စီဝရဟတ္ထ

ဝီကီပီးဒီးယား မှ

ဘုရားရဟန္တာရုပ်ပွားဆင်းတုတော်၏ လက်တဖက်ဖက်တွင် ဖြစ်စေ, နှစ်ဖက်လုံးတွင် ဖြစ်စေ သင်္ကန်း ကိုးမျိုးအနက် တမျိုးမျိုးကို ဆုပ်ကိုင်ထားဟန် တွေ့ရှိရတတ်သည်။ စီဝရဟတ္ထပုံတော်ဟု ခေါ်သည်။

သင်းပိုင်, ကိုယ်ဝတ်, ဒုကုဋ်သင်္ကန်းကြီး, အိပ်ရာဝတ်, မျက်နှာသုတ်ပုဝါ, ပရိက္ခာရ ခါးပန်းကြိုး, နိသီဒိုင်အခင်း, မိုးရေခံသင်္ကန်း, အမာလွှမ်းသင်္ကန်းတည်းဟူသော သင်္ကန်းကိုးမျိုးအနက် တမျိုးမျိုးကို ကိုင်ဆုပ်ထားဟန်ဖြင့် တွေ့ရှိရပါက စီဝရဟတ္ထပုံတော်ဟု ခေါ်ပါသည်။ သင်္ကန်းအဓိဋ္ဌာန်တင်နေဟန် ဝိကပ္ပနာပြုနေဟန်ဖြင့် တွေ့ရတတ်ပါသည်။

မဟာကရုဏာမုဒြာပုံနှင့် ဆင်တူယိုးမှား ဖြစ်ပါသည်။ ပုံစံအားဖြင့် ပုဂံ နဂါးရုံစေတီတော်မှ ရပ်တော်မူနှစ်ဆူ၏ လက်ဝဲလက်သည် သင်္ကန်းကို ဆုပ်ကိုင်၍ လက်ဝဲပုခုံးတွင် ကပ်တင်ထားဟန်ဖြင့် တွေ့ ရပါသည်။ ဒီပင်္ကရာဘုရား၏ ပုံတော်တွင်လည်း အလားတူ တွေ့ရှိရပါသည်။

ရွှေစည်းခုံ (ညောင်ဦး) စေတီတော် အာရာမ်အတွင်း လျောင်းတော်မူ ရုပ်ပွားတော်၏ လက်တော်ထဲတွင် ပုဝါသင်္ကန်းစကို ဆုပ်ကိုင်ထားဟန်ဖြင့် တွေ့ရှိနိုင်ပါသည်။

အခြားစင်္ကြံ ကြွသွားနေဟန် ရပ်တော်မူပုံတော်များ၌လည်း စီဝရဟတ္ထဖြင့် တွေ့ရပါသည်။

သန္တရသကို ပေါ်လွင်စေပါသည်။

သန္တုဋ္ဌီမင်္ဂလာ, ဒါနဉ္စမင်္ဂလာ, ဝိနယောစ သုသိက္ခိတော မင်္ဂလာများကို သဏ္ဌာန်ဖော်ဆောင် ထားသည်ဟု ဆိုပါသည်။

သီလပါရမီ, ခန္တီပါရမီ, အဓိဋ္ဌာန်ပါရမီ စခန်းတို့ကို ဖော်ညွှန်းပြထားပါသည်။

စီဝရဟတ္ထ(မုဒြာဟန်) ပါသောရုပ်ပွားဆင်းတုတော်များကို ထုလုပ်စီရင်ကိုးကွယ်သူသည် အဝတ် ပုဆိုးအဆင်တန်းဆာအမျိုးမျိုး ပေါများစွာ ရှိခြင်းအကျိုးကို ခံစားရကြောင်း မိမိ၏ အဝတ်ပစ္စည်းများ ကြွက်ကိုက်ခြစား မီးလောင်ဖျက်စီးခြင်း သူခိုးခိုးယူ လုယက်ခံရခြင်းစသော နိမိတ်ဆိုး ကြမ္မာဆိုးများမှ လွတ်ကင်းချမ်းသာကြောင်း အင်္ဂုတ္တရနိကာယ်နှင့် ဝိနယပိဋကများတွင် ဟောကြားထားသည့် အတိုင်း သင်္ကန်းလှူဒါန်းရခြင်း ကထိန်လျာသင်္ကန်း ပုဆိုးလှူဒါန်းရခြင်း၏ အကျိုးထူးတရားများကို ခံစားရကြောင်း စသည်ဖြင့် ဖွင့်ဆိုထားပါသည်။ ဥမ္မာဒန္တီဇာတကတွင် ဝတ်ပန်းပုဆိုးလှူသည့်အကျိုးကြောင့် ဆုတောင်းသမျှ ပြည့်ဝကြောင်း ဖော်ပြပါရှိ ပါသည်။ [၁] [၂] [၃] [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. Civara Hasta 03EP, plato, 202, b. Nagayun plato, 195, a Nagyon
  2. ဝိနယသံခိပ်။ သန်း-ကိုယ်-ဒု-အိပ်-မျက်-ပရိက်-နိသိဒ်-မိုး-အမာ။ (သင်္ကန်းကိုးမျိုး)။
  3. ၃.၀ ၃.၁ စဝ်ထွန်းမှတ်ဝင်း မဟာဝိဇ္ဇာ (ရန်ကုန်)၊ မဟာဝိဇ္ဇာဂုဏ်ထူး (ဟားဗဒ်) အထက်တန်း သုတေသန ပညာရှင်ဘွဲ့ (ဟားဗဒ်) ညွှန်ကြားရေးမှူး၊ သုတေသနနှင့် ကျမ်းပြုဌာနခွဲ သာသနာရေး ဦးစီးဌာန။ မြန်မာ့ရိုးရာ ပဋိမာ သိပ္ပံပညာ