မယ်ညိုငှက်
မယ်ညိုငှက် | |
---|---|
Male | |
Female Both, Vembanad Lake, Kerala | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးစဉ်: | Gruiformes |
မျိုးရင်း: | Rallidae |
မျိုးစု: | Porphyrio |
မျိုးစိတ်: | P. poliocephalus
|
ဒွိနာမ | |
Porphyrio poliocephalus (Latham, 1801)
| |
Synonyms | |
Porphyrio porphyrio poliocephalus |
မယ်ညိုငှက်သည် ရေငုံး၊ ရေကြက်၊ ဗောင်တုတ်နှင့် သင်္ဘောရေကြက်ဟုလည်း ခေါ်သော ရေကြက်ဒုံတို့နှင့်အတူ "ရယ်လီဒီး" မျိုးရင်းတွင် ပါဝင်၍ ပါဏဗေဒ အမည်မှာ "ပေါ်ဖီရီအို ပေါ်ဖီရီအို ပေါ်လီဆီဖာလပ်" ဖြစ်သည်။ အလျား ၁၇ လက်မရှိ၏။ ငှက်မသည်ငှက်ဖိုနှင့် တူသော်လည်း အမောက်ငယ်၏။ ဆူညံစွာ အော်တတ်သည်။ ပျံသန်းရာတွင် အလွန်ချည့်နဲ့၍ ပင်ပန်းပုံ ရသည်။ ဝေးဝေးလည်း မပျံနိုင်ချေ။
မယ်ညိုသည် အင်းများ အိုင်များ၌သာကျက်စားလေ့ရှိသည်။ အထူးသဖြင့် အင်းရိုးတစ်လျှာက် ကိုင်းတော၊ ကျူတောနှင့်ချုံများ ရှိသော အင်းအိုင်များကိုပိုမိုနှစ်သက်ကြသည်။ မြစ်ကြီးနားခရိုင် အင်းတော်ကြီးတောင်ဘက်နှင့် အရှေ့မြောက်အစပ်များနှင့်ကျောက် ဆည်ခရိုင် စွန်ရဲအင်း၏ ကျူတောကြီးများတွင် အမြောက်အမြားတွေ့ရသည်။ နေဝင်ဆည်းဆာ အချိန်တွင် အအုပ်အသင်းဖွဲ့ကာ လယ်များရှိရာသို့ ပျံ၍ စပါးပင်များကို ခြေဖြင့်နင်းလျက် များစွာဖျက်ဆီးတတ်ကြသည်။ အနှောင့်အယှက် မပြုလျှင် လူအနားကပ်ခံသည်။
ပြက်တစ်ပေခန့်ရှိသော အသိုက်ကို အကိုင်းအခက် ကလေးများဖြင့် ရေပေါ်ရှိ အပင်များပေါ်တွင် ပြုလုပ်ထားသည်။ အသိုက်မှာ ခွက်ကြီးကဲ့သို့ ရှိသည်။ အနီးအနားမှ အပင်များကို ဖျက်ဆီး၍ အသိုက်ပြုလုပ်သဖြင့် အသိုက်ကို ရှာရန် လွယ်ကူ၏။ တစ်မြုံလျှင် ၃ ဥမှ ၁ဝ ဥအထိ ရှိ၍ တစ်ဥလျှင် ပျမ်းမျှအလျား ၁. ၉၉ လက်မနှင့် ပြက် ၁. ၄၁ လက်မရှိသည်။
မယ်ညိုသည် အာရှမိုင်းနားမှ အိန္ဒိယနှင့် မြန်မာနိုင်ငံ တို့တစ်လျှောက် မလ္လာယုအထိ ပျံ့နှံ့၏။ အာဖရိကနှင့် ဥရောပတောင်ပိုင်းဒေသများ၌လည်း တွေ့ရသည်။ မြန်မာ နိုင်ငံတစ်ဝှန်းလုံး အင်းအိုင်များရှိသော ဒေသတွင် မယ်ညိုကို တွေ့နိုင်သည်။ မယ်ညိုငှက် (Purple Swamphen) သည် ရေငုံး၊ ရေကြက်၊ ပေါင်တုတ်ငှက် မျိုးနွယ်စုဝင် ဖြစ်သည်။ ကြက်တစ်ကောင်၏ အရွယ်အစားမျှ ရှိသော်လည်း ၎င်းတို့၏ ခြေထောက်များမှာမူ ပုံမှန်အနေအထားထက် အနည်းငယ် ပိုကြီးမားပါသည်။ မယ်ညိုငှက်အား အရှေ့တောင်အာရှ၊ အာရှဒေသ၊ အာဖရိကနှင့် ဥရောပဒေသတို့တွင် ကောင်ရေနည်းပါးစွာဖြင့် တွေ့ရှိရသည်။[၁]
ပျံ့နှံ့တည်ရှိမှု၊ ဓလေ့သဘာဝနှင့် အပြုအမူ
[ပြင်ဆင်ရန်]မယ်ညိုငှက် မျိုးနွယ်စု ၁၃ မျိုး၊ သို့မဟုတ် ၎င်းထက် ပိုမိုရှိနိုင်သည်ဟု ခန့်မှန်း ထားကြသည်။ ၎င်းငှက်တို့မှာ နေရာဒေသကို လိုက်၍ အရောင်အသွေး မျိုးစုံဖြင့် တွေ့ရှိရသည်။ ဥပမာအားဖြင့် ဥရောပဒေသတွင် တွေ့ရှိရသည့် မယ်ညိုငှက်၏ အရောင်အသွေးမှာ အပြာရောင်ဖြင့် လည်းကောင်း၊ အာဖရိကဒေသနှင့် တောင်အာရှဒေသတွင် တွေ့ရှိသည့် မယ်ညိုငှက်၏ အရောင်အသွေးမှာ အစိမ်းနက်ရောင်ဖြင့် လည်းကောင်း၊ ဩစတြေးလျနှင့် အင်ဒိုနီးရှားတွင် တွေ့ရှိရသည့် မယ်ညိုငှက်မှာ အနက်ရောင် အဆင်အပြင်ဖြင့် လည်းကောင်း တွေ့ရှိရသည်။ မယ်ညိုငှက် တစ်ကောင်၏ ခန္ဓကိုယ် အလျားရှည်မှာ ဦးခေါင်းမှ အမြီးဖျားထိ ၁၇ လက်မခန့် ရှိသည်။ ရုတ်တရက် ကြည့်ပါက ငှက်မသည် ငှက်ဖိုနှင့် တူသော်လည်း အမောက်မှာ သေးငယ်၍ ဆူညံစွာ အော်ဟစ်တတ်သည်။ အဝေးသို့လည်း ပျံသန်းနိုင်ခြင်း မရှိပေ။ မယ်ညိုငှက်သည် အင်းများ၊ အိုင်များ၌သာ ကျက်စားတတ်လေ့ ရှိသည်။ အထူးသဖြင့် အင်းရိုးတစ်လျှောက်ရှိ ကိုင်းတော၊ ကျူတောနှင့် ချုံများရှိသော အင်းအိုင်များကို ပိုမိုနှစ်သက်ကြသည်။ မြန်မာနိုင်ငံတွင် မြစ်ကြီးနားခရိုင်၊ အင်းတော်ကြီး တောင်ဘက်နှင့် အရှေ့မြောက် အစပ်ဖျားနှင့် ကျောက်ဆည်ခရိုင် စွန်ရဲအင်း၏ ကျူတောများတွင် မယ်ညိုငှက်များအား တွေ့ရှိရသည်။ မယ်ညိုငှက်နှင့် လူသားတို့၏ ပဋိပက္ခတစ်ခုမှာ ၎င်းငှက်တို့သည် အုပ်စုအဖွဲ့များဖြင့် လယ်ကွင်းများ ရှိရာသို့ ပျံသန်း၍ စပါးပင်များကို ခြေဖြင့်နင်းလျက် များစွာဖျက်ဆီး တတ်ကြခြင်းပင် ဖြစ်သည်။
အစားအစာ
[ပြင်ဆင်ရန်]မယ်ညိုငှက်တို့၏ ဓလေ့သဘာဝမှာ စိုစွတ်သည့် ဒေသများ၊ မိုးများရာ ဒေသတို့တွင် နေထိုင် တတ်ကြသည်နှင့်အညီ ၎င်းတို့၏ အစားအစာမှာလည်း ခရု၊ ပက်ကျိကဲ့သို့ ကျောရိုးမဲ့ တိရစ္ဆာန်များ၊ ငါးသယ်လေးများ၊ ဘဲပေါက်ငယ်များ၊ ဥတို့ကို စားသုံးတတ်ကြသည်။
သားပေါက်မွေးမြူခြင်း
[ပြင်ဆင်ရန်]ယေဘုယျအားဖြင့် မယ်ညိုငှက်များတွင် သားပေါက်ရာသီဟူ၍ သီးခြားမရှိပေ။ မယ်ညိုငှက် မောင်နှံတစ်စုံ အတွက် အသိုက်ဖွဲ့စည်းသည့် နေရာသည် အဓိကအားဖြင့် ရေပြင်စပ်များ၌သာ ဖြစ်ပေသည်။ အဝကျယ် ၁ ပေခန့်ရှိသည့် အသိုက်ကို ရေပြင်စပ်မှာပင် ရှိသည့် သစ်ရွက် အကိုင်းအခက်များဖြင့် ဖွဲ့စည်း တည်ဆောက်ခြင်း ဖြစ်သည်။ ၎င်းတို့၏ အသိုက်မှာ ရေပြင်စပ်ရှိ ရေပေါ်တွင်သာ တည်ဆောက်ထားသလို အနီးအနားရှိ သစ်ပင်များကို လိုသလို အသုံးပြု တည်ဆောက်ထားသဖြင့် ၎င်းတို့၏ အသိုက်ကို အလွယ်တကူ ရှာဖွေ တွေ့ရှိနိုင်သည်။ လွယ်ကူစွာ တွေ့ရခြင်းမှာလည်း ၎င်းတို့၏ အသိုက်မှာ ခွက်ကြီး ပုံသဏ္ဌာန်ကဲ့သို့ တည်ရှိနေခြင်းကြောင့် ဖြစ်သည်။ မယ်ညိုငှက်မသည် ဥချချိန်တွင် ၃ လုံးမှ ၆ လုံးထိ ဥအုတတ်သည်။ ဥများ၏ အရောင်အဆင်းမှာ အနီရင့်ရင့်မှ လိမ္မော်ရောင်ရင့်ရင့် စသည်ဖြင့် ရှိတတ်သည်။ ဥများ အကောင်ပေါက်ရန် အတွက် ရက်အားဖြင့် ၂၃ ရက်မှ ၂၇ ရက်ထိ ကြာမြင့်တတ်သည်။ ဥမှအကောင် ပေါက်ဖွားရန် အတွက် မယ်ညိုငှက် မောင်နှံတို့က တစ်လှည့်စီ ဝပ်ပေးကြသည်။ ဥမှပေါက်ဖွားလာသည့် အကောင်ပေါက်ငယ်များသည် ၁၀ ရက်မှ ၁၄ ရက်ထိ ၎င်းတို့မိဘ နှစ်ပါး၏ ကျွေးမွေးပြုစု စောင့်ရှောက်မှုကို ခံယူပြီး ထိုရက်မှ ကျော်လွန်လျှင်တော့ ၎င်းတို့ဘာသာ ၎င်းတို့ရှာဖွေ စားသောက် တတ်ကြသည်။
ထိန်းသိမ်းစောင့်ရှောက်မှု
[ပြင်ဆင်ရန်]မယ်ညိုငှက် မျိုးနွယ်စုများမှာ အပြည်ပြည်ဆိုင်ရာ သဘာဝသယံဇာတများ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ အဖွဲ့အစည်း (IUCN) ၏ စာရင်းအရ စိုးရိမ်ဖွယ်ရာ အနည်းဆုံးအဆင့်တွင် ရှိသည်။ ထိုသို့ သတ်မှတ်ထားသော်လည်း အချို့သော မယ်ညိုငှက် မျိုးနွယ်စုမှာ အထောက်အထားဖြင့် ဖော်ပြရန် အချက်အလက်တို့ ရှာဖွေ မတွေ့ရှိတော့ပေ။ ထိုသို့သော အခြေအနေများကြောင့် နယူးဇီလန်၊ ဩစတြေးလျ နိုင်ငံတို့တွင် မယ်ညိုငှက်များ မျိုးဆက် ပြန့်ပွားရေး အတွက် သဘာဝရေကန်ကြီး၊ လူလုပ်အင်းအိုင်ကြီးများ တိုးချဲ့ဖန်တီးပေးခြင်းဖြင့် မယ်ညိုငှက် မျိုးနွယ်စု မျိုးနွယ်ပြန့်ပွားရေး အတွက် ကာကွယ်ပေးမှုတို့ ဆောင်ရွက်လျက် ရှိသည်။ မြေထဲပင်လယ်ဒေသနှင့် ဆက်စပ်သည့် နိုင်ငံများတွင်မူ တောတောင်ရေမြေ ဒေသများ ပျက်စီးလျော့နည်းလာခြင်း၊ လူသားတို့၏ အမဲလိုက်ခြင်းများကြောင့် မယ်ညိုငှက်များမှာ မတွေ့ရသလောက်လည်း ဖြစ်လျက် ရှိသည်။ သို့သော်လည်း အာရှဒေသနှင့် အရှေ့တောင် အာရှဒေတတွင်မူ မယ်ညိုငှက်များကို အုပ်စုလိုက် တွေ့ရပြန်ပါသည်။ မြန်မာနိုင်ငံတွင်လည်း အင်း၊ အိုင် ရှိသော ဒေသများတွင် မယ်ညိုငှက်များကို အုပ်စုလိုက် တွေ့ရသည်။ ထို့ကြောင့် မယ်ညိုငှက်များမှာ ရေကြည်ရာ၊ မြက်နုရာ ရွှေ့ပြောင်း နေလာကြမှု များကြောင့် အချို့သော တိုက်ကြီးများဒေသတွင် မတွေ့ရသလို၊ အချို့သော တိုက်ကြီးများ ဒေသတွင် လုံးဝမတွေ့ရတော့ပေ။ ထို့ကြောင့် ဇီဝမျိုး စုံလင်သည့် ကျေးငှက် တိရစ္ဆာန်များ ရေရှည်တည်တံ့ စေရေးနှင့် မျိုးဆက်ပြန့်ပွားမှုတို့ လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း ရည်ညွှန်းလျက် ရှိသည်။
ကိုးကား
[ပြင်ဆင်ရန်]{[Reflist}}
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)