မနိ

ဝီကီပီးဒီးယား မှ
မနိ (၂၁၆-၂၇၄)

ခရစ်နှစ် သုံးရာစုတွင် ပေါ်ထွန်းခဲ့သူ တမန်တော်မနိ (Mani)(၂၁၆-၂၇၄)သည် ထိုခေတ်အခါက အလွန်နောက်လိုက်နောက်ပါများသည့်၊ ယုံကြည်သူများသည့်ဘာသာရေးခေါင်းဆောင်ဖြစ်သည်။ မက်ဆိုပိုတေးမီယား (Mesopotamia)တွင်ဖွားမြင်ပြီး ထိုစဉ်က ပါရှအင်ပါယာတွင် ပါထန်(Parthian)မင်းဆက် အုပ်စိုးချိန်ဖြစ်သည်။

ဇော်ရော့အက်စတာဘာသာဝင်ဂိုဏ်းငယ်လေးတစ်ခုကို ကိုးကွယ်သည့်မိသားစုမှ ဆင်းသက်လာပြီး နောင်အသက် ၁၂နှစ်အရွယ်မှစကာ အကြားအမြင်များရကာ တမန်တော်အဖြစ်ရရှိလာသည်ဟုဆိုသည်။ အသက် ၂၄နှစ်မှစကာ အယူဝါဒသစ်ကို စတင်ဟောပြောတော့သည်။ ဇာတိဒေသတွင် သူ့အယူမှာ လူကြိုက်များလှသည် မဟုတ်သဖြင့် အိန္ဒိယမြောက်ပိုင်းသို့ ရွေ့ပြောင်းလာပြီး ထိုဒေသမှ မင်းတစ်ပါးကို ဟောပြောသိမ်းသွင်းနိုင်ခဲ့သည်။

ခရစ်နှစ် ၂၇၂တွင် ပါရှသို့ပြန်လာပြီး ဆက်စနစ်အင်ပါယာ ကိုအုပ်ချုပ်နေသည့် ပါရှမင်း ပထမရှာပူရ်(Shapur-I)ကို ချဉ်းကပ်သိမ်းသွင်းနိုင်သဖြင့် အထင်အရှားအသိအမှတ်ပြုခြင်းမခံရသော်လည်း လွတ်လပ်စွာ ဟောပြောခွင့်ရလေသည်။ ဆက်စနစ်ဧကရာဇ်များဖြစ်သည့် ပထမရှာပူရ်(Shapur-I) နှင့် ပထမဟောမိဇ်(Hormizd-I)တို့လက်ထက်များတွင် လွတ်လပ်စွာ ဟောပြောခွင့်ရခဲ့ပြီး ယုံကြည်သူဦးရေ အတော်ပင်များပြားလာခဲ့ပြီး နိုင်ငံခြားဒေသများထိ သာဿနာပြုများစေလွှတ်နိုင်ခဲ့သည်။ သို့သော် ထိုစဉ်က ဆက်စနစ်အင်ပါယာ၏ နိုင်ငံတော်ဘာသာမှာ ဇော်ရော့အက်စတာဘာသာဖြစ်နေပြီးဖြစ်သောကြောင့် ဇော်ရော့အက်စတာဘာသာဝင် ဂိုဏ်းဘုန်းကြီးများ၏ ငြိုငြင်မှုများကို ခံခဲ့ရသည်။ သို့ဖြင့် နောက်နန်းတက်လာသည့်ဧကရာဇ် ပထမဘာရမ်(Bahram-I) လက်ထက် ၂၇၆တွင် ဖမ်းဆီးနှိပ်ကွပ် ခံရသည်။၂၆ရက်တိုင်ပင် ရက်စက်ကြမ်းတမ်းစွာ နှိပ်စက်ညှင်းပမ်းခံရပြီးနောက် တမန်တော်မနိ ကွယ်လွန်ရှာသည်။

မနိရှေအစ်ဇမ်ဝါဒ အကျဉ်းချုပ်[ပြင်ဆင်ရန်]

မနိရှေအစ်ဇမ်ဝါဒတွင် ဗုဒ္ဓယေရှုခရစ် နှင့် ဇော်ရော့အက်စတာ တို့ကို တမန်တော်များအဖြစ် အသိအမှတ်ပြုပြီး ထိုသူများ၏ ဝါဒများထဲမှ ကောင်းနိုးရာရာတို့ကို ပေါင်းစုထားသည်။ သို့သော် အများစုမှာ ဇော်ရော့အက်စထရီယမ်ဝါဒကို မှီငြိမ်းပြီး ထိုဝါဒမှ အကောင်းနှင့်အဆိုးအားပြိုင်သည့် သဘောကိုထုတ်နုတ်ကာ မွမ်းမံပြင်ဆင်ပြီး အများနှင့်ညီအောင် ဟောပြောပို့ချခဲ့သည်။ နိဗ္ဗာန်ကဲ့သို့သော်၊ကောင်းကင်ဘုံကဲ့သို့သော် နယ်ပယ်မျိုးမှာ အထွတ်အထိပ်ရည်မှန်းချက်ဖြစ်သည်။

ကိုယ်ကျင့်တရားအနေဖြင့် အလွန်တင်းကျပ်သည်ဟုဆိုရမည်ဖြစ်သည်။ ခန္ဓာကိုယ်ကိုယ်နှိုက်ကပင် အပြစ်ဖြစ်သဖြင့် ကာမနှီးနှောခြင်းကို မျိုးဆက်ပျံပွားရေးအတွက်ဖြစ်စေကာမူ တင်းကျပ်စွာတားမြစ်သည်။ ထို့အတူ အသားစားခြင်း နှင့် အရက်သေစာမှီဝဲခြင်း တို့ကိုလည်း ပိတ်ပင်သည်။ သို့သော် ထိုတားမြစ်ချက်များမှာ လက်ရွေးစင်လူတစ်စုအတွက်သာဖြစ်ပြီး တရားနာကြားသူ နောက်လိုက်များအတွက်မဟုတ်ဟု ဆိုပြန်သည်။ ထို့ကြောင့် နိဗ္ဗာန်သို့ ရောက်ရာတွင် လက်ရွေးစင်လူစုမှာ အမြန်ရောက်နိုင်ပြီး နောက်လိုက်တို့မှာ ကာလကြာရှည်မှသာရောက်နိုင်သည်ဟု အဆိုရှိသည်။

ဖြတ်သန်းမှု သမိုင်း[ပြင်ဆင်ရန်]

မနိသက်ရှိထင်ရှားရှိစဉ်ကပင် သူ၏ဝါဒမှာ အလွန်အောင်မြင်သောအနေအထားရှိနေခဲ့ပြီဖြစ်သည်။ ပါရှအင်ပါယာနှင့် အိန္ဒိယမြောက်ပိုင်းတွင်ပင် ယုံကြည်သူအများအပြားရှိနေပြီး ကွယ်လွန်ပြီးနောက်တွင်လည်း ဆက်လက်ပျံပွားခဲ့သည်။ အထွတ်အထိပ်ရောက်သည့် လေးရာစုဝန်းကျင်တွင် အနောက်ဘက် စပိန် မှ အရှေ့ဘက် တရုတ်၊ထိုင်ဝမ် ဒေသများအထိ ရောက်ရှိသွားပြီး နောက်ပိုင်းတွင် ရောမအင်ပါယာ၏ နိုင်ငံတော်ဘာသာဖြစ်သည့် ခရစ်ယာန်ဘာသာအတွက် အဓိကကျသော ခြိမ်းခြောက်မှုကြီးဖြစ်လာခဲ့သည်။ (စိန့်ဩဂတ်စတင်း ပင်လျှင် မနိဘာသာဝင်အဖြစ် ၉နှစ်နေထိုင်ခဲ့ဖူးသည်။) ထို့ကြောင့် ရောမအင်ပါယာ၏ အပြင်းအထန်နှိပ်ကွပ်မှုခံရပြီး ၆၀၀ခုနှစ်ဝန်းကျင်မှစပြီး အနောက်ဘက်တွင် ပျောက်ကွယ်သွားခဲ့ရသည်။

အရှေ့ဘက်တွင် ဗဟိုအာရှ ၊တာကစ္စတန် ၊အနောက်တရုတ်ဒေသများ နှင့် မွန်ဂိုလီးယား တို့တွင် အများကိုးကွယ်သည့် ဘာသာအဖြစ်သို့ရောက်လာပြီး ၈ရာစုတွင် အိဂါးရ်စ်(Uighurs)တွင် နိုင်ငံတော်ဘာသာဖြစ်ခဲ့သည်။ ထိုနောက်ပိုင်းတွင် တရုတ်ကုန်းတွင်းပိုင်းကိုဖြတ်သန်းကာ ထိုင်ဝမ်အထိပင် ပျံနှံသေးသည်။

ပါရှဒေသသို့ မူဆလင်တို့ ဝင်ရောက်လာသည့် ၇ရာစုကာလများတွင် မနိဘာသာလည်း တဖြည်းဖြည်း ယုတ်လျော့ရပေသည်။ ဘဂ္ဂဒက် ရှိအုပ်စိုးသူများကလည်း အကြီးအကျယ်နှိပ်ကွပ်ရာ မက်ဆိုပိုတေးမီးယား နှင့် အီရန်ရှိ မနိဂိုဏ်းဝင်များ ပျောက်ကွယ်ခဲ့ရသည်။ ဗဟိုအာရှဒေသတွင်လည်း ၉ရာစုအတွင်းတွင် များစွာကျဆင်းလာပြီး ၁၃ရာစုတွင် မွန်ဂိုတို့ကျူးကျော်မှုကြောင့် အပြီးတိုင်ပြိုလဲသွားရသည်။ သို့သော် မနိဂိုဏ်းဝင်အနည်းငယ်ကို တရုတ်တွင် သူတွေ့ရှိခဲ့သေးသည်ဟု မာကိုပိုလိုက သူ၏မှတ်တမ်းများတွင်ရေးသားခဲ့သေးသည်။

ထိုအချိန်တွင် မနိဂိုဏ်းခွဲလေးများစွာသည် အနောက်ဘက်တစ်လွှားတွင် နေရာယူလှုပ်ရှားနေပြီဖြစ်သည်။ ထိုအထဲမှ ပိုလီစီယာ အမည်ရှိဂိုဏ်းမှာ ဘန်ဇန်တိုင်းအင်ပါယာတွင်လည်းကောင်း ၊ ဗိုဂိုမီလ်ဂိုဏ်းက ဘောလ်ကန်ဒေသတွင်လည်းကောင်း အသီးသီး ရပ်တည်ခဲ့ကြသည်။ သို့သော် ဥရောပတွင် ပေါ်ထွန်းခဲ့သမျှ မနိဂိုဏ်းများတွင် အင်အားအကြီးဆုံးမှာ ကတရိဂိုဏ်းဖြစ်သည်။ ထိုဂိုဏ်းမှာ ၁၂ရာစုတွင် အထင်ရှားဆုံးဖြစ်လာပြီး ပြင်သစ်တောင်ပိုင်းတွင် ယုံကြည်သူပေါများလှသည်။ သို့သော် ထိုနောက်လိုက်များက သူတို့ကို ခရစ်ယာန်များအဖြစ်သာ ခံယူလေ့ရှိကြပြီး ရှေးရိုးစွဲခရစ်ယာန်များကတော့ ထိုသူများကို မိစ္ဆာဒိဌိများဟု သတ်မှတ်သည်။ နောက်ဆုံးတွင် အလယ်ခေတ်၏ အယူသီးဆုံးပုဂ္ဂိုလ်ဖြစ်သည့် ပုပ်ရဟန်းမင်း တတိယအင်နိုဆင် က စီမံကိန်းဖြင့် ဖြတ်ဆီးသဖြင့် ထိုဂိုဏ်းလည်း ပျက်ရလေသည်။ ထိုနှိမ်နှင်းမှုတွင် လူသူအမြောက်အမြား သေကြေရပြီး ပြင်သစ်တောင်ပိုင်းဒေသမှာလည်း ထိုဒဏ်ဖြင့် ပျက်စီးလုလုဖြစ်ခဲ့ရသည်။ ထိုသို့ ရက်စက်စွာနှိမ်နှင်းသော်လည်း အီတလီတွင် ၁၅ရာစုခန့်အထိ မနိဂိုဏ်းငယ်လေးများ ဆက်လက်တည်ရှိနေခဲ့သေးသည်။ ယခုခေတ်တွင်မူ မနိဂိုဏ်းမှာ အစရှာမရအောင်ပင် ပျောက်ကွယ်ခဲ့ရပြီဖြစ်သည်။

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]