မာတိကာသို့ ခုန်သွားရန်

မစိမ်းစိမ်း (အဆိုတော်)

ဝီကီပီးဒီးယား မှ
မစိမ်းစိမ်း
မွေးဖွား၁၉၃၃ ခုနှစ်
အနောက်ပိုင်း၊ ချမ်းသာရထုံးကုန်း၊ ပလိုင်းရပ်၊ မန္တလေးမြို့
ကွယ်လွန်မေ ၅၊ ၂၀၁၉(2019-05-05) (အသက် ၈၆)
အနုပညာဆည်းဆာရိပ် ဘိုးဘွားရိပ်သာ၊ ရန်ကုန်မြို့
အလုပ်အကိုင်အဆိုတော်
ကျော်ကြားမှုအရင်းခံရွှေမန်းဆီသို့ သီချင်း
ဂီတခရီးလမ်း
ဂီတဟန်မြန်မာသံစဉ်၊ ဂန္ထဝင်တေး
ပူးတွဲ ပါဝင်မှုဂီတလုလင် တေးဂီတအဖွဲ့၊ မြို့မ တေးဂီတအဖွဲ့

မစိမ်းစိမ်း (၁၉၃၃ – ၅ မေ ၂၀၁၉) သည် မန္တလေးမြို့မှ ထင်ရှားကျော်ကြားလှသော မြန်မာ့ဂန္ထဝင် အဆိုတော်ကြီးတစ်ဦး ဖြစ်သည်။ ၎င်းသည် မြန်မာ့ဂုဏ်ဆောင် ဂန္ထဝင်တေးတစ်ပုဒ်ဖြစ်သည့် "ရွှေမန်းဆီသို့" သီချင်း၏ မူလပထမ သီဆိုသူအဖြစ် လူသိများထင်ရှားသည်။ မစိမ်းစိမ်းသည် မန္တလေးမြို့ရှိ အဆင့်မြင့် အပျော်တမ်းတေးဂီတအဖွဲ့တစ်ခုဖြစ်သော ဂီတလုလင် တေးဂီတအဖွဲ့တွင် ပင်တိုင်အဆိုတော်အဖြစ် နှစ်အတန်ကြာ ပါဝင်သီဆိုခဲ့ပြီး မြို့မ၊ သိင်္ဂီ၊ နုယဉ်၊ သီရိမွန်၊ သင်္ဂဟနှင့် တေးချစ်သူ စသည့် နာမည်ကျော် တေးဂီတဝိုင်းများနှင့်လည်း တွဲဖက်သီဆိုခဲ့သူလည်း ဖြစ်သည်။[၁]

မစိမ်းစိမ်းကို ၁၉၃၃-ခုနှစ် တွင် မန္တလေးမြို့ အနောက်ပိုင်း၊ ချမ်းသာရထုံးကုန်း၊ ပလိုင်းရပ် ၌ မွေးဖွားခဲ့သည်။ ငယ်စဉ်ကလေးဘဝကတည်းက တေးသီချင်းသီဆိုမှုကို ဝါသနာပါပြီး ရပ်ကွက်ပွဲ၊ အလှူပွဲများမကျန် လိုက်လံသီဆိုခဲ့သည်။

ဂီတဘဝဖြတ်သန်းမှု

[ပြင်ဆင်ရန်]

မန္တလေးမြို့မှ အပျော်တမ်းတေးဂီတ ဝိုင်းများစွာရှိရာ ထိုခေတ်မြို့မတေးဂီတနှင့် တန်းတူအဆင့်ရှိသော မန္တလေးမြောက်ပြင်အရပ်ရှိ ဂီတလုလင်တေးဂီတဝိုင်းမှာ ပင်တိုင်အဆိုရှင်အဖြစ် ပါဝင်သီဆိုခဲ့သည်။ မစိမ်းစိမ်းနှင့်အတူ ကျောက်ပန်းတောင်းသူ မကျဉ်းတန် (ခေါ်) အဆိုတော် ရီရီသန့် တို့သည် လက်ထောက်အဆိုတော်အဖြစ် တွဲဖက်သီဆိုခဲ့သည်။ ဂီတမှူးဦးဘတင့်နှင့် စန္ဒယား ပလိုင်းဦးတင်မောင်တို့ အုပ်ချုပ်သော ဂီတလုလင်အဖွဲ့မှ မစိမ်းစိမ်းသည် နှစ်အတန်ကြာ တွဲလုပ်ပြီး သူ၏လက်ဦးဆရာ ဂီတမှူးဦးဘတင့်၏ ခွင့်ပြုချက်ဖြင့် တခြားဝိုင်းများဖြစ်သော မြို့မ၊ သိင်္ဂီ၊ နုယဉ်၊ သီရိမွန်၊ သင်္ဂဟနှင့် တေးချစ်သူ စသော ဝိုင်းများတွင် တွဲဖက်သီဆိုခဲ့သည်။

ဝါသနာရှင်ဘဝမှ ပညာရှင်ဘဝသို့ ရောက်ခဲ့သော မစိမ်းစိမ်းသည် မန္တလေးဂီတအသိုင်းအဝိုင်းတွင် ချစ်ခင်သူများပြီး ထင်ရှားသူတစ်ယောက်ဖြစ်ခဲ့သည်။သူသည် ဂီတဘဝစတင်ရာ မူလပထမ ဂီတလုလင်ဝိုင်းနှင့် မြတ်သောအနုပညာ အမည်ရှိ ဓာတ်ပြားကို ပထမဦးဆုံး ရရှိခဲ့သည်။ထို့နောက် သင်္ဂဟ ဦးဘသိန်း ရေးစပ်သည့် "ရွှေမန်းဆီသို့" သီချင်းကို မန္တလေးရုပ်ရှင်မှ ရိုက်ကူးသော ဤလူ့ဘောင်တွင် ဇာတ်ကား၌ ဇာတ်ဝင်တေးအဖြစ် သီဆိုခဲ့ရာ အထူးအောင်မြင်မှု ရရှိခဲ့ပြီး မြန်မာ့အသံ ဓာတ်ပြားအဖြစ် ထုတ်ဝေခဲ့ရကာ ရောင်းအားအကောင်းဆုံး တေးသီချင်းတစ်ပုဒ် ဖြစ်ခဲ့သည်။

၎င်းသည် ရုပ်ရှင်နောက်ခံတေးများအဖြစ် သင်္ဂဟဦးဘသိန်း ရေးစပ်သည့် ကံ ရုပ်ရှင်ဇာတ်ကား ဇာတ်ဝင်တေးအပြင်၊ ကိုယ်ပိုင်မေတ္တာ၊ အတွေ့ နှင့် ဘုရားမှာ တစ်ခါဆုံတယ် စသည့် ရုပ်ရှင်ဇာတ်ကားများတွင်လည်း ဂီတလုလင် တေးဂီတအဖွဲ့နှင့်အတူ နောက်ခံတေးများ သီဆိုအသံသွင်းခဲ့ရာ အောင်မြင်မှုများ ရရှိခဲ့သည်။ ထို့ပြင် မြန်မာ့အသံမှ "သလ္လာရွှေမြေ" နှင့် "မိုးပန်းပုလဲ" တေးသီချင်းများဖြင့် နောက်ထပ် ဓာတ်ပြားနှစ်ချပ် ထပ်မံထုတ်ဝေခဲ့သည်။

သို့ရာတွင် မစိမ်းစိမ်း၏ အနုပညာသက်တမ်းတစ်လျှောက် အထင်ရှားဆုံး မှတ်တိုင်သီချင်းမှာ "ရွှေမန်းဆီသို့" သီချင်းပင်ဖြစ်သည်။ အဆိုပါသီချင်းကို မန္တလေးမြို့မှ မြန်မာ့ဆိုင်းဝိုင်းပညာရှင်ကြီးများ ဖြစ်ကြသည့် ရွာစား ကျော်စိန်မောင်ကိုကြီး၊ စိန်နက်ကြီး စသည်တို့၏ ဆိုင်းဝိုင်းတီးခတ်မှုများနှင့်အတူ ခန့်ခန့်ညားညား အသံသွင်းယူခဲ့ခြင်းဖြစ်ပြီး ယနေ့တိုင် မြန်မာ့ဂုဏ်ဆောင် ဂန္ထဝင်တေးတစ်ပုဒ်အဖြစ် တည်ရှိနေဆဲ ဖြစ်သည်။ မစိမ်းစိမ်းသည် ၁၉၇၀ ပြည့်လွန်နှစ်များဝန်းကျင်တွင် အောင်မြင်မှု အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင်မူ အနုပညာအလုပ်များမှ အနားယူခဲ့သည်။

မိသားစုဘဝနှင့် ဘဝနိဂုံး

[ပြင်ဆင်ရန်]

မစိမ်းစိမ်းသည် အိမ်ထောင်သက် ၁၇ နှစ်အရောက်တွင် အနုပညာသီဆိုမှုပိုင်းဆိုင်ရာ သဘောထားကွဲလွဲမှုများကြောင့် ခင်ပွန်းဖြစ်သူနှင့် အိမ်ထောင်ကွဲခဲ့သည်။ ၎င်းသည် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် အနုပညာအလုပ်များမှ အနားယူခဲ့ပြီးနောက် ကျန်းမာရေး ချို့တဲ့လာခဲ့သဖြင့် ၂၀၁၇ ခုနှစ်တွင် စာရေးဆရာမ သန်းမြင့်အောင် တည်ထောင်ဖွင့်လှစ်ထားသည့် ရန်ကုန်မြို့၊ ပုလဲမြို့သစ်ရှိ "အနုပညာဆည်းဆာရိပ်" အနုပညာဘိုးဘွားရိပ်သာသို့ ရောက်ရှိ နေထိုင်ခဲ့သည်။

၂၀၁၉ ခုနှစ်၊ မေလ ၅ ရက် ည ၇ နာရီ ၁၅ မိနစ်အချိန်တွင် ရန်ကုန်မြို့ရှိ အဆိုပါ အနုပညာဆည်းဆာရိပ် ဘိုးဘွားရိပ်သာ၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၈၆ နှစ် အရွယ်ရှိပြီ ဖြစ်သည်။[၂]

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ မန္တလာမြင့်နဲ့ မစိမ်းစိမ်း ၊ မြို့တမြို့ရဲ့ အမှတ်သင်္ကေတများ (in my) (2019-05-06)။ 2026-07-18 တွင် ပြန်စစ်ပြီး။
  2. ↑ ဆောင်းပါးရှင် ဇော်နေလ(မြောက်ပြင်)၊ ကြေးမုံ သတင်းစာ၊ အချပ်ပို မန္တလေးစာမျက်နှာ-၂၊ ဩဂုတ်လ ၃၁၊ ၂၀၁၉