မမကြီး (ဝတ္ထု)

ဝီကီပီးဒီးယား မှ

မမကြီး သည် ၁၉၆၀ ပြည့်တွင် ထုတ်သည့် ဗန်းမော် တင်အောင်ရေးသော ဝတ္ထု ဖြစ်သည်။ မြင့်မိုရ် စာအုပ်တိုက်မှ ဖြန့်သည်။ ထိုနှစ်အတွက် အမျိုးသားစာပေဆုကို အောင်လင်းအရိုင်းစံပယ်နှင့် တွဲရသော်လည်း ဆုပေးပုံကို မကျေနပ်၍ ဆုလက်မခံခဲ့။

ဇာတ်လမ်းအကျဉ်း[ပြင်ဆင်ရန်]

ရာဇဝတ်တရားသူကြီး ဦးအေးသွင်သည် ခင်မာထူးနှင့် မောင်မောင်လေးဟူသော ကလေး ၂ ယောက်ရှိသည့် အရွယ်ကောင်း မုဆိုးဖို ဖြစ်သည်။ အရာအရွယ်ရှိသဖြင့် အသိုင်းအဝိုင်းမှ လူတို့က အရွယ်ညီသည့် အငြိမ်းစား စက်ရှင်တရားသူကြီး ဦးကျော်အောင်၏ ညီမ ကျောင်းဆရာမ မမကြီးနှင့် ဘေးတီးသည်။ သို့သော် ဦးအေးသွင် စိတ်ဝင်စားသွားသူမှာ ဦးကျော်အောင်၏ သမီး ခင် ကိုသာ ဖြစ်သည်။ လက်ရဲဇက်ရဲမုဆိုးဖိုနဲ့ အပျံသင်အပျိုပေါက်တို့ မကြာမီပင် နီးစပ်ကာ လက်ထပ်ဖြစ်သည်။ သို့သော် အိမ်ရှင်မက ကလေးစိတ်သာ ရှိသေးသည့်အတွက် မမကြီးကပင် အိမ်မှုကိစ္စများကို ဝင်လုပ်ပေးနေရသည်။ ထိုသို့ လုပ်သည်ကို ခင်က ဝင်စွက်သည် ထင်၏။

တစတစနှင့် ခင်က ပိုကာဆွဲခြင်း၊ ဈေးဝယ်ထွက်ခြင်း စသော ကတော်အလုပ်များကို ခုံမင်လာသည်။ ကလေးနှစ်ယောက်ရှိသေး၍ အိမ်တွင်းရေးမှာ အဆင်မပြေ။ မောင်ခင်အေးဟူသော သားတယောက် ရလာသည်။ မိမိကလေး ရလာသော်လည်း ကလေးထိန်းနှင့် လွှတ်ထားကာ ယခင်အတိုင်း သွားမြဲလာမြဲပင်။ ခင် လိုသော ငွေကို အလျင်မီမီ ပေးနိုင်ရန် ဦးအေးသွင်က ရုန်းကုန်ရသည်။ သို့ဖြင့် ငွေလွယ်သော စီးပွားရေးသမား မောင်မောင်ထွန်းနှင့် အလွမ်းသင့်သွားသည်။ တကြိမ်သော် ကြံမိကြံရာ လုပ်မိသော ဦးအေးသွင် လာဘ်ပေးလာဘ်ယူမှုနှင့် ထောင်ကျသည်။ ငွေရလမ်းမရှိသော ခင်က ဦးအေးသွင်နှင့် ကွာကာ ကလေးများကို ပစ်ပြီး မောင်မောင်ထွန်းနှင့် ယူလိုက်သည်။ ကလေးများကို မမကြီးက စောင့်ရှောက်ရသည်။

အတန်ကြာသော် မိုးညှင်းမှ စာတစောင် ရောက်လာသည်။ မောင်မောင်ထွန်း ပစ်သွား၍ သောင်တင်နေသော အိမ်မှ ခင် အသည်းအသန်ဖြစ်နေကြောင်း အသိပေးစာ ဖြစ်သည်။ မမကြီးက လိုက်သွား၍ ထူထူထောင်ထောင်ဖြစ်အောင် ပြုစုပြီး ရန်ကုန် ခေါ်လာသည်။ ဦးအေးသွင် ထောင်မှလွတ်သော် မမကြီးနှင့် ဦးအေးသွင်ကို ခေါ်ပြီး သူဝင်သဖြင့် ဇာတ်ရှုပ်ရကြောင်း ပြောသည်။ မမကြီးကို ဦးအေးသွင်နှင့် ပေါင်းကာ ကလေးများကို စောင့်ရှောက်ရန် တောင်းပန်သည်။ ဦးအေးသွင်ကိုလည်း ကလေးများကို မမကြီးနှင့်သာ စိတ်ချကြောင်း ပြောသည်။ ထို့နောက် အသက်ကုန်လေသည်။

ကိုးကား[ပြင်ဆင်ရန်]