မန်ချူးရီးယား

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
မန်ချူးရီးယား

မန်ချူးရီးယားသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံပိုင် ပြည်နယ်တစ်ခုဖြစ်၍ တရုတ်နိုင်ငံ၏ အရှေ့မြောက်ဖက်အစွန်တွင် တည်ရှိသည်။ မန်ချူးရီးယားဟူသည်ကား မန်ချူးတို့၏ ဌာနီဟုအဓိပ္ပါယ်ရကာ အမေရိကန်နှင့် ဥရောပတိုက်သားတို့က ခေါ်ဝေါ်သောအမည် ဖြစ်ပေသည်။ မန်ချူးလူမျိုးတို့သည် တရုတ်ပြည်ကို ၁၉၁၁ ခုနှစ်တိုင် နှစ်ပေါင်း ၃ဝဝ ကျော် အုပ်စိုးသွားသူများဖြစ်ကြ၏။ ဂျပန်တို့သိမ်းပိုက်ပြီးသည်နောက်တွင် မန်ချူးရီးယားကို မန်ချူးကိုးဟု ပြောင်းလဲခေါ် ဝေါ်သည်။ အဓိပ္ပါယ်မှာ မန်ချူးတို့၏ ဌာနီပင် ဖြစ် ၏။တရုတ်လူမျိုးတို့ကမူ အရှေ့တောင်ပိုင်းဒေသဟု အဓိပ္ပါယ်ရသော ထွန်ပေ ဟူသော အမည်ဖြင့် ခေါ်ဝေါ်လေသည်။ မန်ချူးရီးယားသည် တရုတ်နိုင်ငံနှင့် တောင်များဖြင့် ဆီးတား ခြားနားလျက်ရှိသည်။ သယံဇာတပစ္စည်းများ ကြွယ်ဝသောကြောင့် အိမ်နီးချင်း နိုင်ငံများဖြစ်သော ရုရှနှင့် ဂျပန်တို့သည် မန်ချူးရီးယားကိုမျက်စောင်းထိုးလျက်ရှိကာ ပိုင်ဆိုင်မှုအတွက် ရုရှ၊ တရုတ်တို့အချင်းပွားကြရပေသည်။ ထို့ကြောင့် ကမ္ဘာအရှေ့ဖျား သမိုင်းတွင် အရေးပါ ထင်ရှားသော ပြည်နယ်ဖြစ်၏။

မန်ချူးရီးယား ပြည်နယ်သည် အကျယ်အဝန်းအားဖြင့် ၅ဝ၃, ဝ၁၃ စတုရန်းမိုင်းရှိ၍ တရုတ်နိုင်ငံ စုစုပေါင်း အကျယ်အဝန်း၏ ၈ မိုင် ၁ ပိုင်း ဖြစ်သည်။ မန်ချူးရီးယား ပြည်နယ်သည် မြေဩဇာကောင်းသော မြေပြန့်ဖြစ်၍ တောင်ကြီး တောင်ငယ်နှင့် မြစ်ပင်လယ်တို့ဖြင့် ပတ်ရံလျက်ရှိသည်။ တည်နေရာအားဖြင့်သော်ကား အရှေ့နှင့် အရှေ့တောင်ဖက်တွင် ကိုရီးယားနိုင်ငံ၊ မြောက်ဖက်တလွှားတွင် ရုရှဆိုက်ဗီးရီးယား၊ အနောက်မြောက် ယွန်းယွန်းတွင် မွန်ဂိုးလီးယား၊ အနောက်တောင်ဖက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တောင်ဖက်တွင် ပင်လယ်ဝါတို့ဖြင့် ပတ်ရံလျက် ရှိသည်။ ယာလူးမြစ်သည် ကိုရီးယားနိုင်ငံနှင့် မန်ချူးရီးယားပြည်နယ်ကို ပိုင်းခြားထား၍ အထက်တွင် အာမူးမြစ်သည် ဆိုက်ဗီးရီးယားနှင့် မန်ချူးရီးယား ပြည် နယ်၏ ရုံးစိုက်မြို့တော်မှာ မုကဒင်မြို့ဖြစ်၏။ အခြား မြို့ကြီးများကား ဒိုင်ရင်၊ ပို့အာသာ ၊ ကီရင်တို့ ဖြစ်လေသည်။မန်ချူးရီးယား ပြည်နယ်သည် မြေပြန့်လွင်ပြင်ကြီးဖြစ်၍ တစ်သီးတစ်ခြား တည်ရှိသော တောင်တန်းကြီး ၃ ခုဖြင့်ဝန်းရံလျက်ရှိသည်။ မြေပြန့် လွင်ပြင်တွင် အပိုင်း ၃ ပိုင်းရှိ၏။ မြို့ကြီးပြကြီးများနှင့် လယ်ယာစိုက်ပျိုးရေးအတွက် အကောင်းဆုံးဒေသတို့သည် တောင်ပိုင်းတွင် တည်ရှိသည်။ မြောက်ပိုင်းသည် မြက်ခင်းပြန့်ကြီး ဖြစ်ပြီးလျှင် တတိယပိုင်းဖြစ်သော အရှေ့ဖက်သည် တောင်ကြားဒေသဖြစ်၍ အရေးမပါလှပေ။ မန်ချူးရီးယား ပြည်နယ်၏ အနောက်ဖက်တွင် ခင်ဂန် တောင်တန်းသည် အဆက်မပြတ်သလောက်ပင် တောက်လျှောက် သွယ်တန်း၍ တည်ရှိသည်။ ထိုတောင်တန်းသည် မန်ချူးရီးယား ပြည်နယ်ကို မွန်ဂိုးလီးယားမှ ပိုင်းခြားလိုက်လေသည်။

ထိုတောင်တန်းအပြင် မန်ချူးရီးယား ပြည်နယ်၏ မြောက်ဖက်တွင် မွန်ဂိုးလီးယားမှ စတက်လွင်ပြင် တစ်စိတ်တစ်ဒေသလည်း တည်ရှိသည်။ မန်ချူးရီး ယားပြည်နယ်၏ မြောက်ဖက်အစွန်းတွင် ခင်ဂန် တောင်တန်းကြီးသည် အရှေ့တောင်ဖက်သို့ ချိုးဆင်း သွားပြီးလျှင် ခင်ဂန် တောင်ကလေးများဟု တွင်လာ သည်။ တတိယ တောင်တန်းဒေသသည် ပြတ်တောင်း ပြတ်တောင်းတည်ရှိသောတောင်စဉ်ဖြစ်၍ ပင်လယ်တွင်း၌ ဆက်လက်ပေါ်လာကာ ကွမ်တွန်ပင်လယ် ကျွန်းဆွယ်ဟု တွင်ပေသည်။ ယင်းကို လီယိုတွန် ကျွန်းဆွယ်ဟူ၍လည်းခေါ်ပေသည်။ မန်ချူးရီးယား ပြည်နယ်တွင် အရေးပါသော မြစ်များမှာ လီယို၊ ဟန်၊ ဆွန်ဂါရီ၊ နွန်နီ၊ ယာလူးတို့ဖြစ်၏။ လီယိုနှင့် ဟန် တို့သည် မန်ချူးရီးယားပြည်နယ်၏ အနောက်တောင်ပိုင်းသို့ စီးဆင်း၍ လီယိုတွန် ပင်လယ်ကွေ့တွင်းသို့ စီးဝင်သည်။ နွန်နီနှင့် ဆွန်ဂါရီမြစ်တို့သည် မြောက်ပိုင်းရှိ လယ်ယာခြံမြေများအဖို့ ရေရစေသည်။ ရာသီဥတုအားဖြင့်သော်ကား မန်ချူးရီးယား ပြည်နယ် သည် ဆောင်းအခါတွင် အေးချမ်း၍ လေပြင်းထန်ကာ နှင်းမုန်တိုင်းလည်း ကျတတ်ပေသည်။ မြောက်ပိုင်း တွင် ဆောင်းအခါ၌ တစ်ခါတစ်ရံ သုညအောက် ၄၉ ဒီဂရီ အထိပင် ရောက်သည်။ နွေအခါတွင် မပူလှဘဲ ပျမ်းမျှ ၇၅ ဒီဂရီဖာရင်ဟိုက်ခန့်တွင် တည်သည်။ မိုးနည်းပါး၍ နွေအခါတွင် မိုးရွာလေ့ရှိသည်။ တရုတ်နိုင်ငံတွင် မန်ချူးရီးယား ပြည်နယ်သည် မိမိနယ်၌ လိုသည်ထက် စားနပ်ရိက္ခာ ပို၍ ထွက်သော တစ်ခုတည်းသော ဒေသ ဖြစ်၏။ အခြားအခြားသော ပြည်နယ်များတွင်ကား ထွက် သော စားနပ်ရိက္ခာတို့မှာ မိမိပြည်နယ်တွင်းရှိ လူများအတွက်ပင် မလုံလောက်ဘဲရှိ၏။ မန်ချူးရီးယားပြည်နယ်၌ အဓိက စိုက်ပျိုး သော ကောက်ပင်မှာ ပဲငပိ ပြုလုပ်သော ဆိုယာပဲ (ပဲကျတ်ပျဉ်) ဖြစ်၏။ထိုပဲ၏ ၅ ပုံ ၄ ပုံကို ပဲဆီအဖြစ် လည်းကောင်း၊ ပဲဖတ်အဖြစ် လည်းကောင်း၊ ပဲစေ့အဖြစ်လည်းကောင်း နိုင်ငံခြားသို့ ထုတ်သည်။

မန်ချူးကိုး မြေပုံ

ပဲဆီကို ပေါက်ကွဲတတ်သော ပစ္စည်းများ၊ ဆပ်ပြာနှင့် အခြားလုပ်ငန်းများတွင် အသုံးပြုသည်။ ပဲကျတ်ပျဉ်မှ တစ်ပါးလည်း မန်ချူး လူမျိုးတို့ စားသုံးသော ကေအိုလျန်ခေါ် နှံစားပြောင်းကဲ့သို့သော ကောက်ပင်တစ်မျိုးကိုလည်း အကြီးအကျယ် စိုက်ပျိုးသည်။ အနှံကိုစား၍ အရိုးကို အိမ်မိုးရန် အတွက်လည်းကောင်း၊ ထင်းမီး အဖြစ်လည်းကောင်း အသုံးချနိုင်သည်။ ယင်းတို့အပြင် ဂျုံ၊ မယော၊ ဆေး၊ဝါဂွမ်းနှင့် ပိုက်ဆံလျှော်ပင်တို့ကိုလည်း စိုက်ပျိုး သည်။ စက်မှုလက်မှု လုပ်ငန်းကြီးပွားရေးအတွက် အလွန်အရေး တကြီး လိုအပ်သောသံနှင့် ကျောက်မီးသွေးတို့လည်း မန်ချူးရီး ယား ပြည်နယ်တွင် ထွက်သည်။ မုကဒင်မြို့ အနီးရှိ ဖူရှနယ် ကျောက်မီးသွေးတွင်းသည်ကမ္ဘာပေါ်ရှိ ကျောက်မီးသွေးတွင်းများ အနက် ကျောက်မီးသွေးကြော အကြီးဆုံး၊ အထူဆုံး ဖြစ်သဖြင့် ကျော်ကြားလေသည်။ ကျောက်မီးသွေးနှင့် သံအပြင်၊ ရွှေ၊ ကြေးနီ၊ ခဲ၊ သွပ်၊ ကျောက်ဂွမ်း၊ ဒန်၊ မဂ္ဂနီဆိုက်နှင့် မိုလစ်ဒီနမ်တို့လည်း ထွက်သည်။ ပင်လယ်ရေငန်မှဆား ရရှိသည်။ မန်ချူးရီးယား ပြည်နယ်တွင် တရုတ်နိုင်ငံတစ်ခုလုံး၏ စက်မှုလုပ်ငန်း ၄ ပုံ ၃ ပုံ စုဝေး တည်ရှိသည်။


လမ်းပန်း ဆက်သွယ်ရေးနှင့် စပ်လျဉ်း၍ မန်ချူးရီးယားပြည်နယ်ရှိ မြစ်များသည် ကူးသန်းရောင်းဝယ်ရေးအတွက် မကောင်း ပေ။ မန်ချူးရီးယား ပြည်နယ်တွင်ရှိသော လမ်းများမှာ များသော အားဖြင့် ကျဉ်းမြောင်းကြ၏။ သို့သော် မီးရထားလမ်း မိုင်ပေါင်း များစွာရှိသည်။ ဆိပ်ကမ်းမြို့ကြီးမှာ ဒိုင်ရင်ဖြစ်သည်။ ယခုအခါ မန်ချူးရီးယား ပြည်နယ်တွင် နေထိုင်သော လူဦးရေ အနက် ရာခိုင်နှုန်း ၉ဝ မှာ တရုတ်လူမျိုးတို့ ဖြစ်၏။ အစ ပထမတွင် မန်ချူးတို့သည် တရုတ်တို့ မန်ချူးရီးယားနယ်တွင် ပြောင်းရွှေ့နေထိုင်ခြင်းကို တားမြစ်၏။ သို့သော် ၁၇၇၆ ခုနှစ်၌ လာရောက် နေခွင့်ပြုသည်တွင် တရုတ်တို့သည် တရုတ်နိုင်ငံ မြောက်ပိုင်း၌ မဆံ့သောကြောင့် မန်ချူးရီးယား ပြည်နယ်တွင်းသို့ ဝင်ရောက်လာ၏။ ၁၉၂၈ ခုနှစ်က မန်ချူးရီးယား ပြည်နယ်တွင်း သို့ ရက်သတ္တ တစ်ပတ်လျှင် တရုတ်လူမျိုးပေါင်း ၄ဝ,ဝဝဝ ဝင်ရောက်ခဲ့သည်ဟူ၏။ တရုတ်သမ္မတနိုင်ငံ တည်ထောင်ပြီးသော အခါတွင် မန်ချူး လူမျိုးတို့သည် တရုတ်တို့နှင့် လက်ဆက်ကြ ကာ တရုတ်လူမျိုးတို့၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာသည်။ တရုတ် တို့အပြင် မန်ချူးရီးယား ပြည်နယ်တွင် မွန်ဂိုလူမျိုး ၁,ဝဝဝ, ဝဝဝ ခန့် လည်းရှိကာခင်ဂန်တောင်တန်း တစ်လျှောက်တွင် နေထိုင်ကြသည်။ ကိုရီးယား နယ်စပ်တွင်လည်း ကိုရီးယန်း လူမျိုး ၁,ဝဝဝ,ဝဝဝ ခန့်ရှိသည်။မန်ချူးရီးယား ပြည်နယ်တွင်းရှိ လူဦးရေ မှာ စုစုပေါင်း ၃၇,၄၆၁, ဝဝဝ ခန့် ဖြစ်သည်။

မန်ချူးရီးယား ပြည်နယ်သို့ ဘီစီ ၂ဝဝ ခန့်က မွန်ဂိုနှင့် ထွန်ဂူလူမျိုးတို့ လာရောက်နေထိုင်ကြ၏။ တောင်ပိုင်း ကမ်းခြေ တွင် တရုတ်တို့သည် ဩဇာဖြန့်လျက်ရှိ၏။ ခရစ် ၆၆၈ ခုနှစ်တွင် မိုဟိုထွန်ဂူ လူမျိုးတို့သည် ပိုဟိုင်းပြည်ကို တည်ထောင်၏။ ယင်း ကို ခရစ် ၉၂၆ ခုနှစ်တွင် ခိတန်မွန်ဂိုတို့က ဖျက်ဆီးလိုက်သည်။ ၁၁ဝဝ ပြည့် နှစ်ကျော်တွင် ထွန်ဂူ လူမျိုးတို့ ပြန်လည်၍ အာဏာ ရလာ၏။ သူတို့ကို နာချင်မျိုးတူစုက ခေါင်းဆောင်သည်။ နာချင် တို့သည် နောင်သော် မန်ချူးတို့ ဖြစ်လာသည်။ မန်ချူးတို့သည် ခရစ် ၁၆၄၄ ခုနှစ်တိုင်အောင် တရုတ်နိုင်ငံကြီးကို စိုးမိုးအုပ်ချုပ်ခဲ့ပေသည်။ ထိုကာလအတွင်း၌ တရုတ် အများအပြား မန်ချူးရီးယား ပြည်တွင်းသို့ ဝင်ရော်လာ၏။ မန်ချူး လူမျိုးတို့သည် တရုတ်ဘာသာ စကားကို လက်ခံပြောဆိုကြသည်။ တရုတ်နိုင်ငံကို အုပ်စိုးရာ၌ အသုံးပြုသော စစ်တပ်မှ တပ်သားများ ကို မန်ချူးဘုရင်တို့သည် မန်ချူးရီးယားမှ ဖြည့်တင်းခဲ့သည်။ ထိုအခိုက်တွင် အိမ်နီးချင်း နိုင်ငံများ ဖြစ်ကြသော ရုရှနှင့် ဂျပန်နိုင် ငံတို့သည် မြေဆီဩဇာ ကြွယ်ဝဖွံ့ဖြိုးသော မန်ချူးရီးယား ကို မျက်စောင်းထိုးလျက်ရှိ၏။ ရုရှသည် ဆိုက်ဗီးရီးယားကိုဖြတ်၍ မီးရထားလမ်း ဖောက်လုပ်လို၏။ တရုတ်တို့က မန်ချူးရီးယား မြောက်ပိုင်း တစ်စိတ်တစ်ဒေသကိုဖြတ်၍ ဖောက်လုပ်ခွင့်ပြုထား သည်။ ထိုပြင်လည်း ပစိဖိတ်သမုဒ္ဒရာ ကမ်းခြေပေါ်တွင် ရေမခဲသော ဆိပ်ကမ်းတစ်ခုကို ရလို၏။ ၁၈၉၈ ခုနှစ်တွင် တရုတ် နိုင်ငံသည် ရုရှအား ကွမ်တွန်ကျွန်းဆွယ်ကို အနှစ် အစိတ် ငှားရမ်း လိုက်၏။ ဂျပန်တို့သည်လည်း မန်ချူးရီးယားပြည်ကို စိတ်ဝင်စား လျက်ရှိ၏။ ၁၉ဝ၅ ခုနှစ်တွင် ဂျပန်တို့သည် ရုရှ ဂျပန် စစ်ပွဲတွင် အောင်မြင်သောကြောင့် ရုရှတို့၏ အခွင့်အရေး တစ်ခုဖြစ်သော ကွမ်တွန်ကျွန်းဆွယ် ငှားရမ်းခွင့်ကို ရရှိလိုက်ပေသည်။ ဂျပန်တို့ သည် မန်ချူးရီးယား တောင်ပိုင်းမီးရထားလမ်းကို ဖောက်လုပ်ပြီး လျှင် စက်ရုံ၊ အလုပ်ရုံ၊ သတ္တုတွင်းများကို ဖွင့်လေသည်။ သိပ္ပံ နည်းစံနစ်ဖြင့် လယ်ယာစိုက်ပျိုးခြင်းကိုလည်း အားပေသည်။ ၁၉၁၁ ခုနှစ်တွင် တရုတ် တော်လှန်ရေး ဖြစ်ပွားသောအခါ မန်ချူး တို့၏ နောက်ဆုံး ဧကရာဇ်မင်းကို တွန်းလှန် လိုက်၏။ စစ်ဗိုလ်ကြီးများ အုပ်စိုးသော ခေတ်တွင် မန်ချူးရီးယားကို အုပ်စိုး သူမှာ ချန်ဆိုလင် ဖြစ်၏။ ချန်ဆိုလင် အအုပ်အချုပ် အစီအမံ အခန့်အခွဲ ကောင်းသောကြောင့် ဂျပန်တို့က သူ့အား ဖယ်ထုတ်ရန် ဆုံးဖြတ်၏။ ချန်ဆိုလင်၏ နေရာကို သူ၏သား ချန်ရှိုလျှန်က ဆက်ခံသည်။ ချန်ရှိုလျှန်သည် ချန်ကေရှိတ်ခေါင်းဆောင်သော အမျိုးသား အစိုးရသစ်၏ ဖက်တော်သား ဖြစ်၏။ တရုတ်တို့ သည် မန်ချူးရီးယား၌ မီးရထားလမ်းများ ဖောက်လုပ်၍ တိုင်းပြည် တိုးတက် ဖွံ့ဖြိုးအောင် စိုင်းပြင်းလုပ်ဆောင်ကြသည်။ တရုတ်တို့သည် ဗဟိုအစိုးရ ခိုင်မာအောင် ဆောင်ရွက်နေကြောင်း ကို ဂျပန်တို့မြင်လတ်သော် မန်ချူးရီးယားတွင် မိမိတို့ ခြယ် လှယ်နိုင်မည် မဟုတ်ကြောင်းကို သိလေသည်။ ထိုကြောင့် ချန် ်ကေရှိတ် အစိုးရသစ်၏ သက်တမ်း ၃ နှစ် ကာလတွင် ဂျပန်တို့ သည်မန်ချူးရီးယားကို ထိပါးတော့၏။ ဂျပန်တို့ ဖောက်လုပ်နေ သော မီးရထားလမ်းကို စောင့်ကြပ်ရန် ဟူ၍ ဂျပန်စစ်တပ်တစ်တပ်သည် မန်ချူးရီးယားတွင် အတန်ငယ် ကာလကတည်းကပင် ရှိနှင့်ခဲ့ပေသည်။ ဂျပန်တို့သည် ချန်ရှိုလျှန် ပေပင်မြို့တော်သို့ သွားသည် အထိစောင့်ဆိုင်း၏။ သွားသည်ဆိုလျှင်ပင် မန်ချူးရီးယားပြည်တွင်းသို့ ဝင်စီး၏။ တရုတ်နှင့် ဂျပန်တို့၏ စစ်ပွဲသည် စင်စစ်အား ဖြင့် ၁၉၃၁ ခုနှစ်စက်တင်ဘာလ ၁၈ ရက်နေ့တွင် မုကဒင်မြို့၌ စတင်ခဲ့ပေသည်။၁၉၃၂ ခုနှစ်တွင် ဂျပန်တို့သည် မန်ချူးရီးယား ပြည်တွင် မန်ချူးကိုးဟူ၍ အမည်တွင်သော ရုပ်သေးနိုင်ငံတစ်ခု တည်ထောင်သည်။ နောက်ဆုံး မန်ချူး ဧကရာဇ်ကို မင်းမြှောက်တင်၏။ တရုတ်နယ်ဖြစ်သော ဂျီဟောကို ပြည်ထောင်သစ်တွင် သွတ်သွင်း လိုက်၏။ချန်ချွန် မည်သော မြို့ကို ဆင်ကင်ဟူသော အမည်သစ်ကိုပေး၍ မြို့တော်ပြု၏။ ၁၉၃၇ ခုနှစ်တွင် ဂျပန်တို့က တရုတ်နိုင်ငံတွင်းသို့ ဝင်ရောက် တိုက်ခိုက်သောကြောင့် တရုတ်နှင့် ဂျပန်တို့ စစ်ဖြစ်ကြရာ ဂ နှစ်တိုင်တိုင်ပင် ကြာရှည်သည်။ ထိုအတော်အ တွင်း၌ ဂျပန်တို့သည် မန်ချူးရီးယားပြည်တွင်းမှ အဖိုးတန်ရိက္ခာ အထောက်အပံ့ ပစ္စည်းများကို ရရှိခဲ့လေသည်။ ၁၉၄၁ ခုနှစ်တွင် ဂျပန်တို့က အမေရိကန်တို့အပေါ် စစ်ကြေညာသောအခါ တရုတ် - ဂျပန် စစ်ပွဲသည် ဒုတိယ ကမ္ဘာစစ်ကြီး၏ တစ်စိတ် တစ်ဒေသ ဖြစ်လာ၏။ အမေရိကန်တို့သည် မန်ချူးရီးယား ပြည်တွင်းရှိ စက်ရုံ အလုပ်ရုံများကို ဗုံးကြဲ၏။ ဒုတိယ ကမ္ဘာစစ် ပြီးဆုံးသောအခါ မန်ချူးရီးယားပြည်ကို ဆိုဗီယက် တပ်များက သိမ်းပိုက်လိုက်သည်။


၁၉၄၅ ခုနှစ်တွင် ချုပ်ဆိုသော စာချုပ်အရ ဆိုဗီယက် ယူနီယန်သည် မန်ချူးရီးယားပြည်၌ တရုတ်တို့ အချုပ်အခြာအာဏာ ပိုင်ခြင်းကို လေးစားမည်ဟူ၍ ဖြစ်၏။ ယင်းစာချုပ်အရပင် ဆိုဗီ ယက် ယူနီယန်သည် မန်ချူးရီးယားပြည်ရှိ အဓိက ဆိပ်ကမ်းကြီး ၂ ခုဖြစသော ဒိုင်ရင်နှင့် ပို့အာသာတို့တွင် အနှစ် ၃ဝ ငှားရမ်းခွင့် ရမည် ဖြစ်၏။ ပို့အာသာသည် မန်ချူးရီးယားပြည်၏ တစ်ခုတ တည်းသော ရေတပ်စခန်းလည်း ဖြစ်၏။ ထိုထက် ဆိုဗီယက် တို့သည် မန်ချူးရီးယား ပြည်နယ်ရှိ မီးရထားလမ်းအားလုံးကို ချုပ်ကိုင်ထားပေသည်။


ဆိုဗီယက် စစ်တပ်တို့သည် မန်ချူးရီးယားပြည်တွင်းမှ ၁၉၄၆ ခု နှစ်ဦးပိုင်းက ရုပ်သိမ်းသွား၏။ သို့သော် မန်ချူးရီးယားပြည် ရှိ ချက်ကောင်းမြို့ကြီးများကို တရုတ်ကွန်မြူနစ်လက်တွင်းသို့ လွှဲအပ်သွားသည်။ ၁၉၄၈ ခုနှစ် မကုန်မီပင် မန်ချူးရီးယား တပြည်လုံးသည် ကွန်မြူနစ် လက်တွင်းသို့ ရောက်ရှိ၏။ နောက်တနှစ်တွင် မုကဒင်မြို့၌ အရှေ့မြောက်ဖက်အတွက် ပြည်သူ့အစိုးရကို တည်ထောင်ပြီးလျှင် ကွန်မြူနစ်တို့သည် စက်မှုလက်မှု တိုးတက်ရေး လုပ်ငန်းကို စတင် ပြုလုပ်၏။ ကိုရီးယား စစ်ပွဲအတွင်းက တရုတ် ကွန်မြူနစ်တပ်တို့သည် ကုလသမဂ္ဂ စစ်တပ်ကို တိုက်ရာ၌ မန်ချူးရီးယား ပြည်နယ်ကို ခံတပ်ပြုခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် ဆိုဗီယက် ယူနီယန်သည် မန်ချူးရီးယား ပြည်နယ်တွင်းရှိ ရထားလမ်း အားလုံးကို တရုတ် ကွန်မြူနစ် အစိုးရလက်သို့ လွှဲပြောင်းပေးလိုက်လေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)