မဟာအရိယဝံသ၊ ရှင်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ရှင်မဟာ အရိယဝံသသည် အင်းဝခေတ် သက္ကရာဇ် ၈ဝ၄ ခုနှစ်တွင် နန်းတက်သော ထူပါရုံဒါယကာ နရပတိမင်းလက်ထက်တွင် ကျမ်းဂန် တတ်မြောက်လှသဖြင့် ကျော်စောထင်ရှားသော ဆရာတော် ဖြစ်သည်။ ပင်းယမြို့တောင်စကားအင်းရွာသား ဇာတိဖြစ် လေသည်။

ပင်းယမြို့၊ အင်းဝမြို့များ၌၊ အဋ္ဌကထာ၊ ဋီကာ ကျမ်းဂန်များကို သင်ကြား၍ ကိုယ်ဝန်ဆောင် မိန်းမရွက် နိုင်လောက်သည့် တစ်ရွက်စာခန့်သော ပေပုရပိုက်များကို နှုတ်တက်အာဂုံ ရွတ်ဆိုနိုင်သော်လည်း၊ ကျမ်းဂန်တတ်သည်၊ စာပေတတ်သည်ဆိုသော သဘောကို မသိချေ။ ထို့ကြောင့် ရှင်မဟာအရိယဝံသသည် စစ်ကိုင်းအရပ်သို့ကူး၍ ကျမ်းဂန် တတ်သည့် ရေငုံဆရာတော်ထံ စာဝါတောင်းရန် ဆည်းကပ် လေသည်။ ၂ ရက်တိုင်အောင် စကားပြောခွင့် မရသဖြင့် ဝတ်ဖြည့်၍သာ ပြန်ခဲ့ရသည်။ ၃ ရက်မြောက်သော နေ့၌ကား သားရေနယ် ခေါက်သံကို ကြားရသောအခါမှ ရေငုံဆရာတော် သည် ရေကိုထွေးပြီးလျှင် မေးမြန်း၏။ ရှင်မဟာအရိယဝံသက စာဝါတောင်းရန် ရောက်ကြောင်း လျှောက်သောအခါ သင်ကြား လေ့ကျက်ခဲ့ဖူးသော ကျမ်းဂန် များကို မေး၏။ သင်ကြားခဲ့ဖူး သော ကျမ်းဂမ်းများကို လျှောက်သည်တွင် ရေငုံဆရာတော်က မသင်ကြားခဲ့ဖူးသော သင်ရိုးကျမ်းဂန်များပင် မရှိပြီဟု မိန့်တော်မူသည်။ သို့သော် ရှင်မဟာ အရိယဝံသက ကျမ်းဂန်တတ်သည်၊ စာပေတတ်သည် ဆိုသော သဘောကို မသိပါသေးသောကြောင့် ဆည်းကပ်ပါ သည်ဟု လျှောက်ပြန်လေသည်။ ထိုအခါမှ ရေငုံရာတော်ကာ ဋီကာ လက်သန်းကို သင်တော့ဟု စာဝါပေး၍ အမျိုးမျိုးသော နည်းတို့ဖြင့် တန်ဆာဆင်၍ သင်ကြားပြတော်မူလေသည်။

ရှင်မဟာအရိယဝံသသည် ၃ ရက်မျှ သင်ကြားပြီးလျှင် ပြသအပ်သော နည်းကိုမီ၍ နည်းအမျိုးမျိုးဖြင့် ဆင်ခြင်သုံးသပ် ရာတွင် ကျမ်းဂန်တတ်သည်၊ စာပေတတ်သည်ဆိုသောသဘော ကို ထိုအခါမှ သိတော့သဖြင့် ၂ ရက် ၃ ရက် မလာဘဲ နေလေသည်။ ထို့နောက် ရေငုံဆရာတော်ထံလာ၍ အကျိုး အကြောင်းကို လျှောက်ထားလေသည်။

ရေငုံဆရာတော်က ကျမ်းဂန် တတ်ကြောင်း၊ စာပေ တတ်ကြောင်းကို သိလျှင် ကျေးဇူးပြုသောအားဖြင့် ဋီကာ လက်သန်းကိုပင် ဖွင့်ပေတော့ဟု ဆိုတော်မူသောကြောင့်၊ ရှင်မဟာ အရိယဝံသသည် ဋီကာလက်သန်း အဖွင့် ဖြစ်သော မဏိသာရမဉ္စူသာ ကျမ်းကို ပုညစေတီ အရှေ့မြောက် ချောက် တွင် နေ၍ စီရင်ရေးသားတော်မူရာ သက္ကရာဇ် ၈၂၈ ခုနှစ်၌ ပြီးစီး၏။ ယင်းကျမ်းကို ပြုစုရာ၌ ပြီးသမျှကို လပြည့်လကွယ် ရှစ်ရက် သီတင်းနေ့တိုင်း ပုညစေတီရင်ပြင်၌ သံဃာအများရှေ့၌ ဖတ်ပြ၏။ ထိုအခါ အစွန်း၌ နေ၍ စာနာလျက်ရှိသော ရဟန်း တစ်ပါးက ဧးဧးဟူ၍ နှစ်ကြိမ်တိုင် ဆိုသည်ကို မှတ်သား လိုက်ရလေသည်။ ကျောင်းသို့ပြန်ရောက်၍ မှတ်သားထားသော အရာကို ပြန်၍ကြည့်ရှုဆင်ခြင်သောအခါ တစ်ချက်မှာ ဝါကျ ထပ်၍ အခြားတစ်ချက်မှာ ဣမံဂန္ထံ ဟု စွဲရမည့်အစား ဣဒံဂန္ထံ ဟု အစွဲပျက်သည်ကို မြင်သောကြောင့် ပြင်ဆင်ရသည်။

ထိုသို့မှားယွင်းသော အချက်နှစ်ချက်ကို ထောက်ပြသတိပေး သဖြင့် ကျေးဇူးကြီးမားလှသောကြောင့် ထိုရဟန်းအား နှစ်ထပ် သင်္ကန်းဖြင့် ဉာဏ်ပူဇော်တော်မူသည်။ ရှင်မဟာရိယဝံသသည် (၁) မဏိသာရမဉ္ဇူသာဋီကာ၊ (၂) မဏိဒီပဋီကာ၊ (၃) ဂန္ထာဘရဏပါဌ်၊ (၄) မဟာနိဿယ၊ (၅) ဇာတကဝိသောဓနဟူသော ကျမ်းများကို ပြုစုတော်မူခဲ့ သည်။ မဏိသာရမဉ္ဇူ သာသည် ဋီကာကျော်၏ အဖွင့်ကျမ်း ဖြစ်သည်။ မဏိဒီပကျမ်းသည် ဒွါရကထာ မူလဋီကာ၏ အဖွင့်ကျမ်းဖြစ်သည်။ ဂန္ထာဘရဏကျမ်းသည် ဥပသာရနိပါတ် တို့၏ အနက်အနေအထားကိုဆိုသော သဒ္ဒါကျမ်းဖြစ်သည်။

မဟာနိဿယ ကျမ်းသည် မူလဋီကာနှင့် အနုဋီကာကို စပ်ယှဉ် ၍ ဖွင့်သော နိဿယကျမ်းဖြစ်သည်။ ဇာတကဝိသောဓန ကျမ်းကား ဇာတ်တော်ဆယ်စောင်ကို ပုဒ်ပါဌ် အဆစ်အဖု သုတ်သင်သော ဂဏ္ဌိကျမ်းတည်း။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)