင်နိန်နှင့် အတွင်းမွန်ဂိုပြည်နယ် အကြားတွင် တည်ရှိသည်။ ၁၉၅၅ ခုနှစ်တွင် ဖျက်သိမ်းလိုက်ပြီး ဖြစ်သည်။) အား ကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက် ၁၉၃၃ ခုနှစ်တွင် ထိုပြည်နယ်ကို မန်ချူးနိုင်ငံအတွင်းသို့ သွတ်သွင်းလိုက်သည်။

၁၉၃၅ ခုနှစ် ဇွန်လ ၉ ရက် သဘောတူညီချက်အရ အရှေ့ပိုင်း ဟိုပေ (河北省) နှင့် ချာဟာ (察哈爾省 ၁၉၅၂ ဖျက်သိမ်း) ပြည်နယ်နှစ်ခုအား ဂျပန်က သိမ်းပိုက်ခြင်းကို တရုတ်က အသိအမှတ်ပြုလိုက်သည်။

၁၉၃၅ ခုနှစ်ကုန်ပိုင်းတွင် ဂျပန်က အရှေ့ဟိုပေ ကိုယ်ပိုင်အုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်းထူထောင်သည်။ သို့ဖြင့် ပေကျင်းမြို့၏ မြောက်ဘက်၊ အရှေ့ဘက်နှင့် အနောက်ဘက် ဒေသများအားလုံးကို ဂျပန်စစ်တပ်က ထိန်းချုပ်လိုက်သည်။

၁၉၀၁ ခုနှစ် စက်တင်ဘာ ၇ ရက်က ဘောက်ဆာပရိုတိုကောအရ ပေကျင်းမြို့သို့ သံတမန်စေလွှတ် အခြေစိုက်စေသည့် နိုင်ငံတိုင်းကို ပေကျင်းနှင့် ထျဲန်းကျင်း (天津) ဆိပ်ကမ်းမြို့အကြား ဆက်သွယ်ဖောက်လုပ် ထားသည့် ရထားလမ်း တစ်လျှောက်ရှိ အချက်အချာနေရာ ၁၂ နေရာတွင် အစောင့်ချထားခွင့် ပေးရသည်။

၁၉၀၂ ခုနှစ် ဇူလိုင် ၁၅ ရက် နောက်ဆက်တွဲ သဘောတူညီချက်အရ တရုတ်အာဏာပိုင်များထံ အကြောင်းမကြားပဲ ထိုလုံခြုံရေး အစောင့်တပ်များ စစ်ရေးလေ့ကျင့်နိုင်သည်။ ၁၉၃၇ ခုနှစ် ဇူလိုင်လတွင် ရထားလမ်းတစ်လျှောက်၌ ဂျပန်တပ်ဖွဲ့ဝင် ၇၀၀၀ မှ ၁၅၀၀၀ အထိ တိုးချဲ့ချထားလိုက်သည်။ ထိုတပ်ဖွဲ့ဝင်ဦးရေမှာ ဥရောပ အင်အားကြီးနိုင်ငံ အားလုံး၏ အစောင့်တပ်ဖွဲ့ဝင် အရေအတွက်ထက် ၇ ဆ ပိုများသည်။ ထို့ပြင် တရားမျှတမှု မရှိဟူ၍ မကြာခဏ ဝေဖန်ခံရသည့် ဘောက်ဆာပရိုတိုကော ခွင့်ပြုသည့် တပ်ဖွဲ့ဦးရေထက်ပင် ဂျပန်တပ်ဖွဲ့ဝင်ဦးရေက ပိုမိုများပြားနေသေးသည်။

၁၁၉၂ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးသည့် မာကိုပိုလိုတံတားသည် ခုံးပေါင်း ၁၁ ခု ပါဝင်သည့် နှမ်းဖတ်ကျောက်တံတား ဖြစ်သည်။ ဗိသုကာ လက်ရာမြောက်သည့် အရေးပါသော တံတားလည်း ဖြစ်သည်။ ခန်းရှီးဧကရာဇ် (康熙 ၁၆၆၂ - ၁၇၂၂) က တံတားကို ပြန်လည် မွမ်းမံခဲ့သည်။ ပေကျင်းမြို့ အနောက်တောင်ဘက်ရှိ မြို့ရိုးကာရံထားသော ဝမ်ဖိန်မြို့ (宛平鎮) အပြင်ဘက်၍ တည်ရှိသည်။ ပေကျင်း - ဝူဟန့် (武漢) ရထားလမ်းပေါ်မှ အချက်အချာ နေရာတစ်ခု ဖြစ်သည်။

၁၉၃၇ ခုနှစ် ဇူလိုင်လ မတိုင်မီက ထိုဒေသတွင်း ဖြန့်ကြက်သည့် တရုတ်တပ်များ ရုပ်သိမ်းပေးရန် ဂျပန်စစ်တပ်က အကြိမ်ကြိမ် တောင်းဆိုခဲ့သည်။ ဂျပန်တို့က ဤနေရာတွင် လေယာဉ်ကွင်း ဆောက်ရန် ကြိုးပမ်းသည်။ မာကိုပိုလို တံတားနှင့် ဝမ်ဖိန်မြို့တို့ကို ဂျပန်ထိန်းချုပ်ခွင့် ပေးအပ်ခြင်းဖြင့် ပေကျင်းမြို့ လုံးဝ အထီးကျန်ဘဝရေဪက်ကာ ပြင်ပနှင့် အဆက်အသွယ် ပြတ်သွားနိုင်သဖြင့် ဂျပန်စစ်တပ်၏ တောင်းဆိုချက်ကို တရုတ်က လက်မခံပေ။

အရေးအခင်း[ပြင်ဆင်ရန်]

၁၉၃၇ ခုနှစ် ဇွန်လမှစ၍ မာကိုပိုလို တံတား အနောက်ဘက်စွန်း ဒေသတွင် ဂျပန်တပ်များက စစ်ရေးလေ့ကျင့်မှုများ အပြင်းအထန် ပြုလုပ်သည်။ အခြားသော နိုင်ငံခြား အစောင့်တပ်များက စစ်ရေးလေ့ကျင့်မှုကို ညပိုင်းတွင် လုပ်လေ့လုပ်ထ မရှိသလောက် ဖြစ်သော်လည်း ဂျပန်တပ်များက ညစဉ်ညတိုင်း လေ့ကျင့်သည်။ ဒေသခံပြည်သူများ အနှောက်အယှက် မဖြစ်စေရန် တရုတ်အစိုးရက မေတ္တာရပ်ခံသည်ကို ဂျပန်တို့က သဘောတူခဲ့သည်။

သို့သော် ၁၉၃၇ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ဂျပန်တပ်က ကြိုတင်အသိမပေးပဲ ညပိုင်းစစ်ရေး လေ့ကျင့်မှု ပြုလုပ်သောအခါ တရုတ်တပ်က အံ့အားသင့်ပြီး သေနတ်ထောင်ဖောက်ရာမှ ည ၁၁ နာရီခန့်တွင် အပြန်အလှန် ပစ်ခတ်မှု ခေတ္တဖြစ်ပွားသည်။ ဂျပန်စစ်သားတစ်ဦး စခန်းသို့ ပြန်မာလဘဲ ပျောက်ဆုံးနေရာ တရုတ်တို့ ဖမ်းထားသည်အထင်ဖြင့် တပ်ခွဲမှူး ဗိုလ်မှူး ခီယိုနာအို အိချိခိ (一木清直) က စစ်ဒေသမှူး ဗိုလ်မှူးကြီး ရန်ယာ မူတာဂုချီ (牟田口) ထံ သတင်းပို့သည်။ ဗိုလ်မှူးကြီး မူတာဂုချီက တရုတ်စစ်ဒေသမှူး ကြည်ရှင်းဝင် (吉星文) အား ပျောက်ဆုံး ဂျပန်စစ်သားကို ဝမ်ဖိန်မြို့အတွင်း ဝင်ရှာခွင့်ပေးရန် တောင်းဆိုသည်။

ယင်းနောက် ဂျပန်စစ်သား တပ်စခန်းသို့ ပြန်ရောက်သည့်တိုင် ပြန်ရောက်ကြောင်းကို ဗိုလ်မှူးကြီး မူတာဂုချီထံသို့ လည်းကောင်း၊ အခြားသော အထက်အရာရှိများသို့ လည်းကောင်း ထပ်မံ တင်ပြခြင်းမရပြုခဲ့ပေ။ ဤသို့ဖြင့် နှစ်ဘက် စစ်ရေးထိပ်တန်း ခေါင်းဆောင်များအကြား တင်းမာမှုအရှိန် မြင့်သွားရသည်။

ဇူလိုင်လ ၈ ရက်နေ့ နံနက် ၃ နာရီခွဲတွင် ဂျပန်တပ်များကို အင်အားဖြည့်သည်။ နံနက် ၄ နာရီ မိနစ် ၅၀ တွင် ဝမ်ဖိန်မြို့တွင်းသို့ ဂျပန်စုံစမ်းထောက်လှမ်းရေးသမား ၂ ဦးကို ဝင်ခွင့်ပြုသည်။ သို့သော် ဂျပန်စစ်တပ်က နံနက် ၅ နာရီမှစ၍ စက်သေနတ်များဖြင့် ပစ်သည်။ ထိုအတောအတွင်း သံချပ်ကာကားများနှင့်အတူ ချီတက်လာသည့် ဂျပန်တပ်က မာကိုပိုလို တံတားကို စတင် တိုက်ခိုက်သည်။ တရုတ်တပ်ဖွဲ့ဝင် ၁၀၀၀ ခန့်နှင့်အတူ ဗိုလ်မှူးကြီး ကြည်ရှင်းဝင်က မာကိုပိုလို တံတားအား ရန်သူ့လက်ထဲ အကျမခံဘဲ အစွမ်းကုန်ခုခံသော်လည်း ဆုတ်ခွာပေးခဲ့ရသည်။ သို့သော် ပတ်ဝန်းကျင် တပ်ကူများဖြင့် အင်အားစုစည်းကာ ဇူလိုင်လ ၉ ရက် နံနက် ၆ နာရီတွင် ပြန်လည် သိမ်းပိုက်နိုင်သည်။

နှစ်ဘက်စလုံးက မူလနေရာသို့ ပြန်ဆုတ်ပြီး အပစ်အခတ်ရပ်စဲမည်ဆိုလျှင် မာကိုပိုလို တံတား တိုက်ပွဲမှာ ထိုမျှနှင့် ပြီးဆုံးနိုင်သည်။ သို့သော်လည်း ဇူလိုင်လ ၉ ရက် ညသန်းခေါင်မှစ၍ ဂျပန်တပ်က အပစ်အခတ် ရပ်စဲရေးကို စတင်ချိုးဖောက်ရုံမက စစ်အင်အား ဖြည့်တင်းရေးကိုပါ ဆက်လက် ပြုလုပ်လာသဖြင့် တိုက်ပွဲက ပြင်းထန်လာသည်။ မာကိုပိုလို တံတား တိုက်ပွဲက တိုက်ပွဲအရှိန် မြှင့်တင်ပေးလိုက်သဖြင့် ဂျပန်နှင့် တရုတ်တို့၏ စစ်ပွဲကြီးကို ဦးတည်သွားစေသည်။

သမိုင်းဝင် ဓာတ်ပုံများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Japanese War History library (Senshi-sousyo)No.86 [Sino-incident army operations 1 until 1938 Jan.] Page138