မဟာဗောဓိမြိုင်ဆရာတော်

ဝီကီပီးဒီးယား မှ
ဘဒ္ဒန္တဉေယျဓမ္မသာမိမဟာထေရ်
ဘာသာဗုဒ္ဓဘာသာ
ကျောင်းတိုက်ကန့်ဘလူမြို့နယ်၊ ဉေ ယျဓခ်တောရ
ဘွဲ့တံဆိပ်
အခြားအမည်များမဟာဗောဓိမြိုင်ဆရာတော်
ပုဂ္ဂိုလ်ရေးရာ
မွေးဖွားမောင်ငြိမ်းမောင်
(1941-07-07)ဇူလိုင် ၇၊ ၁၉၄၁
စစ်ကိုင်းတိုင်းကန့်ဘလူမြို့နယ်၊ မင်းကုန်းရွာ
ကွယ်လွန်၃၀ ဧပြီ၊ ၂၀၂၄(2024-04-30) (အသက် ၈၂)
စစ်ကိုင်းတိုင်းကန့်ဘလူမြို့နယ်၊ ဉေ ယျဓခ်တောရ
မိဘဦးဘစံ + ဒေါ်မေ

ဘဒ္ဒန္တရှင်ဉေ ယျဓမ္မသာမိမဟာထေရ် (ခ) မဟာဗောဓိမြိုင်ဆရာတော် (၁၉၄၁-၂၀၂၄) သည် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါး ဖြစ်သည်။တောရဆောက်တည်မှု ဖြင့် ထင်ရှားသည်။

ဘဝဖြစ်တော်စဉ်[ပြင်ဆင်ရန်]

မဟာဗောဓိမြိုင် ဆရာတော်အလောင်းအလျာကို စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မင်းကုန်းရွာ တွင် ဦးဘစံ + ဒေါ်မေ တို့မှ ၁၃၀၃-ခုနှစ်၊ ဝါဆိုလပြည့်နေ့ ည(၁)နာရီ၊ အင်္ဂါနေ့တွင် ဖွားမြင်သည်။ ငယ်နာမည် မောင်ငြိမ်းမောင် ဖြစ်သည်။၁၃၁၇-ခုနှစ်၊ တပိုတွဲ လပြည့်ကျော် (၆) ရက်၊ စနေနေ့တွင် မိခင်ဒေါ်မေ၏ ပစ္စယာနုဂ္ဂဟဖြင့် မင်းကုန်းတောရ ဆရာတော် ဘဒ္ဒန္တ သုနန္ဒ ထံတွင် ရှင်သာမဏေ ပြုသည်။ ဘွဲ့အမည် ရှင်ဉေ ယျ ဟု ကိုယ်တိုင် ခံယူခဲ့သည်။၁၃၂၃-ခုနှစ်၊ ဝါဆိုလဆန်းတွင် မင်းကုန်းတောရ ဆရာတော် ဘဒ္ဒန္တအာစာရ ကို ဥပဇ္ဈာယ်ပြု၍ ထန်းတစ်ပင်- ရွှေဖောင်တော်ဦး ကျောင်းတိုက် ခဏ္ဍသိမ်၌ (ပထမအကြိမ်) ရဟန်းဖြစ်သည်။ ရဟန်းဒကာ ဦးဘသန်း + ဒေါ်စောဉာဏ်တို့ ဖြစ်ကြသည်။

စာသင်သားဘဝ[ပြင်ဆင်ရန်]

၁၃၁၈-ခုနှစ်၊ ကဆုန်လပြည့်ကျော်(၁၀)ရက်၊ တနင်္ဂနွေနေ့တွင် ရွှေဘိုမြို့၊ ဝေဠုဝန် ပါဠိတက္ကသိုလ် စာသင်တိုက်သို့ ရောက်ရှိကာ ပိဋကတ် စာပေများသင်ယူသည်။၁၃၁၉-ခုနှစ်တွင် ရွှေဘို-ဝေဠုဝန်ပါဠိတက္ကသိုလ်မှ အစိုးရပထမငယ်တန်း အောင်မြင်သည်။၁၃၂၁-ခုနှစ်၊ ဝါဆိုလဆန်း(၁၁)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့၊ ကျောက်ပန်းတောင်းကျောင်းတိုက်သို့ စာပေသင်ကြားရန် ရောက်ရှိတော်မူသည်။၁၃၂၁-ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော်(၃)ရက်၊ ဗုဒ္ဓဟူးနေ့တွင် မော်လမြိုင် စိန်မမပါဠိတက္ကသိုလ်သို့ ပညာသင်ကြားရန် ရောက်ရှိပြီး ထိုနှစ်မှာပင် အစိုးရပထမလတ်တန်း အောင်မြင်သည်။ယင်းနောက် ၁၃၂၅-ခုနှစ်၊ နွေဦးကာလတွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့-သာသနရံသီ ပါဠိတက္ကသိုလ်သို့ ရောက်ရှိသည်။ ထိုနှစ်မှာပင် အစိုးရ ပထမကြီးတန်းကို အောင်မြင်သည်။ (တိုင်းတွင် ဒုတိယ ရသည်။)

လူဝတ်လဲခြင်း[ပြင်ဆင်ရန်]

၁၃၂၇-ခုနှစ်၊ တော်သလင်းလဆန်း(၁၃)ရက်နေ့တွင် စာသင်တိုက်တွင် နေဖို့ရန် ခက်ခဲခြင်းကို အကြောင်းပြု၍ လူဝတ်လဲခဲ့သည်။ ရန်ကုန်မြို့ရှိ ဆေးလိပ်ခုံတွင် စာရေးဝင်လုပ်သည်။၁၃၂၉-ခုနှစ်၊ နယုန်လတွင် မိခင်ဒေါ်မေ၊ အမဒေါ်ကြည် တို့၏ သဘောတူညီချက်ဖြင့် တစ်ရွာတည်းနေ ဒေါ်စိန်မေနှင့် အိမ်ထောင်ကျခဲ့သည်။လူဘဝတွင် ရန်ကုန်၊ သင်္ဃန်းကျွန်း၌ နေကာ ဈေးဆိုင်၊ အထည်ဆိုင်၊ ဆေးဆိုးပန်းရိုက်၊ မဲနယ်ထုတ်လုပ်ခြင်းများ ပြုလုပ်ခဲ့သည်။ရပ်ကွက်အတွင်း လူမှုရေးများနှင့် (ရ.လ.က အဖွဲ့) ဦးဆောင်ကော်မတီ အမှုဆောင်လူကြီး၊ ပါတီကိုယ်စားလှယ်၊ တရားရေးကော်မတီဥက္ကဋ္ဌ၊ အုပ်စု ခေါင်းဆောင်၊ အရံပါတီဝင် စသည်များ ထမ်းဆောင်ခဲ့သည်။

လူဝတ်ကြောင်ဘဝ သံဝေဂရပုံ[ပြင်ဆင်ရန်]

ဘဝဒုက္ခကို သံဝေဂ ရသည်ဖြစ်၍ ၁၃၃၇-ခုနှစ်မှစ၍ ပုတီးစိပ်ခြင်း၊ အဓိဋ္ဌာန်ဝင်ခြင်း၊ တောတောင်များသို့ လှည့်လည်ခြင်း၊ ဘုရားတည်ခြင်း၊ ပြုပြင်ခြင်း၊ မွမ်းမံခြင်းများ ဆောင်ရွက်ခဲ့သည်။၁၃၃၉-ခုနှစ်တွင် ကျိုက်လတ်မြို့နယ်၊ ကြီးချောင်းရွာ၊ ဆင်ကူးရွာရှိ "ပြည်လုံးချမ်းသာ ဖောင်တော်ဦးစေတီတော်" ကို ပြုပြင်မွမ်းမံသည်။ ပြာသိုလ လပြည့်နေ့တွင် ပန္နက်ချမင်္ဂလာ ပြုလုပ်ပြီး တပေါင်းလပြည့်နေ့တွင် ထီးတော်တင် မင်္ဂလာပြုလုပ်နိုင်ခဲ့သည်။၁၃၄၁-ခုနှစ်၊ ဝါဆိုလဆန်း (၁) ရက်၊ တနင်္ဂနွေနေ့တွင် ရန်ကုန်-မဟာစည် သာသနရိပ်သာကြီးတွင် ၄၉-ရက် တရားစခန်းဝင်ခဲ့သည်။၁၃၄၁-ခုနှစ်၊ ဝါခေါင်းလပြည့်ကျော် (၇) ရက်နေ့၊ ည (၅) နာရီတွင် ဉာဏ်စဉ် တရားများ နာကြားခွင့်ရခဲ့သည်။

ဒုတိယအကြိမ် ရဟန်းခံခြင်း[ပြင်ဆင်ရန်]

၁၃၄၁-ခုနှစ်၊ တော်သလင်းလဆန်း (၁၂) ရက်၊ တနင်္ဂနွေနေ့၊ နံနက် (၈:၄၅) နာရီတွင် ဘောက်ထော်-သီရိရတနာလမ်း၊ သာသနာ့ ဗိမာန် ဆရာတော် ဘဒ္ဒန္တဝိမလကို ဥပဇ္ဈယ်ပြု၍ ခေမာသီဝံကျောင်းတိုက် ခဏ္ဍသိမ် တွင် (ဒုတိယအကြိမ်) ရဟန်းဖြစ်သည်။၁၃၄၁-ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၄) ရက်၊ အင်္ဂါနေ့မှ အစပြုကာ အရညဝါသီ တောရမှီလျက် သီတင်းသုံး နေတော်မူသည်။

သီတင်းသုံးတော်မူခဲ့သည့် ဒေသများ[ပြင်ဆင်ရန်]

၁။ သာသနဗိမာန်ကျောင်း ရန်ကုန် (၁) ဝါ (၁၃၄၁-ခု)

၂။ ရွှေကျောင်းကုန်းတောင် သာစည် (၁) ဝါ (၁၃၄၂-ခု)

၃။ ဇင်းကျိုက်တောင် ဇင်းကျိုက် (၁) ဝါ (၁၃၄၃-ခု)

၄။ မင်းတစ်ရာ့တစ်ပါးတောင် ဇင်းကျိုက် (၁) ဝါ (၁၃၄၄-ခု)

၅။ ကျောက်ခမောက်ဂူ ဇင်းကျိုက် (၁) ဝါ (၁၃၄၅-ခု)

၆။ သံသုမာရတောင် ဖူးကြီး၊ မှော်ဘီ (၂) ဝါ (၁၃၄၆,၄၇-ခု)

၇။ အရှေ့ပရက္ကမဂူ စစ်ကိုင်း (၂) ဝါ (၁၃၄၈,၄၉-ခု)

၈။ ရွှေကျောင်းကုန်းတောင် သာစည် (၃) ဝါ (၁၃၅၀ မှ ၁၃၅၂-ခု)

၉။ လက်လုပ်တောင် ပျဉ်းမနား နေပြည်တော် (၃) ဝါ (၁၃၅၃ မှ ၁၃၅၅-ခု)

၁၀။ ဘုန်းတော်ပြည့် သုဝဏ္ဍသျှံ-ရှမ်းပြည်နယ် (၁) ဝါ (၁၃၅၆-ခု)

၁၁။ မဟာဗောဓိမြိုင် သုဝဏ္ဍသျှံ-ရှမ်းပြည်နယ် (၂) ဝါ (၁၃၅၇,၁၃၅၈-ခု)

၁၂။ နတ်တလူ(ဇာတိမြေ) ကန့်ဘလူ (၁) ဝါ (၁၃၅၉-ခု)

၁၃။ ဝေဒလ္လ ပြင်ဦးလွင် (၁) ဝါ (၁၃၆၀-ခု)

၁၄။ မဇ္ဈိမ ဓမ္မမောနိဂူ လယ်ဓမ္မပိုင်၊ ဂန့်ဂေါ (၁) ဝါ (ပုံတောင်ပုံညာ)(၁၃၆၁-ခု)

၁၅။ မောနိယျတော စကားပိုင်၊ ဂန့်ဂေါ (၁) ဝါ (ပုံတောင်ပုံညာ) (၁၃၆၂-ခု)

၁၈။ ပဋိပတ္တိတော ပုလဲနယ်၊ ကျော်တော (၁) ဝါ (၁၃၆၃- ခု)

၁၇။ စံရိပ်ငြိမ်ကျောင်း ပုလဲနယ်၊ ကျော်တော (၁) ဝါ (၁၃၆၄- ခု)

၁၈။ ခေါင်နန်းပလ္လင် ကလေးဝမြို့နယ် (၉) ဝါ (၁၃၆၅ မှ ၁၃၇၃ ခု) မဟာမြိုင်တော

၁၉။ ဉေ ယျဓမ်တောရ မင်းဘိသိက်ခံအနီး ကန့်ဘလူမြို့နယ် (၃၃) ဝါ

ခေတ္တသီတင်းသုံးရာဒေသများ[ပြင်ဆင်ရန်]

၁။ ရသေ့မဂူ ဇင်းကျိုက် သုံးလခန့်

၂။ ဖရုံညှာ စခန်း ဇင်းကျိုက် တစ်လ

၃။ တောင်စဉ် မိတ္ထီလာ တစ်လ

၄။ ကျောက်ထီးတောင် ကျောက်ဆည် နှစ်လ

၅။ ဝါးသုံးရုံစခန်း ပုလဲ ၇၂ - ရက်

၆။ မပဒန်ဂူ ညောင်နီရွာ၊ မိုးမိတ် နှစ်လ (သုဝဏ္ဏသျှံတောင်ထိပ်တွင် (၆) လမျှ နေခဲ့သည်။ တရား နှစ်ကြိမ် ပြသခဲ့သည်။)

သာသနာရေးဆောင်ရွက်ခြင်း[ပြင်ဆင်ရန်]

၁၃၄၁-ခုနှစ်တွင် သာစည်မြို့နယ် ရွှေကျောင်းကုန်း တောင်ထိပ်၌ 'လောကမုနိစေတီတော်' ကို တည်ထားခဲ့သည်။ အုတ်မြစ်ချမင်္ဂလာနှင့် ဌာပနာပိတ်ပွဲကို တပို့တွဲလပြည့်နေ့တွင် ပြုလုပ်ပြီး၊ တပေါင်းလပြည့်နေ့တွင် ထီးတော်တင်ပွဲကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။၁၃၅၃-၅၄-၅၅ ခုနှစ်များတွင် ပျဉ်းမနား (ယ္ခုနေပြည်တော်) ရှိ လက်လုပ်တောင်တောရတွင် သီတင်းသုံးစဉ် ကာလအတွင်း 'လက်လုပ်တောင် ဆရာတော်ဈာန်ပျံသည်' ဟူသော ကောလဟာလကြောင့် ဆရာတော်၏ အကြောင်း တစ်နိုင်ငံလုံး ပျံ့လွင့်ခဲ့သည်။၁၃၅၇-ခုနှစ်၊ တပေါင်းလပြည့်၊ ဗုဒ္ဓဟူးနေ့တွင် သုဝဏ္ဏသျှံတောင်တွင် လားဟူ(၂၂)ရွာ၊ လီရှော(၄)ရွာတို့မှ လူနှစ်ထောင်ကျော်၏ ဗုဒ္ဓဘာသာခံယူပွဲကြီး ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်။ယင်းတိုင်းရင်းသားများ ဒေသန္တရ ဗဟုသုတရ တိုးပွားရန် ရည်သန်၍ ၁၃၅၈-ခုနှစ်၊ တပေါင်းလဆန်း(၃)ရက်နေ့တွင် သာစည်၊ ပျဉ်းမနား၊ မန္တလေး၊ ရွှေဘို၊ ရန်ကုန်မြို့များသို့ ပို့ဆောင်ပေးခဲ့သည်။ ထိုသို့သော အကြောင်းများ ကြောင့် 'မဟာဗောဓိမြိုင် ဆရာတော်' ဟူ၍ နိုင်ငံအနှံ့ လူသိများ ထင်ရှား ခဲ့သည်။၁၃၅၉-ခုနှစ်တွင် နတ်တလူတောရကို စတင်တည်ထောင်၍ ဝါဆိုလပြည့် နေ့မှ တော်သလင်းလပြည့်နေ့ထိ (၂) လတိတိ တရားစခန်းဖွင့်လှစ်ပေးခဲ့သည်။ စခန်းပွဲအတွင်း ဝေယျာဝစ္စ ဆောင်ရွက်သူများအတွက် တော်သလင်းလပြည့်မှ သီတင်းကျွတ်လပြည့်နေ့ထိ (၁) လ စခန်းကို ပြုလုပ်ပေးခဲ့သည်။၁၃၅၉-ခုနှစ်တွင် နတ်တလူတောရ၌ 'မင်းဘိသိက်ခံ' ဘုရားတည်ထား ပူဇော်သည်။ နှောင်းတန်ခူးလပြည့်နေ့တွင် အုတ်မြတ်ချမင်္ဂလာ၊ ၁၃၆၀-ခုနှစ် ကဆုန်လပြည့်နေ့တွင် ဌာပနာပိတ်ပွဲ၊ တပေါင်းလဆန်း (၄) ရက်တွင် ထီးတော် တင်ပွဲနှင့် တပေါင်းလပြည့်နေ့တွင် အနေကဇာတင်တော်မူသည်။၁၃၆၁-ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မွေးရာချက်မြှုပ်အိမ်နေရာတွင် 'ဉေ ယျဓခ် ရွှေချက်သို တံခွန်တိုင်'ကို တည်ထားခဲ့သည်။ တစ်ချိန်တည်းမှာပင် နတ်တလူတောရ၌ နှစ်လတရားစခန်း ထပ်မံ ဖွင့်လှစ်ပေးခဲ့သည်။ဆရာတော်သည်ဤ မနေသုံးချက် တစ်ချက်ချက်တို့ကြောင့် ရွေ့ပြောင်းခဲ့ရသော နေရာပေါင်း ကား သုံးဆယ်ဝန်းကျင် ရှိခဲ့ပြီး ဖြစ်ပါသည်။

ကျင့်သုံးဆောင်ရွက်မှုများ[ပြင်ဆင်ရန်]

“ဘယ်နေရာရောက်ရောက် ဌာနေသံဃာများ စိတ်ငြိုငြင်ကြောင်း ကြားသိရက ထိုနေရာ၌ ငါမနေ။

ဘယ်နေရာရောက်ရောက် လူရှုပ်- လာဘ်ပေါ- ကျော်ဇော- ခြွေရံ ဤလေးတန် အခံရှိနေက ငါမနေ။

ဘယ်နေရာရောက်ရောက် သာသနာမှီ၍ မိမိကိုယ်ကျိုးရှာလိုသော လူ၊ ရှင်၊ ရဟန်းများ တွေ့လာရက ထိုနေရာ၌ ငါမနေ” [၁]

ဘဝနတ်ထံ ပျံလွန်တော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်တော်မူရင်း သက်တော်(၈၂)နှစ်၊ သိက္ခာတော်(၄၅)ဝါအရ ၂၀၂၄ ခုနှစ်၊ဧပြီလ ၃၀ရက်၊မွန်းလွဲ ၁နာရီ ၁၀မိနစ် အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ကန့်ဘလူမြို့နယ် ဘူးကုန်းရွာအရှေ့ ဉေယျဓမ်တောရစံကျောင်း၌ ဘဝနတ်ထံ ပျံလွန်တော်မူသည်။[၂]

ပြုစုခဲ့သော ကျမ်းစာများ[၃][ပြင်ဆင်ရန်]

  1. ပဋိဘာန ဉာဏဒဿနကထာ
  2. ဘဝကန္တရသေင်္ကတကထာ
  3. ဥလ္လမ္ပတုဘိက္ခုဘာဝကထာ

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး [၁]
  2. မဟာဗောဓိမြိုင်ဆရာတော်ကြီး တစ်ဘဝတစ်ခန္ဓာချုပ်ငြိမ်းတော်မူBBC Burmese (၃၀ ဧပြီ ၂၀၂၄)။ ၃၀ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသေခြင်းတရားကို စာပေဖြင့်အံတုခဲ့ခြင်း [၂]