မလွန်မြသပိတ်

ဝီကီပီးဒီးယား မှ
မလွန်မြသပိတ်

မလွန်မြသပိတ်စေတီသည် မကွေးတိုင်းဒေသကြီးအထက်မင်းလှမြို့နယ်မလွန်မြို့တွင် တည်ရှိသည်။

ဘုရားသမိုင်း[ပြင်ဆင်ရန်]

သက္ကရာဇ် ၆၅၅ ခုနှစ်တွင် တောင်တွင်းမြို့ သီဟပတေ့မင်းသည် မလွန်မြို့အောင်သီရိကုန်းတော်၌ ရတနာစက် ဤဘုရားကိုတည်တော်မူ၏။

မြတ်စွာဘုရားရှင် ၄၅ ဝါလုံး အသုံးပြုတော်မူခဲ့သော ပဲနောက်အဆင်းရှိ မြသပိတ်သည် ပရိနိဗ္ဗာန်စံတော် မူပြီးနောက် အရှင်အာနန္ဒာနှင့် မြသပိတ်တော် အတူပါသွားပြီး သာဝတ္တိပြည်၊ ရာဇဂြိုဟ်ပြည် ၎င်းမှတစ်ဆင့် ဒက္ခိဏဂီရိတိုင်း၊ ဝဇီရာပြည်သို့ ရောက်ရှိခဲ့သည်။

သက္ကရာဇ် ၁ဝ၁ ခုနှစ်တွင် ဒွတ္တပေါင် မင်းကြီးသည် ဗိုလ်ခြေများစွာနှင့် မြသပိတ်တော်ကို ဝဇီရာပြည် မှပင့်ဆောင်၍ သရေခေတ္တရာမြို့ပြင်၌ မြစည်းခုံဘွဲအမည်ဖြင့် မြသပိတ်တော်ကို ဌာပနာပြီး စေတီတည်ခဲ့သည်။ သရေခေတ္တရာ ပြည်ပျက်သော် မြသပိတ်တော်သည် ပေါက္ကံပြည် သို့လည်းကောင်း၊ ပုဂံပြည်ပျက်သော် မြသပိတ်တော်သည် အင်းဝသို့လည်းကောင်း ရောက်ရှိခဲ့သည်။ သက္ကရာဇ် ၇၅၆ ခုနှစ်တွင် ဟံသာဝတီဘုရင် မင်းရာဇာသည် အင်းဝကို တိုက်ခိုက်သိမ်းယူပြီး အင်းဝမှ ဘုရားရုပ်ပွားတစ်ဆူနှင့် မြသပိတ်တော်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း ဖောင်နှင့်ပင့်ဆောင်ခဲ့ရာ မလွန်မြို့သို့ ရောက်သောအခါ ဖောင်သည် မလွန်ဝဲ(ယခုရွှေ လဝန်းဝဲ)၌ ရပ်တန့်နေခဲ့သည်။ ဖောင်တော်ကို လှေတော်သားတို့ဖြင့် စုံဆွဲလှော်ခတ်သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့၏။ ထိုအခါ ရဟန်းရှင်လူ ပညာရှင်အပေါင်းတို့က စိစစ်တွက်ချက်ကြပြီး မြတ်စွာဘုရား၏ ဗျာဒိတ်အရ ဤနေရာ၌ မြသပိတ်တော်အပူဇော်ခံဖို့ ထင်ရိပ်ရှိသည်ဟု ဘုရင်အား လျှောက်တင်ကြရာ ဟံသာဝတီဘုရင်သည် လက်လျှော့၍ မလွန်မြို့ အောင်သီရိကုန်းတော်ပေါ်၌ တည်ထားသော ရတနာစက်ဘုရားအတွင်း ဌာပနာ၍ လှူဒါန်းခဲ့သည်။ မြသပိတ်တော်သည် မလွန်မြို့ကို ကျော်လွန်နိုင် ခြင်းမရှိ၍ မလွန်ဟုလည်းကောင်း၊ နောင်အခါ ရတနာစက်ဘုရားသည် မြသပိတ် ဘုရားဟုလည်းကောင်း ထင်ရှားခဲ့သည်။

ရှေးအခါက မြသပိတ်စေတီတော် ဝန်းကျင်တွင် ပုပ္ပာရုံကျောင်းတော်၊ နဂါးရုံကျောင်းတော်၊ နန္ဒာ လိုဏ်ဂူများ၊ သံဃနန္ဒီ စသောခဏ္ဍ သိမ်ကြီး ကိုးခု၊ ရဟန္တာများ သီတင်း သုံးသော မဟာဂန္ဓာရုံ ကျောင်းတော်များ ရှိခဲ့သော်လည်း ယခုအခါ ပျက်စီးယိုယွင်းနေသော သိမ်နေရာများနှင့် ဘုရားစေတီ အများ အပြားသာ ကျန်ရစ်သည်။

သက္ကရာဇ် ၁၂၂ဝ ခုနှစ် ဝါခေါင်လတွင် မြေငလျင်လှုပ်၍ မြသပိတ်စေတီတော် ပြိုပျက်ခဲ့ရရာ သက္ကရာဇ် ၁၂၃၅ ခုနှစ်တွင် ဂိုဏ်းအုပ် နဂါးရုံကျောင်းဆရာတော်နှင့် စင်္ကြာဆရာတော်တို့ ကြပ်မတ်၍ မူလစေတီကို ဓာတ်တော်ဆူရေ တစ်ထောင်ကျော် ဖြင့် ဌာပနာပြီးစေတီကို ထပ်မံတည်ထားခဲ့သည်။

မြသပိတ်စေတီတော်ကြီးအား နာယက ဆရာတော်များနှင့် ဂေါပကအဖွဲ့မှ စနစ်တကျ ပြုပြင်ထိန်း သိမ်းစောင့်ရှောက်ခဲ့ပြီး နှစ်စဉ် တန်ဆောင်မုန်းလဆုတ် ၁၃ ရက်မှ နတ်တော်လဆန်း ၇ ရက်နေ့ထိ ဗုဒ္ဓပူဇနိယ ပွဲတော် ကျင်းပခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]