ဘိုးရာဇာ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ဘိုးရာဇာ (မြန်မာ ၇၈၃ )[ပြင်ဆင်ရန်]

ဘိုးရာဇာသည် အင်းဝခေတ်တွင် အလွန်ထင်ရှားသော ပညာရှိ မတ်ကြီး တစ်ဦး ဖြစ်သည်။ မင်းပေးသည့် ရာဇာဟူသော အမည်တွင် ဝယဝုဒ္ဓိကိုထောက်၍ အဘိုးထပ်ဆင့်လျက်၊ မင်းနှင့် တကွ မှူးမတ်ပြည်သူတို့က အဘိုးရာဇာဟူ၍ ခေါ်ဝေါ်ခဲ့ကြရာမှ ဘိုးရာဇာဟု တွင်ခဲ့ခြင်းဖြစ်၏။ မင်းရာဇာဟူ၍လည်း ခေါ်ဝေါ်ခဲ့ကြသည်။ ထိုပြင် မူလနေရပ်ကို အစွဲပြု၍လည်း ဝန်စင်းမင်းရာဇာဟူ၍ ခေါ်ဝေါ်ကြသေး၏။ ဘိုးရာဇာသည် ထွန်တုံးမှ ထိပ်ဆုံးသို့ရောက်အောင် ကြိုးပမ်းခဲ့သူ ဖြစ်လေ သည်။ ဘိုးရာဇာ၏ မိဘမည်ရည် မွေးဖွားသက္ကရာဇ်များကိုမူ အတိအကျ မတွေ့ရပေ။ သုသောဓိတ မဟာရာဇဝင်နှင့် မဏိရတနာပုံ ကျမ်းများ အလိုအရ ဘိုးရာဇာသည် အင်းဝ နေပြည်တော်မှ ၇၂ မိုင်ဝေးကွာသော မိတ္ထီလာနယ် ဝန်စင်းရွာမှ အသည်သား တစ်ဦး ဖြစ်သည်။ ထိုအသည်သားသည် ငယ်ရွယ် စဉ်ကပင် ဗဟုသုတကို လေ့လာလိုက်စားခဲ့သည်။ အရွယ် ရောက်ကာလ ဝန်စင်းရွာသူကြီး၏ သမီးနှင့် ရည်ငံသည်။

သူကြီးက ဤသူငယ်သည် ဗဟုသုတကိုသာ လေ့လာလိုက်စား သည်။ ကြိုးကြိုးပမ်းပမ်း ဆင်းရဲ၍ လုပ်ကိုင်စားမည့်သူ မဟုတ်ဟု ယူဆ၍ မနှစ်သက်ချေ။ သို့သော် သမီးနှစ်သက်သူ ဖြစ်သဖြင့် သမီးအလိုကျ ခွင့်ပြုလျက်၊ လယ်နှင့် နွားတရှဉ်းကို ပေး၍ လွတ်ရာတွင် နေစေလေသည်။

မြန်မာ သက္ကရာဇ် ၇၃ဝ ပြည့်နှစ်တွင် မိတ္ထီလာ ကန်တော် ကျိုးပေါက်သဖြင့် အင်းဝဘုရင် မင်းကြီးစွာ စော်ကဲကိုယ်တော်တိုင် လာရောက် ဆည်ဖို့ပြုပြင်ရာ၊ ကန်းရိုးပေါ်တွင် မိန်းမရုပ်နှင့် နတ်ကွန်းတစ်ခုကို တွေ့ရှိ၏။ ထိုနတ်ကွန်း အကြောင်းကို သိမီလောက်သော သူတို့အား မေးမြန်းရာ မတင်မလျှောက်နိုင်ရှိကြသည်။ ပြောကြား နိုင်မည့် သူကို မေးစစ်ရာ၊ ဝန်စင်းသူကြီး သမက်သည် အမှတ်အသား အကြားအမြင်နှင့် ပြည့်စုံကြောင်း လျှောက်၍ ခေါ်စေ၏။ ဝန်စင်းသူကြီးလည်း သမီးကိုခေါ်လျက်၊ အသည်သားအား မင်းဧကရာဇ်က တောင်းခေါ် ကြောင်း ကြောက်လန့်တကြား ပြောသည်။ သမီးဖြစ်သူလည်း စိုးရိမ်ကြီးစွာဖြင့် ခင်ပွန်းသည် ယာထွန်ရာသို့လိုက်ကာ အကြောင်းကြား၏။ အသည်သား လည်း မိမိပညာ အကျိုးကို ခံစားရတော့မည်ဟု ပြောကြား၍၊ ဇနီးသည်၏ ပူပန်မှုကို ပြေပျောက်စေလျှက် ခိုင်းစေနေသော နွားတစ်ရှဉ်း၏ ဦးချိုတွင် သပြေပန်း စည်း၍ အပြီးတိုင် လွှတ်လိုက်ပြီးမှ ဘုရင်ထံ ခစားဝင်လေသည်။

မင်းကြီးစွာက ထိုနတ်ကွန်းအကြောင်းကို မေးမြန်း တော်မူရာ၊ နတ်ကွန်းမဟုတ်ပါ၊ ရှင့်ဘေးလောင်းတော် အနော်ရထာမင်း စောသည် မိတ္ထီလာကန် ဆည်လာရာတွင်၊ အလွန်မြတ်နိုးသော မိဖုရားငယ် ကြမ္မာကုန်၍၊ ရွှေစင် ဖြင့် သွန်းလုပ်ထားသည့် ထိုမိဖုရားငယ်၏ ရုပ်တုကို ကန်ရိုးတွင် အခိုင်ခံ့ မြှုပ်နှံထားပြီးသော်၊ ထိုရွှေရုပ်နှင့်တူသော သစ်သား ရုပ်ကို တန်ဆောင်းပြာသာဒ်ပြုလျက် ကမ်းရိုးပေါ်တွင် ထားတော်မူခဲ့ခြင်း ဖြစ်ပါသည်။ ထိုအရုပ်ကို လူတို့က စားဦးသောက်ဦးတင်၍ နတ်ကွန်းခေါ်ဝေါ် ပညတ်ကြခြင်း ဖြစ်ပါသည်ဟူ၍ အသည်သားက တင်လျှောက်၏ ထိုတင်လျှောက်ချက်အရ ကန်ရိုးကန်ပေါင်ကို ဖျက်ယူတူးဖော် စေရာ၊ ရွှေသားရုပ်ပုံကို ရလေသည်။ မင်းကြီးစွာလည်း ဝန်စင်းအသည်သား၏ အမှတ်အသား တင်အလျှောက် ရုပ်ရည်သဏ္ဌာန်တို့ကို နှစ်သက်သဖြင့် ဆုလာဘ်များစွာ ပေးသနားပြီးနောက် နန်းတော်သို့ခေါ်ယူတော်မူ၏။

အသည်သားသည်လည်း အင်းဝသို့ရောက်သောအခါ တောင်မြင့်ကျောင်းတွင်း တည်းနေသည်။ ထိုညဉ့်တွင် ဝန်စင်းအသည်သား ထွေးသော တံထွေး ကို ကျောင်းဦး၌ ကိုးကွယ်သော ရုပ်တုတော်ခံတွင်းဖြင့် ခံသည်ဟု ကျောင်းနေ သူမြတ် အိပ်မက်မြင်၏။ အိပ်မက်ကို ဝန်စင်းအသည်သားအား ပြန်ကြားလျှင်၊ မင်းမြတ်သည် ကျွန်ုပ်လျှောက်လဲသမျှကို ယူတော်မူမည်ဟု ဖတ်ကြား သည်။ဝန်စင်း အသည်သား အင်းဝသို့ရောက်၍ တစ်နှစ်ခန့် ကြာလျှင်၊ အတွင်းသင်းမှူး ငနု ပုန်ကန်သောကြောင့် ငနု၏ အစ်ကို မင်းကြီး၏ ယောက်ဖတော် ရာဇသင်္ကြန်အား အမျက် တော်ရှိ၍ အရေးယူရန် မင်းကြီးက အသည်သားနှင့် တိုင်ပင် ၏။ အသည်သားသည် မင်းကြီးနှင့်တကွ သားတော်အစဉ် မြေးတော်အဆက် မြစ်တော်အညွန့်တိုင်အောင် အကျိုးများမည့် စကားတို့ဖြင့် လျှောက်ကြားလေသည်။ မင်းကြီးနှစ်သက်တော် မူသဖြင့်၊ စည်းတပြစ်ကြီး မရှိသည်ဖြစ်၍ စည်းတပြစ် အမည်နှင့် အဆောင်အယောင် ပေးတော်မူလေသည်။


ထို့နောက်တွင် ပြည်ရေးပြည်မှု အစုစုကို မင်းကြီးလည်း စည်းတပြစ် အမတ်ကို တိုင်ပင်၏။ စည်းတပြစ် အမတ် လည်း မင်းနှင့်တကွသော တိုင်းပြည်အကျိုးကို ရှေးရှူလျက် အထူးထူးသော ပုံပြင်နည်းနားတို့ဖြင့် အရေးမှန်ရာ ကို လျှောက်ထားခဲ့လေသည်။ သားတော် ဘုရင် မင်းခေါင် လက်ထက်တွင် စည်းတပြစ် အမတ်သည် ရာဇာဟူ သော အမည်နှင့် ကြီးစွာ အဆောင်အယောင် ပေးသနားခြင်း ခံရလေသည်။ မင်းရာဇာကား ဘုရင်မင်းကြီးစွာ လက်ထက် စည်းတပြစ်အမည်ကို ခံသည်။ သားတော် ဘုရင်မင်းခေါင် လက်ထက်တွင်မှ ရာဇာ အမည်ကိုခံသည်။

မင်းရာဇာသည် ပေါ်ပေါက်လာသော ပြဿနာ အရပ်ရပ်တိုင်းကို ချိန်နှိုင်းမှန်းဆလျက် လျော်ကန်သင့် မြတ်လှသည့် ဥပမာ ပုံဆောင်ပြီးလျှင် ဘုရင်မင်းတို့ နားဝင်လွယ်အောင် လျှောက်နိုင်စွမ်း ရှိပေသည်။ မင်းရာဇာ၏ လျှောက်ထားချက် စကားများမှာလည်း နေ့စဉ် တွေ့ကြုံ နေရသည့် အဖြစ်အပျက်များကို ပမာတင်စား ပုံခိုင်း ထားခြင်း ဖြစ်သဖြင့် လူတိုင်းပင် နားလည်လွယ် သိမှတ်လွယ်၏။ ထင်ရှားသော လျှောက်ထုံးတစ်ခုမှာ မြန်မာသက္ကရာဇ် ၇၃၂ ခုနှစ်တွင် ကလေးမြို့နှင့် မိုးညှင်းမြို့တို့စစ်ဖြစ်၍ အင်းဝမင်းထံ နှစ်ဖက်လုံးမှ စစ်ကူတောင်းလာလေသည်။ ကလေးကလည်း နိုင်လျှင် မိုးညှင်းကို ဆက်ပါ မည်ဆိုလာ၏။

မိုးညှင်းကလည်း နိုင်လျှင် ကလေးကို ဆက်ပါမည်ဆိုလာ၏။ ထိုအရေးကို မင်းကြီးစွာ စော်ကဲက စည်းတပြစ်အား တိုင်ပင် လေသော်၊ လယ်ထွန်ယောက်ျား ဥပမာပြကာ လျှောက်သည်။ လယ်ထွန်ယောကျာ်း တစ်ဦးသည် လယ်ထွန်နေစဉ်တွင် တောစပ်၌ ကြက် ၂ ကောင် ခွပ်နေသည်ကို မြင်၍ ဤသို့ ကြံ၏။ ယခု ကြက်ကိုဖမ်းလျှင် လယ်လည်းမညက်သေး၊ ကြက်လည်းမပန်းသေး၊ လယ်လည်းညက်စေ၊ ကြက်လည်း ပန်းစေဦး ဟူ၍ လယ်ကို ဆက်၍သာ ထွန်လေသည်။

လယ်ညက်၍ ကြက်ပန်းချိန်မှပင် ခြေကိုငင်ကာ ယူလေသကဲ့သို့ပြုတော်မူဟု လျှောက်လေသည်။ လျှောက်ထားချက်အတိုင်း မင်းကြီးလိုက်နာတော်မူခဲ့ရာတွင် နှစ်ပြည်ထောင်လုံးကို ရလေည်။

ဘ၀နိဂုံး[ပြင်ဆင်ရန်]

မင်းရာဇာသည် အင်းဝနေပြည်တော်တွင် မင်းကြီးစွာ စော်ကဲလက်ထက်တွင် သာမက၊ ၇ လသာ နန်းစံ ရသော ဆင်ဖြူရှင် တရဖျားအပြင်၊ ဘုရင်မင်းခေါင်၏ လက်ထက်တိုင် မင်းသုံးဆက်၊ နှစ်ကာလ ၅၃ နှစ်မျှကြာအောင် တိုင်းကျိုး ပြည်ပြုမှုများကို ထမ်းဆောင်ခဲ့သည်။ မြန်မာသက္ကရာဇ် ၇၈၃ ခုနှစ် ဘုရင်မင်းခေါင် နတ်ရွာ စံသည့် နှစ်တွင်ပင် ပညာရှိ အမတ်ကြီး ဘိုးရာဇာ ကြမ္မာကုန်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)