မဏိရတနာ နီတိများ

ဝီကီပီးဒီးယား မှ

မဏိရတနာ နီတိများ ကို ဘိုးရာဇာ (မြန်မာ ၇၁၀-၇၈၃)က ရေးသားခဲ့သည်။

စွမ်းအား[ပြင်ဆင်ရန်]

  • အများလူတို့ သည်းမခံနိုင်သောအရာကို သည်းခံနိုင်မှ အကြီးအကဲ ပီသသည်။
  • သည်းခံခြင်းဟူသော စွမ်းအားကို ကျော်လွန်နိုင်သည့် စွမ်းအား မရှိတော့ချေ။

ရေ နှင့် မီး[ပြင်ဆင်ရန်]

  • ရေချမ်းအိုးကဲ့သို့ကျင့်လျှင် အများချစ်ခင်မည်။
  • မီးကဲ့သို့ကျင့်လျှင် အများကြောက်ရွံ့လေးစား ခံရမည်။ သို့သော် ချစ်ခင်နှစ်သက်ခြင်းကို မခံရရာ။

ဘေးကိုကြိုတင်ရှောင်ပါ[ပြင်ဆင်ရန်]

  • ကြံဖန်ကြောက်တတ်သူဟု ထင်ချင်ထင်ပါစေ။ စိုးရိမ်သင့်သောအရာကို စိုးရိမ်သင့်သောအခါများတွင် စိုးရိမ်မကင်းသောစိတ်ဖြင့် ရှောင်သင့်သည်ကို ရှောင်ပါ၊ တင်ကြိုပြုသင့်သည်ကို ပြုပါ။

ချီးမြှောက်ခြင်း[ပြင်ဆင်ရန်]

  • လူကောင်းလူတော်ကို ဖော်ထုတ်၍ ချီးမြှောက်ခြင်း ပြုရာ၏။
  • လူကောင်းလူတော်သည် မိမိအား ချီးမြှောက်သူအား အသက်ကိုပင်စွန့်၍ အကျိုးပြုတတ်သည်။

သူတော်ကောင်းဟူသည်[ပြင်ဆင်ရန်]

  • သူတော်သဖြင့် သူ့အပေါ်မှာ ကောင်းသည်ကို တွေ့ကာမျှနှင့် သူတော်ကောင်းဟု မထင်မှတ်ရာ။
  • အများအပေါ်၌ ကောင်းမှသာ သူတော်ကောင်းမည်ပေသည်။

အကျိုးနှင့် အကြောင်း[ပြင်ဆင်ရန်]

  • အကျိုးခံစားလိုလျှင် အကျိုးဖြစ်စေမည့် အကြောင်းကို ပြုရာ၏။
  • အကျိုးခံစားရမည့် အကြောင်းကို မပြုဘဲ အကျိုးခံစားရန် မဖြစ်နိုင်။

အကြီးအကဲ[ပြင်ဆင်ရန်]

  • အကြီးအကဲ မရှိလျှင် ပျက်စီးတတ်သည်။
  • အကြီးအကဲ များလွန်းလျှင်လည်း ပျက်စီးတတ်သည်။
  • မိန်းမကြီးစိုးလျှင်လည်း ပျက်စီးတတ်သည်။
  • လူငယ်ကြီစိုးလျှင်လည်း ပျက်စီးတတ်သည်။

သတိနှင့် ဝီရိယ[ပြင်ဆင်ရန်]

  • ပညာရှိတို့ကား စိုးရိမ်သင့်သည်ကို အရာအားလျော်စွာ အခါအားလျော်စွာ သတိဝီရိယကို လက်ကိုင်ပြုသဖြင့် ဘေးရန်ဥပဒ်ကင်းကွာလျက် အကျိုးဖြစ်ထွန်းလေသည်။
  • သူမိုက်တို့ကား စိုးရိမ်မရှိ ပေါ့တန်ဘိသဖြင့် အန္တရာယ်ရောက်လျက် အကျိုးပျက်ရလေသည်။

မိတ်ဆွေပီသမှု[ပြင်ဆင်ရန်]

  • မိတ်ဆွေမပီသသော၊ စိတ်ပြောင်စိတ်လွယ်သော၊ သဘောထားမမှန်သောသူ အဖြစ်နှင့် အသက်တစ်ရာနေရသော်လည်း ဂုဏ်သတင်းမတည် အသက်တိုသည် ဆိုရာ၏။ မိတ်ဆွေပီသစွာ အကျိုးဆောင်လျက် သဘောထား တည်မြဲမှန်ကန်သူအဖြစ် တစ်ရက်တစ်လမျှ နေရစေကာမူ အသက်တစ်ရာနေရသူထက် သူ၏ ဂုဏ်သတင်းမှာ သားစဉ်မြေးဆက် အရှည်တည်သည်။

ရိုးဖြောင့်ခြင်း[ပြင်ဆင်ရန်]

  • မဖြောင့်မတ်သော စီးပွားရှာခြင်းဖြင့် ချမ်းသာကြွယ်ဝသူထက် ရိုးဖြောင့်စွာ စီးပွားရှာလျက် ဆင်းရဲစွာနေရသူက မြင့်မြတ်သည်။ မရိုးမဖြောင့် စီးပွားရှာလျက် ကြွယ်ဝသူကား မကောင်းသတင်းဖြင့် ကမ္ဘာကျေသော်လည်း ဥဒါန်းမကျေ ဖြစ်ရာ၏။

လူကဲခတ်နည်း[ပြင်ဆင်ရန်]

  • စကားပြောသံကို ကြားရသဖြင့် လိမ္မာသည်၊ မလိမ္မာသည်၊ ကောက်ကျစ်သည်၊ ဖြောင့်မတ်သည်ကို သိရာ၏။
  • အနေအထိုင်ကို မြင်သဖြင့် ပေါ့တန်သည်၊ အမူအကျင့်ညံ့သည်၊ လောဘကြီးသည်ကို သိရာ၏။

ရိုသေခြင်း[ပြင်ဆင်ရန်]

  • ကြောက်၍ရိုသေခြင်းကို အလိုမရှိရာ၊ ချစ်၍ရိုသေခြင်းကို အလိုရှိရာ၏။

သူတော်ကောင်းတို့သဘော[ပြင်ဆင်ရန်]

  • သူတော်ကောင်းကား ကုန်းစကားကို ယုံခဲ၏။
  • အပြစ်သော်ကား သည်းခံနိုင်၏။
  • ဒေါသဖြစ်ဖွယ်တွေ့သော်လည်း ချစ်ခင်မြဲ။

အနီးကပ် မပေါင်းအပ်သူ[ပြင်ဆင်ရန်]

  • ကောင်းရာကောင်းကြောင်းတိုင်ပင်သည်ကို ဖျက်ဆီးတတ်၏။
  • မဆင်ခြင်မစဉ်းစားဘဲ ပြောဆိုတတ်၏။
  • နှုတ်မစောင့်တတ်။
  • စဉ်းလဲကောက်ကျစ် လျှို့ဝှက်တတ်၏။
  • အပြောအဆို ကြမ်းတမ်း၏။
  • ဒေါသကြီး၏။

ဤသူများအား မိတ်မဖွဲ့ရာ အနီးကပ် မပေါင်းရာ။

မိုက်လွန်းသူနှင့် အလိမ္မာပိုသူ[ပြင်ဆင်ရန်]

  • မိုက်လွန်းလျှင်လည်း အရာမရောက် ပျက်တတ်သည်။
  • လိမ္မာလွန်းလျှင်လည်း အရာရောက်လွန်း၍ ပျက်တတ်သည်။
  • နှိုင်းနှိုင်းချိန်ချိန် ပြုတတ်မှသာ အကျိုးဖြစ်ထွန်းမည်။

ချီးမွမ်းခြင်း[ပြင်ဆင်ရန်]

  • ချီးမွမ်းတတ်မှ ပညာရှိ ပီသသည်။
  • ဆရာကို ရှေ့တွင်ပင် ချီးမွမ်းရာ၏။
  • မိတ်ဆွေကို ကွယ်ရာမှာ ချီးမွမ်းရာ၏။
  • အမှုထမ်းကို လုပ်ကိုင်စဉ်မှာ ချီးမွမ်းရာ၏။

ဂုဏ်ဟူသည်[ပြင်ဆင်ရန်]

  • ကိုယ်ကိုစောင့်ရှောက်သကဲ့သို့ ဂုဏ်သတင်းကို စောင့်ရှောက်ရာ၏။
  • ကိုယ်ကား အသက်မဲ့သော် မတည်နိုင်၊ ပျောက်ပျက်ရာ၏။
  • ဂုဏ်သတင်းကား ဥဒါန်းမကျေ ရှိရာ၏။

သေသောရှင်သောနေ့[ပြင်ဆင်ရန်]

  • သူယုတ်ကို အကျွမ်းဝင်သောနေ့သည် သေသောနေ့မည်၏။
  • ပညာရှိသူတော်ကောင်းနှင့် ကျွမ်းဝင်ရသော်နေ့သည် အသက်တစ်ဖန် ပြန်ရှင်သောနေ့ မည်၏။

ဆိုခဲ၊ မြဲစေ[ပြင်ဆင်ရန်]

  • ဆိုလွယ်ပြုလွယ်ခြင်းကား မှားခဲ့သော် လုံးလုံးမှားရာ၏။
  • ဆိုခဲပြုခဲသော် မှားသော်လည်း လုံးလုံးမမှားပေ။

တွေးတောဆင်ခြင်မှု[ပြင်ဆင်ရန်]

  • တွေးတောခြင်းသည် စိတ်ပျံ့လွင့်မှုတစ်မျိုးသာ ဖြစ်သည်။
  • ဆင်ခြင်မှုသည် တွေးတောခြင်းနှင့် တခြားစီ ဖြစ်၏။
  • တွေးတောရာတွင် ပညာမယှဉ်သည်က များသည်။
  • ဆင်ခြင်မှုမှာ ပညာပါသည်။
  • ဆင်ခြင်မှုသည် တွေးတောခြင်းကဲ့သို့ ရောက်တတ်ရာရာ အာရုံပြုရာနောက် မလိုက်ပါ။
  • တစ်ခုသော အရာကိုသာ အာရုံပြု၍ ခွဲခြမ်းစိတ်ဖြာ စိစစ်ခြင်းသည်ပင် ဆင်ခြင်မှု ဖြစ်သည်။

အဆိပ်[ပြင်ဆင်ရန်]

  1. မြွေအဆိပ်သည် အစွယ်မှာ ရှိသည်။
  2. ကင်းမြီးကောက်အဆိပ်သည် အမြီးမှာ ရှိသည်။
  3. မိန်းမယုတ်၏အဆိပ်သည် နှုတ်ဖျားမှာ ရှိသည်။
  4. လူယုတ်မာတို့၏ အဆိပ်သည်ကား ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးလုံးတွင် ရှိသည်။

သားကောင်းသမီးကောင်း[ပြင်ဆင်ရန်]

  • “အဘိုးရာဇာ၊ လူတို့တွင်မိကောင်း၊ ဖကောင်း သားသမီးကား ဖြစ်လွယ်၏”။
  • “သားကောင်းသမီးကောင်းတို့၏ မိဘမူကား အလွန်ပင် ဖြစ်ခဲသည် မဟုတ်တုံလော”ဟု မင်းကြီးခေါင်မှ မေးတော်မူ၏။

ကိုးကား[ပြင်ဆင်ရန်]

  1. ရင်နှစ်သည်းချာ နိုင်ငံရတနာ ဆုံးမစာများ - အခြေခံပညာဦးစီးဌာန (ဒုတိယအကြိမ် ed.)။ ၁၈၁-၁၈၃၊ ဆူးလေဘုရားလမ်း၊ ရန်ကုန်မြို့: မြဝတီပုံနှိပ်တိုက်၊။ စက်တင်ဘာ ၁၉၉၂ ခုနှစ်။ pp. ၁၅၀။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)