မာတိကာသို့ ခုန်သွားရန်

မန်ရှူးကျမ်း

ဝီကီပီးဒီးယား မှ

မန်ရှူးကျမ်း (သို့မဟုတ်) နန်စောနိုင်ငံဦးဆောင်းကျမ်းကို အန်းနမ်နယ် နယ်မှူးချုပ် ချိုက်ယှီ၏ အတွင်းရေးမှူး ဖန်ချော့က ရေးသားခဲ့သည်။

ကျမ်းပြုသူ

[ပြင်ဆင်ရန်]

ဖန်ချော့သည် ခရစ်နှစ် ၈၆၂ ခုနှစ်တွင် နယ်မှူးချုပ်အဖြစ် ခန့်အပ်ခံရသူ ချိုက်ယှီနှင့်အတူ အန်းနမ်နယ် ကျီ-ယောင်ကျီ (ယခု ဟနွိုင်ဒေသ) သို့ ရောက်လာခဲ့သည်။ ထိုအချိန်က နန်စောမင်း ရှိလုန်သည် အန်းနမ်နယ် ကျီ-ယောင်ကျီ ဒေသကို တတိယအကြိမ် ချင်းနင်းဝင်ရောက်ရန် ပြင်ဆင်နေချိန်လည်းဖြစ်သည်။ ထန်မင်းဆက် တရုတ်နိုင်ငံပိုင်နက်ဖြစ်သော အန်းနမ်နယ်သည် နန်စောတို့၏ ခြိမ်းခြောက်မှုကို ခံနေရကြောင်း ဖန်ချော့က ကောင်းစွာသတိပြုမိခဲ့သည်။ ကျီ-ယောက်ကျီသို့ ရောက်ပြီးနောက် နန်စောတို့နှင့် ပတ်သက်သော အကြောင်းအရာ၊ အချက်အလက်များကို စုံစမ်းလေ့လာခဲ့သည်။ ခရစ်နှစ် ၈၆၃ ခု၊ ဖေဖော်ဝါရီလ ၂၈ ရက်တွင် နန်စောက အလုံးအရင်းနှင့် တိုက်ခိုက်လာရာ၊ နယ်မှူးချုပ် ချိုက်ယှီသည် မိသားစုနှင့် အချွေအရံ စုစုပေါင်း ခုနှစ်ဆယ်ကျော်နှင့်အတူ ကျဆုံးခဲ့သည်။ ဖန်ချော့၏ သားအကြီး ဖန်ထောင်းသည်လည်း မိသားစုနှင့် အိမ်စေများ စုစုပေါင်း တစ်ဆယ့်လေးဦးနှင့်အတူ သေဆုံးခဲ့ရသည်။ ဖန်ချော့ကမူ ညာဘက်လက်ကောက်ဝတ်တွင် မြှားထိခဲ့သော်လည်း တစ်ဖက်ကမ်းသို့ရောက်အောင် ရေကူးနိုင်ခဲ့သဖြင့် လွတ်မြောက်သွားခဲ့သည်။ တရုတ်နိုင်ငံအတွင်းပိုင်းသို့ ပြန်ရောက်လာသောအခါ ဖန်ချော့သည် နန်စောတို့နှင့် သက်ဆိုင်သောအချက်အလက်များကို စုဆောင်းလေ့လာခဲ့ပြန်သည်။ အခန်းဆယ်ခန်းပါဝင်သော မန်ရှူးကျမ်းကို ပြုစုရေးသားပြီး ဧကရာဇ် ယိကျုန်းထံ တင်ဆက်ခဲ့သည်။

ကျမ်းပြုရခြင်းအကြောင်းအရင်း

[ပြင်ဆင်ရန်]

မန်ရှူးကျမ်းကို ပြုစုခဲ့ရသည့် အဓိကအကြောင်းအရင်းမှာ ထန်မင်းဆက် တရုတ်နိုင်ငံအား အနှောက်အယှက်ပေးခဲ့သော၊ ဆက်လက်၍ ခြိမ်းခြောက်မှုလည်း ရှိနေမည်ဖြစ်သည့် နန်စောတို့အကြောင်းကို ဗဟိုအစိုးရအရာရှိများ သိရှိထားရန်ဖြစ်သည်။ မိမိသိရှိခဲ့သော အကြောင်းအရာများအပြင် ၊ ပုဂ္ဂလိက မှတ်တမ်းမှတ်ရာ များစွာကို ဖတ်ရှုလေ့လာခဲ့ကြောင်း၊ နန်စော၏ နယ်မြေဖြစ်သော ယူနန်နယ်သို့ ဝင်ထွက်လေ့ရှိသော ကုန်သည် အစရှိသောပုဂ္ဂိုလ်များနှင့် ယူနန်နယ်အကြောင်းကို သိကျွမ်းသူများမှ မေးမြန်းစုံစမ်းခဲ့ကြောင်း၊ ၎င်း၏ကျမ်းကို လေ့လာလျှင် ထင်လင်းစွာ သိမြင်နိုင်သည်။ ဖန်ချော့၏ မှတ်တမ်းသည်ရာနှုန်းပြည့် စုံလင်သည်၊ ချွင်းချက်မရှိ မှန်ကန်သည်ဟု မဆိုနိုင်သော်လည်း၊ စုဆောင်းထားသော အချက်အလက်များသည် သမိုင်းတန်ဖိုး အလွန်ကြီးမားကြောင်း လေ့လာတွေ့ရှိသည်။

ပျူနိုင်ငံတော်အကြောင်း

[ပြင်ဆင်ရန်]

ယူနန်နယ်အတွင်း အခြေအနေကို မေးမြန်းစုံစမ်းယင်း ယူနန်နယ်နှင့်နယ်မြေဆက်စပ်သော ပျူနိုင်ငံ အကြောင်းလည်း ပါလာသည်။ ပျူတို့အကြောင်းကိုဖော်ပြသော သီးသန့်အပိုင်းတစ်ပိုင်း ရှိသော်လည်း၊ ယူနန်နယ် အတွင်းအကြောင်း၊ အထူးသဖြင့် နယ်စပ်အကြောင်းကို ဖော်ပြလာသောအခါ၊ ပျူတို့နယ်မြေနှင့် ပတ်သက်သော အချက်အလက် ထိုထိုဤဤ မသိမသာ ပါရှိလာကြောင်း လေ့လာတွေ့ရှိရသည်။ မန်ရှုကျမ်းသည် မင်(င်)မင်းဆက် ခေတ်ဦးအထိ၊ အဆင့်ဆင့် ရေးကူးလာခဲ့ရာ ပေါ့ပေါ့တန်တန် ရေးကူးခဲ့သူ၏ လက်ချက်ကြောင့်၊ အမှားအယွင်း အတော်များများ ပါရှိလာခဲ့သည်။ ကျမ်းပြုသူ မူရင်းထဲမှာ အမှားအယွင်းရှိသည် မှန်သော်လည်း၊ နှောင်းခေတ်ရေးကူးသူတို့၏ ပေါ့ဆမှုကြောင့် ဖြစ်လာသော အမှားအယွင်း သာ၍ များပြားသည်။ ကံအားလျော်စွာ ရှေးဟောင်းမြန်မာနိုင်ငံ သမိုင်းနှင့် ပတ်သက်သော အချက်အလက်ဘက်မှာစာလုံးအမှား၊ စာကြောင်းအမှား အတော်နည်းပါးကြောင်း လေ့လာတွေ့ရှိရသည်။

ပျူနိုင်ငံတော်အကြောင်း ကောက်နှုတ်ချက်များ (ဦးရည်စိန်၏ မန်ရှူးကျမ်းလာပျူနိုင်ငံစာတမ်းမှ)

[ပြင်ဆင်ရန်]

ဦးရည်စိန်၏ မန်ရှူးကျမ်းလာပျူနိုင်ငံ စာတမ်းမှ ပျူနိုင်ငံတော်နှင့် ပတ်သက်သည့် အချက် ၆ ချက်ကို ကောက်နှုတ်တင်ပြထားသည်။ ဦးရည်စိန်၏ သုံးသပ်ချက်များလည်း ပါဝင်သည်။

ကောက်နှုတ်ချက် ၁

[ပြင်ဆင်ရန်]

မန်ရှုကျမ်း အခန်း-၁၀ (နန်စောနှင့် နယ်မြေဆက်စပ်သော နိုင်ငံများအကြောင်း)တွင် ပျူနိုင်ငံကို အောက်ပါ အတိုင်း ဖော်ပြထား၏။

ပျူနိုင်ငံ(၏ မြို့တော်)သည် အရိုင်းတို့၏ ယွန်ချန်း(င်) မြို့ တောင်ဘက် ခရီးထောက် ခုနစ်ဆယ့်ငါးရက် (ခုနစ်ဆယ့်ငါးရက် သွားရသောခရီး) အကွာတွင်တည်ရှိ၏။ ကော်လော်ဖဲင့်က ပေါက်ရောက်အောင် ဆောင်ရွက်ခဲ့သော ဒေသတည်း။ ထိုနိုင်ငံ၌ ငွေဒင်္ဂါးကို သုံးကြ၏။ ညိုမည်းရောင်အုတ်ဖြင့် စက်ဝိုင်းပုံမြို့ရိုးကို တည်ဆောက်သည်။ ပတ်၍ လျှောက်လျှင် တစ်ရက်ခရီး ဖြစ်၏။ မြို့သူ မြို့သား အားလုံးတို့သည် မြို့အတွင်းဘက်၌ နေထိုင်ကြ၏။ မြို့တံခါးပေါက် တစ်ဆယ့်နှစ်ခု ရှိသည်။

ဘုရင်မင်း၏ နန်းတော်ရှေ့တွင် ရုပ်ပွားတော်တစ်ဆူ ရှိ၏။ လဟာပြင်တွင်တင်ပျဉ်ခွေ ထိုင်တော်မူသည်။ ဉာဏ်တော် ပေပေါင်း တစ်ရာကျော်ရှိ၏။ ဆီနှင်းခဲနှင့် ဆီးနှင်းကဲ့သို့ ဖြူဆွတ်နေသည်။

သူတို့ဓလေ့အရ ဟိရီဩတ္တပ္ပ တရားကို အလေးထား၏။ စိတ်နေသဘောထားကောင်းမွန်၍ စကားနည်းသူ ဖြစ်သည်။ ဗုဒ္ဓဘာသာ တရားတော်ကို အလေးအမြတ် ခံယူကြ၏။ မြို့တွင်း၌ သတ်ဖြတ်မှု မရှိချေ။ ဗေဒင်နက္ခတ်ပညာလိုက်စားသူ များစွာ ရှိသည်။

တရားရင်ဆိုင်လာသော် ဘုရင်မင်းက နှစ်ဦးနှစ်ဘက်အား ရုပ်ပွားတော်ရှေ့မှောက်၌ အမွှေးအကြိုင်ကို ရှိစေပြီး၊ အမှားအမှန်ကို စဉ်းစားဆင်ခြင်စေ၏။ ထို့နောက် နှစ်ဦးနှစ်ဘက် နောက်ဆုတ်သွားတော့သည်။

ကပ်ရောဂါ ကျရောက်လာသော အခါ မှာသော်လည်းကောင်း၊ တိုင်းရေးပြည်မှု မအေးချမ်း၊ မငြိမ်သက်သော အခါတွင် သော်လည်းကောင်း၊ ဘုရင်မင်းသည် ရုပ်ပွားတော် ရှေ့မှောက်၌ အမွှေးအကြိုင်ရှိပြီး မိမိကိုယ်ကို အပြစ်တင်၍ မိမိမှားယွင်းကြောင်း ဝန်ခံသည်။

အမျိုးသားများသည် အများအားဖြင့် ပိတ်ဖြူပါးကို ဝတ်ဆင်ကြ၏။ အမျိုးသမီးများက ဦးထိပ်မှာ ဆံထုံးမြင့် မြင့် ထုံးထားကြ၍ (ဆံထုံးအပေါ်မှာ) ရွှေတန်ဆာ၊ ငွေတန်ဆာ၊ ပုလဲ (စသည်တို့)ဖြင့် ဆင်ယင်ထားသည်။ လဲမှိုချည်ထမီကို ဝတ်ဆင်ကြ၏။ ပခုံးမှာ ပိုးပဝါ လွှမ်းရုံထားသည်။ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ယပ်တောင်ကို အမြဲကိုင်ဆောင်ထား၏။ အမျိုးအနွယ် မြင့်မြတ်သော အိမ်ထောင်စုမှ အမျိုးသမီးများမူကား၊ ၎င်း၏ အနား၌ (အမျိုးသမီး) သုံးယောက်မှ ငါးယောက်အထိ ယပ်တောင် ကိုင်ထားပေးရသည်။

သံအဖွဲ့ တစ်ဖွဲ့ ဖွဲ့က အရိုင်းတို့၏ နယ်မြေဖြစ်သော ဟယ်ထန်း သို့ ရောက်လာသောအခါ လင်းပိုင်ကောင်များ၊ ပိတ်ဖြူပါးနှင့် ဖန်ထည်များကို ယူဆောင်၊ကာ (အရိုင်းတို့နှင့်) ကုန်ပစ္စည်း လဲလှယ်ကြသည်။

ထိုနိုင်ငံသည် ပသီ၊ ဗြဟ္မဏတို့နှင့် နယ်မြေ ဆက်စပ်၏။ (မြို့တော်မှ) အနောက်ဘက်သို့ လားသော် ရှဲ့လိမြို့သို့ ခရီးထောက် နှစ်ဆယ်ရက် (ရက်ပေါင်းနှစ်ဆယ် သွားရသောခရီး)ဖြစ်၏။ ရှဲ့လိမြို့သည် အိန္ဒိယ အလယ်ပိုင်း ဖြစ်ကြောင်း၊ ထိုမြို့အနီးအနားတွင် သဲတောင်ရှိကြောင်း၊ မြက်ပင် သစ်ပင် မပေါက်ကြောင်း ဗုဒ္ဓကျမ်းဂန်အရ သိရ၏။ “သဲတောင်ကို ကျော်ဖြတ်ရ၏”ဟူ၍ ဂင်္ဂါနဒီသူတြတွင် ဖော်ပြထားသည်။ ဤသို့ဖြစ်လျှင် ပျူနိုင်ငံ ဟူသည် အရှေ့အိန္ဒိယ ဖြစ်မည်လောဟု တွေးဆမိသည်။

အရိုင်းသူပုန် သောင်းကျန်းသူတို့သည် ထိုက်တယ်ခြောက်နှစ် (ခရစ်နှစ် ၈၃၂ ခုနှစ်)တွင် ပျူနိုင်ငံသို့ ချင်းနင်းဝင်ရောက်လာပြီး လုယက်ဖျက်ဆီးတော့၏။ လူသုံးထောင်ကို ဖမ်းဆီးသွားပြီး ကျယ့်တုန်း၌ နေရာချထားလိုက်သည်။ စားဝတ်နေရေးအတွက် မိမိကိုယ်တိုင် ရှာကြံစေ၏။ ယနေ့ထက်တိုင် (ခရစ်နှစ် ၈၆၄ ခုနှစ်ခန့်) ထိုသူတို့၏ သားမြေးများသည် ငါးများ၊ ပိုးကောင်များ စသည်တို့ကို စားကြသည်။ ထိုသူများကား (ပျူနိုင်ငံမှ) ကြွင်းကျန်လျက်ရှိသော မျိုးနွယ်ပင်တည်း။

သုံးသပ်ချက် ၁

[ပြင်ဆင်ရန်]

နန်စောနှင့် ပျူတို့၏နေရပ်

[ပြင်ဆင်ရန်]

မန်ရှူးကျမ်းမှာ “မန်” MAN ဟူသော ဝေါဟာရကို ကျမ်းတစ်စောင်လုံးမှာ တွေ့ရ၏ ။ မျိုးနွယ်စုအမည်ကိုတပ်၍ တွဲရေးသော “မန်"ကလွဲလျှင် “မန်”ဟူသောဝေါဟာရသည် ယေဘုယျအားဖြင့် “နန်စောသား”တို့ကို ရည်ညွှန်းသည်။ ဤအပိုဒ်မှာရှိသော “မန်”လည်းဤသို့ ဖြစ်၏။ တိုက်ရိုက်ပြန်ဆိုလျှင် “အရိုင်း”ဟု အနက်ထွက်သည်။ ထိုခေတ် ထိုအခါတွင် ယုန်ချန်း(င်)မြို့သည် နန်စောတို့၏ နယ်မြေတွင် ရှိသဖြင့် “အရိုင်းတို့၏ ယုန်ချန်း(င်)မြို့”ဟု ဆိုလိုက်ဖြစ်၏။ မြန်မာတို့သိသော ဝန်စင်/ ဝန်ဆင်/ ရုံဆင်/ ရုံရှံ ဖြစ်၍ တိုင်း TAI တို့သိသော WAN-CANG/ WAN-CH'ANG/ WAN-SANG ပင်တည်း။ ၁၉ ရာစုတွင် တိုင်းတို့က MONG CHIANG ဟု ခေါ်တွင်သည်။ ယနေ့ ပေါင်ရှန်း ဖြစ်၏။ “ယုန်ချန်း(င်) တောင်ဘက်"ကို “ယုန်ချန်း(င်) အနောက်တောင်ဘက်”ဟူ၍ ပြင်ဆင် ဖတ်ရှုရမည်ဖြစ်သည်။ ထန်မင်းဆက် အုပ်ချုပ်ပုံစာတမ်းမှာ “အနောက်တောင်ဘက်”ဟု ပြ၏။ တရုတ်မှတ်တမ်းများတွင် ပျူမြို့တော်အမည်ကို ထင်ရှားစွာ ဖော်ပြထားခြင်း မရှိချေ။ ဤအပိုဒ်တွင် ပျူမြို့တော်၏ တည်နေရာကို ညွှန်ပြသော အချက်တစ်ချက်ရှိသည်။ ဤကား “(မြို့တော်)အနောက်ဘက်သို့လားသော်၊ ရှဲ့လီမြို့သို့ ခရီးထောက် နှစ်ဆယ်ရက်ဖြစ်၏” ဟူသောစကားရပ်ပင်တည်း။ “အနောက်” ဟူသော စကားကို “အနောက်မြောက်” ဟု ပြင်ဆင် ဖတ်ရှုရမည် ဖြစ်သည်။ “မြို့တော် အနောက်မြောက်ဘက်ရှိ ရှဲ့လိမြို့”သို့ ရက်ပေါင်း နှစ်ဆယ်သွားရကြောင်း ဆိုလိုသည်။ မြို့တော် အနောက်မြောက်ဘက်ရှိ ရှဲ့လီမြို့သည် ယခု ရခိုင်ပြည်နယ် ဝေသာလီပင် ဖြစ်၏။

ဝေသာလီ (ရှဲ့လီ)

[ပြင်ဆင်ရန်]

သို့ရာတွင် ကျမ်းပြုသူ ဖန်ချော့သည် သရေခေတ္တရာ အနောက်မြောက်ဘက်ရှိ ဝေသာလီကို အိန္ဒိယက ဝေသာလီနှင့် ရောထွေးမိ၏။ အိန္ဒိယက ဝေသာလီသည် ယခု အိန္ဒိယ GANDAK မြစ် လက်ဝဲဘက်ကမ်း HAJIPUR မြောက်ဘက် တစ်ဆယ့်ရှစ်မိုင်အကွာ MUZZAFFARPUR ဒေသတွင်းရှိ BASARH မှာ တည်ရှိသည်။ ကျမ်းပြုသူ ဖန်ချော့က ယခု ရခိုင်ပြည်နယ်မြို့ဟောင်း မြောက်ဘက် ငါးမိုင်အကွာခန့်ရှိ ဝေသာလီကို အိန္ဒိယက ဝေသာလီဟု ထင်မှတ်မိခြင်းသည် တရုတ်တို့က အိန္ဒိယ ဝေသာလီကိုသာ သိကျွမ်းခဲ့ခြင်းကြောင့်ပင်တည်း။ ပျူမြို့တော် သရေခေတ္တရာနှင့် အလှမ်းမဝေးလှသော ဝေသာလီကို အိန္ဒိယက ဝေသာလီမှာဟု ထင်မှားမိသဖြင့် ဖန်ချော့သည် နိုင်ငံကို အိန္ဒိယအရှေ့ပိုင်း (အရှေ့အိန္ဒိယ) တုန်းထီး-ယ်(န်)ကျူး"ဟု သံသယ ဖြစ်မိလာတော့သည်။

နန်စောမင်း ကော်လော်ဖဲင့် ပျူတို့အားတိုက်ခိုက်ခဲ့ခြင်း

[ပြင်ဆင်ရန်]

“ကော်လော်ဖဲင့်က ထိုနိုင်ငံသို့ ခရီးပေါက်အောင် ဆောင်ရွက်ခဲ့သည်” ဟူသောစကားရပ်သည် ခရစ်နှစ် ၇၆၂ ခုနှစ် ဆောင်းဥတုကာလနှင့် ၇၆၃ ခုနှစ် နွေဦးကာလအတွင်း နန်စောမင်းကိုယ်တိုင် စစ်တပ်ဖွဲ့ကို ဦးဆောင်လျက် အနောက်တစ်ခွင်သို့ စစ်ခင်းခဲ့ခြင်းကို ဆိုလို၏။ ကော်လော်ဖဲင့်၏ စစ်ဆင်မှုကြောင့် ဧရာဝတီမြစ်ညာတစ်လျှောက် နန်စောပိုင်နက် ဖြစ်လာတော့သည်။ နန်စော၏ ဩဇာအာဏာသည် ပျူတို့ဒေသသို့ ထိုးဖောက်ဝင်ရောက်လာသဖြင့် ပျူနိုင်ငံသည် နန်စော၏ လက်အောက်ခံနယ် ဖြစ်လာပါတော့သည်။

နန်စောတပ်ဖွဲ့သည် ခရစ်နှစ် ၈၃၂ ခုနှစ်တွင် သရေခေတ္တရာသို့ ချင်းနင်းဝင်ရောက် လုယက်ဖျက်ဆီးခဲ့ကြောင်း မန်ရှုကျမ်းမှာ ဖော်ပြထားသည်။ ဤအချက်ကို ပုဂ္ဂလိကမှတ်တမ်းမှတ်ရာမှ ဖန်ချော ရယူခြင်း ဖြစ်တန်ရာသည်။ နန်စောတပ်ဖွဲ့သည် ပျူသုံးထောင်ကို ဖမ်းပြီး ယူနန်နယ် အရှေ့ပိုင်းရှိ ကျယ့်တုန်း ယခု ယူနန်နယ်မြို့တော် ခွန်းမင်(င်) မှာ နေရာချထားသည်။ ထန်မင်းဆက် သမိုင်းဟောင်း နှင့် ထန်မင်းဆက်အုပ်ချုပ်ပုံ စာတမ်းမှာ ခရစ်နှစ် ၈၃၂ ခုနှစ် အရေးအခင်းအကြောင်းကို မပါရှိချေ။ ထန်မင်းဆက် သမိုင်းသစ် မှာ အကျဉ်းအားဖြင့် ဖော်ပြထားသော်လည်း မန်ရှုကျမ်းမှတစ်ဆင့် ကူးယူထားခြင်း ဖြစ်ပေလိမ့်မည်။ ထိုစဉ်ထိုအခါက နန်စောမင်းသည် ချွမ့်ဖဲင့်ယို ဖြစ်သည်။

ပျူဒင်္ဂါးများ

[ပြင်ဆင်ရန်]

နန်စော၏ နယ်မြေအတွင်း ဒင်္ဂါးကြေးငွေ မသုံးပဲ ပျူနိုင်ငံမှာ ငွေဒင်္ဂါးသုံးသည်ဟု မန်ရှုကျမ်းမှာ ဖော်ပြထား၏။ ယခု မြန်မာနိုင်ငံတွင် ပုံစံမတူ၊ အရွယ်အစားမတူသော ငွေပြားအဝိုင်းများကို တွေ့ရှိထားသည်။ အများက “ပျူဒင်္ဂါး”ဟု ခေါ်ဆိုကြသော ထိုငွေပြားအဝိုင်းကို ကြေးငွေအဖြစ်၊ လဲလှယ်ရေး မဏ္ဍိုင်အဖြစ် သုံးကြသည်မဟုတ်ဘဲ၊ လည်ဆွဲတန်ဆာအဖြစ် သုံးသောပစ္စည်း ဖြစ်ပေမည်ဟု အချို့ ပညာရှင်တို့က ယူဆကြ၏။ အကြောင်းကား တွေ့ရှိထားသော ငွေပြားအပိုင်းအချို့တွင် အပေါက်တစ်ပေါက် သို့မဟုတ် နှစ်ပေါက် ဖေါက်ထားခြင်းကြောင့်တည်း။ သို့ရာတွင် စဉ်းစားဆင်ခြင်ရမည့် အချက်တစ်ချက်ရှိ၏။ ထိုငွေပြားအဝိုင်း၏ မူလရည်ရွယ်ချက်သည် လဲလှယ်ရေး မဏ္ဍိုင်အဖြစ်သုံးရန်မဟုတ်ဘဲ လည်ဆွဲတန်ဆာ အတွက်သာ ဖြစ်မည်ဆိုလျှင် သွန်းလုပ်သည့်အခါ ဆွဲချိတ်ရန် အပိုင်း သို့မဟုတ် အပေါက်ဖောက်ရမည့် နေရာကို ကြိုတင်၍ စီစဉ်ထားရပြီး ဖြစ်တန်ရာသည်။ ပျူတို့မှာ ရွှေပန်းတိမ်၊ ငွေပန်းတိမ် အနုပညာ အဆင့်အတန်းအတော်မြင့်မား၍ ဤသို့သေးငယ်သောကိစ္စကို စီစဉ်ရန် ခဲယဉ်းမည်မဟုတ်ချေ။ ယခုတွေ့ရှိထားသော ငွေပြားအပိုင်းပေါ်တွင် အပေါက်ဖေါက်ထားသောနေရာ အတည်တကျမရှိ၊ ဖေါက်ထားသော အပေါက်လည်း ကြီးလွန်း၊ ကျယ်လွန်းသည်။ ဖြစ်သလို ဖောက်ထား၏ ၏။ နေရာအလွတ်မှာ အပေါက်ဖေါက်သည်။ တစ်ဘက်မှာ လွတ်သော်လည်း နောက်တစ်ဘက်မလွတ်နိုင်ချေ။ ထို့အပြင် တွေ့ရှိသမျှသော ငွေပြားအဝိုင်းများ အားလုံးမှာ အပေါက်ဖေါက်ထားကြသည်မဟုတ်။ ယခုခေတ်မှာ လူတွေက ငွေကျပ်ပြားများကို အဆင်တန်ဆာအဖြစ်သုံးသကဲ့သို့ ဖြစ်ကြောင်း၊ အင်္ဂလိပ် ရွှေဒင်္ဂါးပြား၊ အမေရိကန် ရွှေဒင်္ဂါးပြားကို လည်ဆွဲတန်ဆာအဖြစ် သုံးသကဲ့သို့ဖြစ်ကြောင်း တွေ့ရ၏။

ထို ပျူငွေပြားအဝိုင်းသည် လဲလှယ်ရေးမဏ္ဍိုင်အဖြစ် မသုံးဟု ယူဆကြသည့်တိုင်အောင်၊ ပျူတို့ပိုင်နက်ထဲသို့ ဝင်ရောက် ကုန်စည်ကူးသန်းရောင်းဝယ်ခဲ့သော တရုတ်ကုန်သည်တို့က ပါလာသော ကုန်ပစ္စည်းများကို ထိုပျူငွေပြားဖြင့် လဲလှယ်ခဲ့ခြင်းကြောင့် “ပျူနိုင်ငံမှာ ငွေဒင်္ဂါးသုံးကြသည်”ဟု ဖန်ချော့က ရေးမှတ်ထားခဲ့ခြင်း ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ ထန်မင်းဆက် သမိုင်းသစ်တွင်မူ ရွှေငွေဖြင့် ဒင်္ဂါးသွန်းလုပ်ထားကြောင်း၊ အမည် အားဖြင့် “တဲ(င်)ကျီး-ယား-ထော်”ဖြစ်ကြောင်း၊ လခြမ်းပုံကဲ့သို့ ဖြစ်ကြောင်း ဖော်ပြထား၏။ “တဲ(င်)ကျီး-ယား- ထော်”၏ ရှေးဟောင်းဖတ်သံသည် Tang-gia-da ဖြစ်သည်။ *da ဟူသော ဝေါဟာရ၏ အနက်အဓိပ္ပာယ်ကို မသိနိုင်သော်လည်း *Tang-g'ia ဟူသည် သက္ကဋဘာသာစကား tahka (ဋင်္က)ကို အသံလှယ်ထားကြောင်း ထင်ရှား၏။ ထိုဝေါဟာရသည် ယခု မြန်မာဝေါဟာရ “ဒင်္ဂါး”၏ အရင်းအမြစ်တည်း။ “လခြမ်းပုံ” SHAPED LIKE THE HALF MOON ဟူသည် အမှန်တကယ် “လခြမ်းပုံ”မဟုတ်၊ ငွေပြားအပေါ် သီရိဝစ္ဆေထဲက အစိတ်အပိုင်းကို ရည်ညွှန်း၏။ မြင်ဖူးကိုင်ဖူးသောသူက ရေလည်အောင် မပြောတတ်သဖြင့် “လခြမ်းပုံ” ပါသည်ဟု ဆိုရာမှ မှတ်သူက “လခြမ်းပုံကဲ့သို့ ဖြစ်သည်”ဟု လွဲချော်မှားယွင်းစွာ မှတ်ယူခဲ့တန်ရာသည်။ ချင်းမင်းဆက် ပညာရှင်တစ်ဦးက “ငွေ”ကို ဆန်းစလသဏ္ဌာန် ကြံကြံဖန်ဖန် ရေးဆွဲထားလိုက်၏။ ယခုခေတ် ပညာရှင် အချို့လည်း ထန်မင်းဆက် သမိုင်းသစ်လာ “လခြမ်းပုံ” ဒင်္ဂါးကို ပေါ့ပေါ့တန်တန် အတည်ယူထားသည်။ ငွေပြားအဝိုင်းကို မမြင်ဖူးခြင်းကြောင့် ဖြစ်၏။

ထိုငွေပြားများသည် မြန်မာနိုင်ငံ ပြည်မအတွင်းသာမဟုတ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ် အပြင် ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားအထိ တွေ့ရှိထားသဖြင့်၊ ထိုငွေပြားများသည် ကမ္ဘောဒီးယားသို့ ပေါက်သော ကုန်းလမ်းကုန်သွယ်ရေး လမ်းကြောင်း၊ တစ်လျှောက် ရှိနေကြောင်း သိရ၏။ ထို့ကြောင့် ထိုငွေပြားသည် ကြေးငွေ အဖြစ် သုံးခဲ့ပါသလော၊ သို့မဟုတ် လည်ဆွဲတန်ဆာ သက်သက်သာ ဖြစ်သလော ဟူသော အချက်ကို ဆက်လက်လေ့လာရန် လိုသေးသည်ဟု ကျွန်တော်ယူဆမိသည်။

ပသီနှင့် ဗြဟ္မဏများ

[ပြင်ဆင်ရန်]

ခရစ်နှစ် ကိုးရာစုမှ တစ်ဆယ့်သုံးရာစုအထိ တရုတ်မှဖမ်၊ အသီးသီးတို့တွင် Po-ssu (ပါရှ)ဟူသော ဝေါဟာရကို တွေ့ရ၏။ ထို့ကြောင့် ဤရာစု နှစ်ဦးမှစ၍ ပညာရှင်တို့က ဤ Po-ssu ဟူသော ဝေါဟာရ ပြဿနာကို ကိုင်တွယ်သည့်အခါ၊ အာရှတိုက်အနောက်ပိုင်းရှိ ပါရှ (Po-ssu of WESTERN ASIA) နှင့် အရှေ့တောင် အာရှရှိ ပါရှ (Po-ssu OF THE SOUTH SEAS) ဟူ၍ ခွဲခြားလာတော့၏။ အရှေ့တောင်အာရှရှိ ပါရှ ၏ တည်နေရာကို ရှာကြံရာ ပြင်သစ် အရှေ့တိုင်းပညာရှင် GABRIEL FERRAND က "ပါရှ"နှင့် အသံထွက် နီးစပ်သမျှသော နေရပ်ဒေသကို အရှေ့တောင်အာရှရှိ “ပါရှ" (Po-ssu OF THE SOUTH SEAS) ဖြစ်ပေမည်ဟု ကြံဆခဲ့သည်။ အမှန်ကား မန်ရှူးကျမ်း၊ တရုတ်မှတ်တမ်းလာ Possu (ပါရှ)သည် ဒေသအမည် အစစ်မဟုတ်ဘဲ မလေးကျွန်းဆွယ်တလျှောက် ဆိပ်ကမ်းမြို့ အသီးသီးမှာ စုရုံးနေကြသော ပါရှကုန်သည် သဘောသားများသာတည်း။ သူတို့က တရုတ်နိုင်ငံသို့ တင်ပို့လာသော အချို့ပစ္စည်းများ အထူးသဖြင့် ပါရှမှာမရှိ၊ အရှေ့တောင်အာရှမှာသာ ရှိသော ပစ္စည်းများကို တရုတ်တို့က “တောင်ပိုင်း ပင်လယ်ရှိပါရှနိုင်ငံ” (အရှေ့တောင်အာရှရှိ ပါရှ)မှ ထွက်သော ပစ္စည်းများဟု ထင်မှားခဲ့၏။

ထို့ကြောင့် အရှေ့တောင်အာရှရှိ ပါရှ၏ တည်နေရာကို ရှာကြံခြင်းသည် အချည်းနှီးသာဖြစ်ပေလိမ့်မည်ဟု ယူဆရသည်။ တရုတ်တို့ တွေ့ထိခဲ့သော ပါရှသားမှာ နှစ်မျိုးနှစ်စားရှိ၏။ တစ်မျိုးသည် အရှေ့တောင်အာရှ ထွက်ကုန်ပစ္စည်း မသိကျွမ်းသော ပါရှသား၊ အခြားတစ်မျိုးကား အရှေ့တိုင်းတစ်ခွင်သို့ အခေါက်ပေါင်းများစွာ ရောက်ခဲ့၊ ဒေသထွက်ကုန်အကြောင်းကိုလည်း ကောင်းစွာ သိကျွမ်းနားလည် တရုတ်တို့ အကြိုက်ကိုလည်း သိသော ပါရှသား ဖြစ်ကြသည်။ ထို့ကြောင့် ပါရှမှ တိုက်ရိုက်လာသော ပါရှသားတို့က မသိ၊အရှေ့တောင်အာရှမှာ အနေကြာခဲ့သော ဒေသထွက်ကုန် အကြောင်းကို သိကျွမ်းသောပါရှသားတို့ သယ်ဆောင်လာသော ပစ္စည်းများကို တရုတ်တို့က “တောင်ပိုင်းပင်လယ် ပါရှထွက်ကုန်”ဟု ခေါ်တွင်လာသည်။ ဤသို့ဖြင့် “တောင်ပိုင်းပင်လယ် (အရှေ့တောင်အာရှ)”မှာ သီးခြားပါရှ ရှိသလိုလို ဖြစ်လာပါတော့သည်။

မင်(င်)မင်းဆက်သမိုင်းမှာ ဤ Po-ssu (ပါရှ)ဟူသော ဝေါဟာရ ပြဿနာနှင့် ခပ်ဆင်ဆင်သော သာဓကတစ်ရပ် ရှိ၏။ မွန်တို့ နယ်မြေသည် FARANGI (ပေါ်တူဂီ)တို့နှင့်နယ်မြေ ဆက်စပ်ကြောင်း ဖော်ပြပါရှိသည်။ ဤကား သံလျင်၊ မုတ္တမ၊ တနင်္သာရီမှစ၍ မလေးကျွန်းဆွယ်အထိ ပေါ်တူဂီသားတို့ စုရုံးရာအရပ်နှင့် နီးကပ်ကြောင်း ရည်ညွှန်းသည်။

ထို့ကြောင့် ဤကောက်နှုတ်ချက်ထဲမှာ ပါရှိသော Po-ssu ကို ကျွန်တော်က “ပသီ”ဟု ဘာသာပြန်ထားလိုက်၏။ အမှန်ပြောရလျှင် Po-ssu ဟူသော ဝေါဟာရသည် ပါရှသားကိုသာ ရည်ညွှန်းသည်မဟုတ်၊ အာရေဗျသားလည်း ပါဝင်သည်။ တစ်နည်းအားဖြင့်ဆိုရသော် ပါရှသား၊ အာရေဗျသား ကုန်သည် သင်္ဘောသားများ စုရုံးရပ်နားကြသောကမ်းခြေဒေသ၊ မလေးကျွန်းဆွယ် တစ်လျှောက်ကို ဆိုသည်။ ဗြဟ္မဏ ဟူသော ဝေါဟာရကို မန်ရှူးကျမ်း အခန်း (၆)မှာလည်း တွေ့ရ၏။ အိန္ဒိယတိုင်းသားကို ရည်ညွှန်းသည်။ တစ်နည်းအားဖြင့် အိန္ဒိယတိုင်းသား စုရုံးနေထိုင်ရာ မုတ္တမကွေ့ ကမ်းခြေတစ်လျှောက်ကိုဆိုလိုသည်။

ကောက်နှုတ်ချက် ၂

[ပြင်ဆင်ရန်]

မန်ရှုကျမ်း အခန်း (၁၀) (နန်စောနှင့် နယ်မြေ ဆက်စပ်သော နိုင်ငံများအကြောင်း)တွင် ...

ယယ့်ပန့်နိုင်ငံ။ ။ ထိုဒေသသည် အရိုင်းတို့၏ နယ်ခြားဒေသ ချန်း(င်)ဝမ့်(င်) [အနီးအနား ?] တွင် တည်ရှိ၏။ အရှေ့မြောက်ဘက်တွင် လိရွှေမြို့ ချိုင့်ဝှမ်းနှင့် ခြားနားထားသည်။

ထိုမျိုးနွယ်စုထဲက အမျိုးသမီးများသည် တစ္ဆေသရဲ [? နတ်] တို့နှင့် စကားပေါက်၏။ ဒေသခံ အကြီးအကဲများက ထိုအမျိုးသမီးကို လေးစားစွာ ယုံကြည်သည်။ မိမိတို့ ကံကြမ္မာ မည်သို့ဖြစ်မည်ကို သိလိုသဖြင့် မျိုးနွယ်စု အသီးသီးက ပုဂ္ဂိုလ်တို့သည် ရံဖန်ရံခါ ရွှေဖြင့် ဝယ်ယူထားလိုက်၏။ ၎င်းတို့၏ နယ်စပ်သည် လိရွှေ (ဧရာဝတီမြစ်)နှင့် နီးကပ်သည်။

(နန်စော) အရိုင်း သောင်းကျန်းသူ များသည် ထိုဒေသကို တိုက်ခိုက်ခဲ့သော်လည်း မအောင်မြင်သောကြောင့် ယနေ့ထက်တိုင် အခဲမကျေကြချေ။

သုံးသပ်ချက် ၂

[ပြင်ဆင်ရန်]

ဤ“ယယ့်ပန့်” ဟူသော နေရပ်သည် သေးငယ်သော အရပ်ဒေသ တစ်ခုသာဖြစ်သည်။ ထန်မင်းဆက် သမိုင်းသစ် ပျူနိုင်ငံမှတ်တမ်းမှာ ပျူတို့ ထင်ရှားကျော်ကြားသော“မြို့ငယ်” ၃၂ ခု စာရင်းတွင် “ယယ့်ပန့်” ပါရှိ၏။ သို့ရာတွင် တည်နေရာကို မဖော်ပြထားချေ။ အထက်ပါ ကောက်နှုတ်ချက်တွင် ယယ့်ပန့်၏ တည်နေရာကို အတိအကျမပြထားသော်လည်း ယခု ဗန်းမော်အနီးအပါးတွင် တည်ရှိကြောင်း ထင်ရှားသည်။ ချန်း(င်)ဝမ့်(င်)ကို ယခု ဗန်းမော်၊ လိရွှေမြို့ကို ယခု ဝိုင်းမော်ဟူ၍ ဆရာကြီး လုစ်က ဖော်ထုတ်ခဲ့ပြီဖြစ်၏။ ယယ့်ပန့်၏ ရှေးဟောင်းဖတ်သံသည် ia-puan [တစ်နည်းအားဖြင့် Ja-puan (ယာ ပု-အန်)] ဖြစ်သည်။ ထိုအမည်၏ ရှေးဟောင်း အသံထွက်ကို လေ့လာခြင်းအားဖြင့် ထိုဒေသသည် ပုဂံခေတ် မြန်မာကျောက်စာလာ ယင့်ပည်နှင့် ထပ်တူဖြစ်တန်ရာသည်။ ယယ့်ပန့်သည် ယခု ဗန်းမော်အနီးရှိ ရွှေဂူပင်လောဟု တွေးထင်ဖွယ်ရှိသည်။ ခရစ်နှစ် ၇၆၂-၃ ခုနှစ် အတွင်း ကော်လော်ဖဲင့် စစ်ခင်းသည့်အခါ၊ ယယ့်ပန့်ကိုကျော်ဖြတ်ခဲ့ဖူးသော်လည်း တောနက်ထဲရှိ ယယ့်ပန့်သို့ မဝင်ရောက်နိုင်ခဲ့ချေ။


ကောက်နှုတ်ချက် ၃

[ပြင်ဆင်ရန်]

(ထိုသူတို့သည်) နားကြီးနိုင်ငံနှင့် အဆက်အသွယ် ရှိ၏။ (နန်စော) အရိုင်းတို့သည်လည်း ထိုသူများတို့နှင့် ခင်မင်ရင်းနှီးကြသည်။ သံတမန်ဆက်သွယ်မှု ရှိကြ၏။

ဟူ၍ ဖော်ပြထားသည်။

သုံးသပ်ချက် ၃

[ပြင်ဆင်ရန်]

နားကြီးနိုင်ငံဟူသည် ကန္တူ (ကန္တူး = ကဒူး)ကို ရည်ညွှန်း၏။ မြန်မာကျောက်စာလာ “ကန္တူငနားကြီး” နှင့် ထပ်တူဖြစ်ပေမည်။ ထိုသူ၏ ရှေးဟောင်းနေရပ်သည် ဥရုချောင်းဒေသတလျှောက် ဖြစ်တန်ရာသည်။ ခရစ်နှစ် ၁၇ ရာစုတွင် တကောင်းသည် သူတို့၏အချက်အချာဒေသ ဖြစ်လာသည်။

ကောက်နှုတ်ချက် ၄

[ပြင်ဆင်ရန်]

မန်ရှူးကျမ်း အခန်း (၂) (တောင်တန်း မြစ်ချောင်း အကြောင်း)တွင် ဧရာဝတီမြစ်အကြောင်းကို ဖော်ပြထားသည်။

လိရွှေကို လုပေးမြစ် ဟူ၍လည်း ခေါ်၏။ (တိဗက်) လာဆာမြို့ စန်းဝေတောင်ခြေမှ မြစ်ဖျားခံသည်။ တောင်ဘက်သို့ စီးဆင်းလာရာ၊ လိရွှေမြို့ အနောက်ဘက်ကို ကျော်လွန်လာ၏။ ထို့နောက် တောင်ဘက်သို့ စီးဆင်း လာရာ ချန်း(င်)ဝမ့်(င်)မြို့သို့ ရောက်သည်။ ထို့နောက် အရှေ့တောင်ဘက်တွင် တောက်ရွှမ်း(င်)ချိုင့်ဝှမ်း၊ တောက်ဝုချိုင့်ဝှမ်းကို ကျော်ဖြတ်လာ၏။ အနောက်ဘက်တွင် မီနောတောက်လိသစ်တပ်ကို ကျော်ဖြတ်လာ၏။ ထို့နောက် အနောက်ဘက်တွင် မီနော့မြစ် နှင့် ပေါင်းဆုံ၍ ပျူနိုင်ငံ (မြို့တော် သို့မဟုတ် အချက်အချာဒေသ)ကို ကျော်ဖြတ်လာ၏။ တောင်ဘက်တွင်ပင်လယ်ထဲသို့ စီးဝင်သွားတော့သည်။

သုံးသပ်ချက် ၄

[ပြင်ဆင်ရန်]

ဤအပိုဒ်တွင် မြစ်ကြီးနှစ်သွယ်၏ အမည်ကို ပြထား၏။ လိရွှေသည် ဧရာဝတီမြစ်ဖြစ်၍ မီနာ့မြစ်သည် ချင်းတွင်းမြစ် ဖြစ်သည်။ မီနာ့၏ ရှေးဟောင်းဖတ်သံသည် Mjie-Nak ဖြစ်၏။ မြန်မာဝေါဟာရ “မ္လစ်နက်” [MLAC-NAK]နှင့် နီးစပ်၏။ ပုဂံခေတ် ခေတ်ပြိုင် တရုတ်မှတ်တမ်း တစ်စောင်မှာလည်း ချင်းတွင်းမြစ်ကို “မြစ်နက်” [HEI-SHUT (BLACK RIVER)] ဟု ဖော်ပြထားသည်။ မီနာ့၏ ရှေးဟောင်းဖတ်သံသည် ရှေးဟောင်းမြန်မာအသံထွက် MLAC-NAK နှင့် နီးစပ်သော်လည်း ထိုအမည်ကို မြန်မာတို့ပေးခဲ့သောအမည်ဟု မမှတ်ယူသင့်ချေ။ ရှေးဦးမြန်မာတို့နှင့် ဘာသာစကားအားဖြင့် နှီးနွယ်သောမျိုးနွယ်စုတစ်စု ခေါ်တွင်ခဲ့သောအမည် ဖြစ်တန်ရာသည်။

ဤအပိုဒ်ကို လေ့လာခြင်းအားဖြင့် ထန်မင်းဆက်သမိုင်းသစ်လာ ပျူတပ်မြို့ကိုးမြို့ စာရင်းထဲက တစ်မြို့ဖြစ်သော “မီနော့တောက်လိ” [ရှေးဟောင်းဖတ်သံ MJIE NAK DAU: LIAP] ၏ တည်နေရာကို ခန့်မှန်းနိုင်ပြီ ဖြစ်၏။ မီနော့တောက်လိ သစ်တပ်ကို ယနေ့ မြင်းခြံကမ်းနား အနီးတဝိုက်ဖြစ်ကြောင်း ပါမောက္ခ လုစ် သတ်မှတ်ထားခဲ့ပြီဖြစ်သည်။ မီနော့တောက်လိမြို့သည် ယခု နွားထိုးကြီးမြို့ အရှေ့ဘက် ငါးမိုင်ခန့်အကွာရှိ ဘုရားကြီးရွာအနီး မြို့ဟောင်းရာ ဖြစ်ပေလိမ့်မည်။ ထိုမြို့ဟောင်းရာကို ဆရာဦးအောင်မြင့်က “ဝတီးမြို့ဟောင်း”ဟု အမည်ပေးထားသည်။

ထန်မင်းဆက် တရုတ်တို့က ဧရာဝတီကို “လိရွှေ” (လှပသောမြစ်/ မြစ်လှ)ဟုခေါ်တွင်ခဲ့၏။ နောင်အခါတွင် မြန်မာတို့က ဧရာဝတီမြစ်၏ မြစ်လက်တက် တစ်ခုကို “ရွှေလီ”ဟု ခေါ်တွင်လာသည်။

ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် ပေါင်းဆုံ၍ တောင်ဘက်သို့ စီးဆင်းလာရာ “ပျူတို့၏ အချက်အချာကို ကျော်ဖြတ်၍ ပင်လယ်ထဲသို့ စီးဝင်သွားကြောင်း” ဟူသောအချက်ကို ကြည့်ခြင်းအားဖြင့် ခရစ်နှစ် ရှစ်ရာစုနှင့် ကိုးရာစုအတွင်းက ပျူမြို့တော်သည် သရေခေတ္တရာသာ ဖြစ်ကြောင်း ထင်ရှားသည်။

ကောက်နှုတ်ချက် ၅

[ပြင်ဆင်ရန်]

မန်ရှူးကျမ်း အခန်း (၂)တွင် ဧရာဝတီမြစ်အကြောင်းကို ဖော်ပြထားပြီးနောက် ဆက်လက်၍ ချင်းတွင်းမြစ်အကြောင်းကို အောက်ပါအတိုင်း ဖော်ပြထားသည်။

မီနော့မြစ်သည် လိရွှေ (ဧရာဝတီမြစ်) အနောက်ဘက်မှာ ရှိ၏။ အနောက်မြောက်ဘက်ရှိ ဗြဟ္မဏငယ်နိုင်ငံ (မဏိပူရ)မှ မြစ်ဖျားခံသည်။ တောင်ဘက်သို့ စီးဆင်းလာရာ ထီ-ယယ်(န်)ယယ့်ကျွီး ချိုင့်ဝှမ်း ကို ကျော်ဖြတ်၏။ ထို့နောက် အရှေ့တောင်ဘက်သို့ တိုးမီကျီး- ယားသစ်တပ် အထိ ရောက်သည်။ မြစ်ကြောခွဲ၍ သစ်တပ်ကို ပတ်၍ စီးဆင်းသည်။ (ထိုသစ်တပ်သည်) သဲသောင်ပြင်မှာ တည်ရှိ၏။ မြောက်ဘက်မှ တောင်ဘက်သို့ လီပေါင်း တစ်ရာရှိ၍ အရှေ့မှအနောက်သို့ လီပေါင်း ခြောက်ဆယ်ရှိသည်။

(ဧရာဝတီမြစ်)နှင့် ပေါင်းဆုံ၍ အရှေ့ဘက်တူရူ စီးဆင်းလာရာ၊ မီရှဲ(န်)နိုင်ငံကို ကျော်ဖြတ်၏။ တောင်ဘက်တွင် ပင်လယ်ထဲသို့ စီးဝင်သွားတော့သည်။

သုံးသပ်ချက် ၅

[ပြင်ဆင်ရန်]

ဧရာဝတီ (လိရွှေ)ကို ဖော်ပြသောအခါ အနောက်ဘက်မှာ မီနာ့မြစ် (ချင်းတွင်းမြစ်)နှင့် ပေါင်းဆုံ၍ ပျူနိုင်ငံ (မြို့တော် သို့မဟုတ် အချက်အချာဒေသ)ကို ကျော်ဖြတ်လာကြောင်း၊ တောင်ဘက်တွင် ပင်လယ်ထဲသို့ စီးဝင်သွားကြောင်းဟု ဆိုထားသော်လည်း ဤနေရာတွင်မူကား ဧရာဝတီမြစ်နှင့် ပေါင်းဆုံ၍ အရှေ့ဘက်တူရူ စီးဆင်းကြောင်း၊ မီချဲ(န်)နိုင်ငံကို ကျော်ဖြတ်ကြောင်း ဖော်ပြထားသည်။

ဖန်ချော့သည် ပညာရှိတစ်ဦး ဖြစ်၏။ ဤသို့ ရှေ့နောက် မညီသောအချက်ကိုရေးခဲ့မည် မဟုတ်တန်ရာ။ အဆင့်ဆင့် ရေးကူးလာရာ ဟောင်းနွမ်းဆုတ်ပြဲနေသော စာမူအဟောင်းကို မသိနားမလည်သူက ပေါ့ပေါ့တန်တန် ထင်သလို ပြင်ထားခြင်း ဖြစ်ပေလိမ့်မည်။ နောက်ဆုံးအပိုဒ်ကို ....

လိရွှေ (ဧရာဝတီ)နှင့် ပေါင်းဆုံ၍ တောင်ဘက်တူရှု စီးဆင်းလာရာ၊ ပျူနိုင်ငံ(အချက်အချာဒေသ)ကို ကျော်ဖြတ်၏။ တောင်ဘက်တွင် ပင်လယ်ထဲသို့စီးဝင်သွားတော့သည် ဟူ၍ ပြင်ဆင်မှသာ မှန်ပါလိမ့်မည်။

မီချဲ(န်)ဟူသည် မွန်ဘာသာစကား လဝီရ်စိင် LBIR-CIK (ဆင်ပင်လယ်/ ဆင်မြစ်)ကို အသံလှယ်ထားသော အမည်ဖြစ်၏။ တော်သမီပထဝီဝင်ကျမ်းမှ BESYNGA, မဟာနိဒ္ဒေသကျမ်းလာ ဝေသုင်္ဂ VESUKGA, ခရစ်နှစ် သုံးရာစုမှ ငါးရာစု တရုတ်မှတ်တမ်းလာ ဖီချီး-ယဲ(န်) နှင့် ခရစ်နှစ် ကိုးရာစု ပါရှမှတ်တမ်းလာ MUSA/ MUSHA နှင့် ထပ်တူဖြစ်သည်။ လွန်ခဲ့သော အခါ၌ ပါမောက္ခ လုစ်သည် မီချဲ(န်)ကို ပဲခူးမှာ သတ်မှတ်ထားခဲ့၏။ မမှန်ပါ။ အရက်သည်မ/ ဝင်းကတွင်ရှိ ဆိပ်ကမ်းမြို့ဟောင်း (ယုတ်စွအဆုံး ခရစ်နှစ်နှစ်ရာစုတွင် ထင်ရှားကျော်ကြားလာခဲ့သော ဆိပ်ကမ်းမြို့ဟောင်း)၊ တိုက်ဂလာ ဟူ၍ လည်းခေါ်၊ ဂေါဠမတ္တိက ဟူ၍လည်း ခေါ်သော ဒေသဖြစ်၏။ ခရစ်နှစ် ၈၃၅ ခုနှစ်တွင် နန်စောတပ်ဖွဲ့သည် ထိုဒေသသို့ လည်း ဆင်းလာခဲ့ပြီး လူနှစ်ထောင်/ သုံးထောင်ကို ဖမ်းဆီး၍ ဧရာဝတီမြစ်ညာသို့ ပို့၍ ရွှေကျင်စေသည်။

ကောက်နှုတ်ချက် ၆

[ပြင်ဆင်ရန်]

မန်ရှုကျမ်း၊ အခန်း (၆) (ယူနန်ဒေသရှိ မြို့ကြီးများအကြောင်း)တွင် နန်စောအနောက်ဘက် နယ်ခြားဒေသမှ ပျူတို့နယ်မြေထဲသို့ ပေါက်သော လမ်းကြောင်းတစ်ပိုင်းကိုဖော်ပြထား၏။

ယွယ်လိမြို့သည် ယုန်ချန်း(င်) မြောက်ဘက်မှာ တည်ရှိ၏။ ချန်(င်)ဖန်(င်) နှင့် ထဲ(င်)ဝမ်း(န်)ကို အုပ်ချုပ်သည်။ ချန်(င်)ဖန်(င်)မြို့ သုံးဘက်သုံးတန်မှာ မြင့်မားသော တောင်တန်းရှိ၏။ လုပေးမြစ်နှင့်နီးကပ်သည်။ ထဲ(င်)ဝမ်း(န်)မြို့တောင်ဘက်မှ မော်စော်လော့မြို့ သို့ ရောက်၏။ အနောက်တောင်ဘက်တွင် လော်ကျွင်းယွှင်မြို့ ရှိသည်။ ထို့နောက် အနောက်ဘက်သို့ လိမြို့သို့ ရောက်၏။ ........ ထို့နောက် အနောက်ဘက်မှာ မန်(င်)မျိုးနွယ်စု” ရှိသည်။

သုံးသပ်ချက် ၆

[ပြင်ဆင်ရန်]

ယွယ့်လီ၏ ရှေးဟောင်းအသံထွက်သည် VAT-LUTE ဖြစ်၏။ ထိုမြို့သည်စိချွမ်းနယ် ယာလုန်(င်) မြစ်ညာမှာ တည်ရှိသော ဝါးလီ ပင် ဖြစ်ပေလိမ့်မည်။ ချန်(င်)ဖန်(င်)မြို့ကို ယခု ပူတဝ် (အင်္ဂလိပ်ခေတ်ကတည်းက မြန်မာပြန် ပထဝီဝင် စာအုပ်ထဲက “ပူတအို”)ဖြစ်ကြောင်း၊ ဆရာကြီး လုစ်က သတ်မှတ်ခဲ့ဖူးသည်။

အထက်ပါ ကောက်နှုတ်ချက်ထဲက “ထဲ(င်)ဝမ်း(န်)”ဟူသော နေရပ်သည် “ထဲ(င်)ချုန်း(င်)”ပင် ဖြစ်၏။ စာမူအဆင့်ဆင့် ရေးကူးရာ၌ လွဲမှားခဲ့ခြင်း ဖြစ်သည်။ ထဲ(င်)ဝမ်း(န်)ကို “ထဲ(င်)ချုန်း(င်)”ဟု ပြင်သင့်၏။ ထဲ(င်)ချုန်း(င်) တောင်ဘက်မှ မော်စော်လော့မြို့သို့ ရောက်ကြောင်း၊ မော်စော်လော့မြို့ အနောက်တောင်ဘက်မှာ လော်ကျွင်းယွှင်မြို့ ရှိကြောင်း ဖော်ပြထားသည်။ ဤအချက်သည် ထန်မင်းဆက် သမိုင်းသစ် ပထဝီဝင်အခန်းမှာ ကောက်နှုတ်ထားသော ကျီ-ယာတန်း၏ခရီးစဉ် မှတ်တမ်းထဲက မရှင်းလင်းသည့်အချက်ကို ဖြည့်စွက်နိုင်ကြောင်း အံ့ဩစွာ တွေ့ရ၏။ မော်စော်လော့မြို့သည် ကျီ-ယာတန်း၏ ခရီးစဉ်မှတ်တမ်းလာ “လော့မြို့” ၊ ထန်မင်းဆက် သမိုင်းဟောင်းလာ “စော်မြို့” နှင့် ထပ်တူဖြစ်သည်။ (ထန်မင်းဆက် သမိုင်းဟောင်းမှာ “မော်”ဟူသောစာလုံးတစ်လုံး ကျကျန်ခဲ့၍ “စော်လော့” ဖြစ်လာသည်။ ထိုနေရပ်သည် ယခုခေတ် ဖန့်(င်) ဖြစ်တန်ရာသည်။

လော်ကျွင်းယွှင်ဟူသော နေရပ်အမည်သည် ထန်မင်းဆက် သမိုင်းသစ်လာ ပျူတို့ထင်ရှားကျော်ကြားသော မြို့ငယ်” ၃၂ ခု စာရင်းမှ လောင်းကျွင်းချီ-ယယ်(န်) နှင့် ထပ်တူဖြစ်သည်။ “ယွှင်” နှင့် “ချီး-ယယ်(န်)”ဟူသော တရုတ်စာလုံးနှစ်လုံး၏ ရှေးဟောင်းဖတ်သံသည် မတမ်းမယိမ်းဖြစ်၏။ ထန်မင်းဆက် သမိုင်းသစ်ကိုသာ ဖတ်လျှင် လော်ကျွင်းချီ-ယယ်(န်)၏ တည်နေရာကို မသိနိုင်။ ကျီ-ယာတန်း၏ ခရီးစဉ်မှတ်တမ်းနှင့် ပေါင်းစပ်မှ ပျူတို့ နယ်မြေမှာရှိကြောင်း သိနိုင်သည်။ ယခု မန်ရှုကျမ်းမှာ ထိုဒေသ၏ တည်နေရာကို အကြမ်းအားဖြင့် ဖော်ပြထားသဖြင့် ကျီ-ယာတန်း၏ ခရီးစဉ်မှာ ဖော်ပြသော အချက်အလက်နှင့် ပေါင်းစပ်လေ့လာသော် လော်ကျွင်းယွှင် သို့မဟုတ် လော်ကျွင်းချီ-ယယ်(န်)သည် ပျူတို့၏ အရှေ့မြောက်ဘက်ပိုင်း နယ်ခြားဒေသမှာ တည်ရှိကြောင်း ထင်ရှားစွာ တွေ့မြင်လာနိုင်သည်။

ထိုထက်အရေးကြီးသော အချက်ရှိ၏။ လော်ကျွမ်းယွှင် အနောက်ဘက်မှာ လိမြို့သို့ ရောက်၏ဟူ၍ မန်ရှုးကျမ်းမှာ ဖော်ပြထားသည်။ ကျီ-ယာတန်း၏ ခရီးစဉ်မှတ်တမ်းနှင့်ပေါင်းစပ်၍ လေ့လာသော် မန်ရှုကျမ်းလာ လိမြို့သည် ကျီ-ယာတန်း၏ ခရီးစဉ်မှတ်တမ်းလာ “ယှီးလိမြို့”၊ ထန်မင်းဆက် သမိုင်းသစ်လာ ပျူ တပ်မြို့ တစ်မြို့ဖြစ်သော ယှီးလိယိမြို့၊ ပျူမင်းသား သုနန္ဒန အုပ်ချုပ်သော ယှီးလိယီမြို့နှင့် ထပ်တူဖြစ်နေကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် မန်ရှူးကျမ်းမှ “အနောက်ဘက်သို့ လိမြို့သို့ ရောက်၏” ဟူသော စာကြောင်းကို “အနောက်တောင်ဘက်သို့ ယှီးလိမြို့သို့ ရောက်၏။” ဟူ၍ ပြင်ဆင်ရမည် ဖြစ်သည်။

မန်(င်)မျိုးနွယ်စု ဟူသည် ရှေးဦးမြန်မာများ ဖြစ်ကြ၏။ “လော်ကျွင်းယွင်”အနောက်တောင်ဘက်မှာ “မန်(င်)မျိုးနွယ်စု” ရှိကြောင်း ဟူသော အချက်သည် ပျူတို့နယ်မြေအတွင်းသို့ ရှေးဦးမြန်မာများ ဝင်ရောက်၍ အတည်တကျ နေထိုင်လျက်ရှိပြီး ဖြစ်ကြောင်း ဖော်ပြထားခြင်း ဖြစ်သည်။

ကောက်နှုတ်ချက်ထဲက လမ်းကြောင်းကို ယခုခေတ် နေရပ်အမည်ဖြင့် ပြရမည်ဆိုလျှင် ထဲ(င်)ချုန်(င်) [မိုးမျည်း] တောင်ဘက်မှ ကျဲဖန့်(င်)သို့ ရောက်လာ၏။ ကျဲဖန့်(င်)မှ အနောက်တောင်ဘက်သို့ လားသော် ယခု ဝမ်(န်)တိန် WAN-TING/ ကျူကုတ် KYU-KOK အနောက်တောင်ဘက် NAM-HPAKKA သို့ ရောက်လာသည်။ ထိုမှတစ်ဆင့်သီပေါသို့ ရောက်လာသည်။

နိဂုံး

[ပြင်ဆင်ရန်]

ပျူနိုင်ငံအကြောင်းနှင့် သက်ဆိုင်သော တရုတ် အထောက်အထားများအနက် ထန်မင်းဆက် သမိုင်းသစ် ပျူနိုင်ငံ မှတ်တမ်းထဲမှာ ဖော်ပြထားသော အကြောင်းအရာ၊ အချက်အလက်များသည် အများဆုံးဟု ဆိုနိုင်သော်လည်း မရှင်းလင်း၊ မပေါ်လွင်သောအချက်အချို့ကို ဖော်ထုတ်ရန် မန်ရှုကျမ်းမှ အထောက်အကူ ရနိုင်၏။ မန်ရှုကျမ်းမှာဖော်ပြထားသော အချက်အလက်အချို့၊ အထူးသဖြင့် နန်စောနှင့် ပျူတို့ဒေသအကြားရှိ မျိုးနွယ်စုများအကြောင်းကို ထန်မင်းဆက်သမိုင်းသစ် ပြုစုသူတို့ကတစ်ဆင့် ကူးယူထားကြောင်း လေ့လာတွေ့ ရှိသည်။ မန်ရှုကျမ်းပြုစုသူ ဖန်ချော့ စုဆောင်းထားသော အကြောင်းအရာ၊ အချက်အလက်များသည် အထူးသဖြင့် ရှေးဟောင်း မြန်မာ့သမိုင်းနှင့် သက်ဆိုင်သောအကြောင်းအရာ၊ အချက်အလက်များသည် အခြားခေတ်ပြိုင် မှတ်တမ်းများမှာ တွေ့နိုင်ရန်ခဲယဉ်း၏။ ထို့ကြောင့် ပုဂံခေတ်မတိုင်မီ မြန်မာ့သမိုင်းကို လေ့လာလိုသော သမိုင်းသုတေသီများသည် မန်ရှုကျမ်းကို ဖတ်ရှုလေ့လာပါရန် တိုက်တွန်းပါသည်။

အကိုးအကား

[ပြင်ဆင်ရန်]

မန်ရှူးကျမ်းလာပျူနိုင်ငံ၊ ဦးရည်စိန်။ ကျမ်းပြီးနှစ် ၁၉၉၃ ခု၊ ဇူလိုင်လ (၆)ရက် (အင်္ဂါနေ့)၊ နံနက် မြန်မာစံတော်ချိန်၀၈း၁၅ နာရီ

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]