မဒါဂတ်စကားနိုင်ငံ၏ ပထဝီဝင်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

မဒါဂတ်စကားကျွန်းသည် ပြင်သစ်အုပ်ထိန်းခံဖြစ်ခဲ့၍ ယခုအခါတွင်မူ မဒါဂတ်စကား သမ္မတနိုင်ငံဟူ၍ ၁၉၆ဝ ပြည့်နှစ် မှအစပြုကာ လွတ်လပ်သော အချုပ်အချာအာဏာပိုင်နိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။ ထိုကျွန်းသည် အာဖရိကတိုက်၏ အရှေ့တောင်ဘက် မိုင် ၂၅ဝ အကွာတွင် အိန္ဒိယသမုဒ္ဒရာ အနောက်ပိုင်း၌ တည်ရှိလျက် ကမ္ဘာပေါ်တွင် စတုတ္ထလိုက်သော ကျွန်းကြီးဖြစ်၏။ အာဖရိကတိုက်ကုန်းမနှင့် မိုဇမ်ဗစ် ရေလက်ကြားကြီးသာ ခြားနားပေသည်။ အလျားမိုင် ၉၈ဝ ရှိ၍ အကျယ်ဆုံးနေရာတွင် အနံမိုင် ၃၆ဝ ရှိသည်။ မဒါဂတ်စကား ကျွန်းမသည် အကျယ်အဝန်းအားဖြင့် စတုရန်းမိုင် ၂၂၇၇၆ဝ ရှိပြီးလျှင် အပေါင်းပါ ကျွန်းများနှင့်ဆိုသော် စုစုပေါင်းအကျယ်အဝန်းမှာ စတုရန်းမိုင် ၁၅၅၃ဝဝ ပိုလာမည်ဖြစ်၏။ မြို့တော်မှာ အန်တာနာနာရီဗိုမြို့ဖြစ်ကာ၊ အခြားမြို့ကြီးများမှာ အန့်ဆီရားဗေးနှင့် ဆိပ်ကမ်းမြို့များဖြစ်သော တားမားတေ့၊ ကာဂျွန်ဂါ၊ အန်းဆီးနားရေး(ဒယေးဂိုဆွားရေ့)တို့ ဖြစ်၏။

မဒါဂတ်စကားကျွန်းသည် ကုန်းပြင်မြင့်ဖြစ်၍ အမြင့်ဆုံးအပိုင်းသည် ကျွန်း၏အရှေ့ဘက်တွင် ရှိပြီးလျှင် ရေမျက်နှာ ပြင်ထက်ပေ ၆ဝဝ ကျော်မြင့်သည်။ အရှေ့ဘက်ကမ်းရိုးတန်းသည် ဖြောင့်တန်း၍ သန္တာကျောက်တန်းများရှိသည်။ အစဉ် သဖြင့် လေပြင်းတိုက်ခတ်လျက်ရှိသောကြောင့် သင်္ဘောများ သွားလာခုတ်မောင်းရာ၌ အန္တရာယ်များလေသည်။ သို့သော် ကမ်းရိုးတန်းတစ်လျှောက် သန္တာကျောက်တန်းများ၏ အနောက်ဘက်ရှိ ပင်လယ်ထုံးများသည် ဆက်နေသဖြင့် လှေများသွားလာ နိုင်ပေသည်။

ကျွန်း၏အလယ်ပိုင်း ကုန်းပြင်မြင့်တွင် မီးတောင်များရှိ လျက်၊ ယင်းတို့ဝယ် ရွှေ၊ လချေး၊ မဟူရာ၊ ဂရက်ဖိုက်နှင့် အခြားသယံဇာတ ပစ္စည်းအချို့ရှိသည်။ သို့သော် ဂရုတစိုက် တူးဖော်လုပ်ကိုင်ခြင်း မရှိသေးပေ။ အရှေ့ဘက် ကမ်းရိုးတန်း သည် အပူပိုင်းသစ်တောများဖြင့် ထူထပ်စွာ ဖုံးအုပ်လျက်ရှိ သော်လည်း အလယ်ပိုင်းကုန်းပြင်မြင့်တွင် သစ်ပင်များခပ်ကျဲကျဲ သာ ပေါက်သည်။ မဒါဂတ်စကားကျွန်း၏ ရာသီဥတုမှာ အပူပိုင်းဒေသ ရာသီဥတုမျိုးဖြစ်၏။ ထူးခြားသော အချက် တစ်ခုမှာ မဒါဂတ်စကားကျွန်းသည် အာဖရိကတိုက်နှင့်နီးကပ် စွာ တည်ရှိသော်လည်း၊ မဒါဂတ်စကားကျွန်းရှိ တိရစ္ဆာန် တို့မှာ အာဖရိကတိုက်တွင်တွေ့ရသော တိရစ္ဆာန်မျိုးနှင့်မတူဘဲ ဝေးလံသော မလ္လယုကျွန်းစုမှ တိရစ္ဆာန်များနှင့်သာ တူခြင်းဖြစ် ပေသည်။ မဒါဂတ်စကားကျွန်းတွင် လီမာမျောက်မှ လွဲ၍ အခြား သားရဲတိရစ္ဆာန်ကြီးများသော်လည်းကောင်း၊ အဆိပ်ပြင်းသော မြွေများသော်လည်းကောင်း မရှိပေ။

မဒါဂတ်စကားကျွန်းတွင် နေထိုင်သူ တိုင်းရင်းသားတို့မှာ မာလာဂေဆီဟုခေါ်တွင်သည်။ ယင်းတို့သည် အာဖရိကန် သို့မဟုတ် နီးဂရိုး အဆက်အနွယ်များမဟုတ်ဘဲ အာရှတိုက်နှင့် အိုရှီယန်းနီးယား(ပစိဖိတ် သမုဒ္ဒရာတွင်းရှိ ကျွန်းများ) တွင် နေထိုင်သူများနှင့် နီးစပ်ပေသည်။ ဘာသာစကား၊ ယဉ်ကျေးမှု အစရှိသည်တို့မှာလည်း ပေါ်လီနီးရှင်းနှင့် ပသျှူးတို့နှင့် ခပ်ဆင်ဆင်တူသည်။

မဒါဂတ်စကားကျွန်းတွင် အဓိကလုပ်ငန်းမှာ လယ်ယာစိုက်ပျိုးခြင်းဖြစ်၏။ စိုက်ပျိုးသောအပင်တို့မှာ အထူးသဖြင့် ဆန်စပါး၊ အာလူး၊ ကြံပင်၊ ပီလောပီနံဥ၊ ပြောင်း၊ ကာဖီပင်တို့ ဖြစ်၏။ ကျွဲ၊ နွားများကိုလည်း မွေးမြူသည်။ မဒါဂတ်စကား ကျွန်း၏ အဓိကထုတ်ကုန်မှာ ကာဖီဖြစ်ပြီးလျှင် ကိုကိုး၊ လေးညှင်း၊ ငရုတ်ကောင်း၊ သစ်ကြံပိုး၊ ကိုပရာ၊ ဆေးရွက်၊ သကြား၊ ဗနီလာတို့ကိုလည်း တင်ပို့ရောင်းချ၏။ တွင်းထွက် ပစ္စည်းထွက်ကုန်များတွင် ဂရက်ဖိုက်သည် အရေးပါအရာရောက် ဆုံးဖြစ်ပြီးလျှင် လချေး၊ ဖော့စဖိတ်၊ ရွှေနှင့် ကျောက်မျက်များ လည်း ထွက်သည်။ မဒါဂတ်စကားကျွန်း၏ အရေးပါသော လုပ်ငန်းတို့မှာ ချည်ထည်နှင့် ပိုးထည်လုပ်ငန်းများနှင့် မြက် ဦးထုပ်လုပ်ငန်းတို့ဖြစ်၏။ မဒါဂတ်စကားကျွန်းတွင် သယ်ယူ ပို့ဆောင်မှု မလွယ်ကူလှချေ။ ကားလမ်းများရှိသော်လည်း မကောင်းပေ။ ကမ်းရိုးတန်းတစ်လျှောက်တွင် သင်္ဘောကြီးများ ခရီးရှည်မသွားနိုင်ပေ။ ကုန်းပြင်မြင့်၏ အလယ်ဗဟိုအနီးတွင် တည်ရှိသော မြို့တော် တာနာနာရစ်နှင့် ဆိပ်ကမ်းမြို့ ဖြစ်သော တားမားတေ့တို့ကို ဆက်သွယ်ထားသော မီးရထားလမ်း မိုင် ၅ဝဝ မျှ ရှိလေသည်။


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)