မဟာကရုဏာမုဒြာ

ဝီကီပီးဒီးယား မှ

လက်ဝဲလက်ကိုဖြစ်စေ, လက်ျာလက်ကိုဖြစ်စေ, ရင်ဘတ် သို့မဟုတ် ရင်အုံ အထက်ပိုင်းလောက် ဆီသို့ မြှောက်ချီထားကာ လက်ဝါးကို အတွင်းဘက်သို့ လှည့်၍ ရင်ပတ် ရင်အုံ ပခုံးစပ်ကို ဖုံးအုပ်ဖိနှိပ် ပြထားသော ပုံမျိုးဖြစ်သည်။ သနားကရုဏာ ဖြစ်ခြင်းသဘောကို ပုံဆောင်ပြထားခြင်း ဖြစ်သည်။ မြတ်စွာဘုရားပုံတော်တွင် တွေ့ရပါမူ မဟာကရုဏာတော်ရှင် ဖြစ်ကြောင်း ဖော်ပြလိုရှင်းဖြစ်ပါသည်။

လက်ထဲတွင် သင်္ကန်းစကို ကိုင်ဆုပ်ထားပါက စီဝရဟတ္ထပုံ ဖြစ်ပါသည်။ လက်ဝါးဖြန့်၍ အုပ်ဖုံး ဖိနှိပ်ထားပါက မဟာကရုဏာမုဒြာ ဖြစ်ပါသည်။ လက်ျာလက်က မဟာကရုဏာမုဒြာပြလျှင် လက်ဝဲလက်က ဘူမိဖဿမုဒြာဖြင့် ပြလေ့ရှိပါသည်။

မြတ်စွာဘုရားသခင်သည် သင်္ချေများစွာ ကမ္ဘာများစွာ ပတ်လုံး သတ္တဝါအများအပေါ်၌ မဟာကရုဏာတော်ကြီးမားလှသဖြင့် ပါရမီတော်တို့ကို ဖြည့်ဆည်းခဲ့သည်မှာ အမှန်ပင်ဖြစ်ကြောင်း ဤသစ္စာစကားကို ပထဝီမြေကြီးက သက်သေအရာ၌ ရပ်တည်ပါစေသတည်းဟူသော သစ္စာအဓိဋ္ဌာန် ပြုတော်မူခန်းအတွက် ရည်စူး ပူဇော်ထားခြင်း ဖြစ်ပါသည်။

ကရုဏာရသ, သန္တရသတို့ကို ပေါ်လွင်စေပါသည်။ ပညာပါရမီ, ခန္တီပါရမီ, မေတ္တာပါရမီ, သစ္စာပါရမီစခန်းများသို့ ရည်ညွှန်းပါသည်။

ဉာတကာနဉ္စ သင်္ဂဟမင်္ဂလာ, အပ္ပမာဒေါ စ ဓမ္မေသုမင်္ဂလ, သမဏာနဉ္စ ဒဿနမင်္ဂလာ, ဖုဋ္ဌဿ လောကဓမ္မေဟိ စိတ္တံ ယဿ န ကမ္ပတိစသော မင်္ဂလာတရားတော်များကို ရည်ညွှန်းဖော်ဆောင်ထားပါသည်။

ဤမုဒြာကို မြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ သက်ဆင်းကြွတော်မူပုံ များနှင့် ပူးဆွေးဒုက္ခ သောကပရိဒေဝ ခံစားနေရသူများအား တရားဓမ္မ ဟောပြနေပုံများ စသည်တို့တွင် အများဆုံးတွေ့ရတတ်ပါသည်။

ပုံစံအားဖြင့် ပုဂံမြို့ အာနန္ဒာဘုရားတွင်းမှ ဒေဝေါရောဟန ပုံတော်များကို မဟာကရုဏာမုဒြာ မျိုးဖြင့် တွေ့ရှိနိုင်ပါသည်။

၎င်းပြင်ဘက် စင်္ကြံလိုဏ်မုခ်များရှိ ရုပ်ပွားတော်များတွင် ဥဏှီသ ဥသျှောင် မပါရှိသည့်ပြင် မဟာကရုဏာမုဒြာဟန်ကို လက်ျာလက်ဖြင့် ပြတော်မူဟန်ကို တွေ့ရှိရပါသည်။

ဤ မဟာကရုဏာမုဒြာပုံတော်များကို ကိုးကွယ်ခြင်းအားဖြင့် ကယ်ဆယ် ကူညီစောင်မသူများ ပေါ်ပေါက်လာခြင်း, စိုးရိမ်ငိုကြွေး ပူဆွေးမှုမှ လွတ်ငြိမ်းချမ်းသာရာ ရခြင်း, ရန်သူများကပင် မိမိအား သနားကြင်နာ ခွင့်လွှတ်လာခြင်း, ရန်ပြေမာန်ပြေ ဖြစ်ခြင်း, တရားတဘောင် အမှုအခင်းများ၌ အောင်နိုင်ခြင်း, မင်းအာဏာ တန်းခိုးတေဇာ ကြီးမြင့်ထက်မြက်ခြင်း, ဘုန်းကြီးခြင်း, ကြည်ညိုလေးစားသူ များခြင်း, မိမိအား ချီးမြှင့်မြှောက်စားမည့်ပုဂ္ဂိုလ်မြတ် ပေါ်ပေါက်လာခြင်းစသော အကျိုးထူးများကို ရရှိနိုင်အည်ဟု တန္တရာယာနကျမ်းများ၌ ပြဆိုထားပါသည်။ [၁] [၂] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. MAHĀKARUŅĀ MUDRĀ OBEP. plate 396 a.b.c. 317 a.b.c.d. Ananda plate 300 a.b.c.d. Ananda. မဟာကာရုဏိကော နာထော၊ ဟိတာယ သဗ္ဗပါဏိနံ။ ပုရေတာ ပါရမီ သဗ္ဗာ၊ ပတ္တော သဗ္ဗောဓိမုတ္တမံ။
  2. ၂.၀ ၂.၁ စဝ်ထွန်းမှတ်ဝင်း မဟာဝိဇ္ဇာ (ရန်ကုန်)၊ မဟာဝိဇ္ဇာဂုဏ်ထူး (ဟားဗဒ်) အထက်တန်း သုတေသန ပညာရှင်ဘွဲ့ (ဟားဗဒ်) ညွှန်ကြားရေးမှူး၊ သုတေသနနှင့် ကျမ်းပြုဌာနခွဲ သာသနာရေး ဦးစီးဌာန။ မြန်မာ့ရိုးရာ ပဋိမာ သိပ္ပံပညာ