မဂျဲလန်

ဝီကီပီးဒီးယား မှ
(မဂျဲလင် အက်(ဖ) မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
Ferdinand Magellan

ဖာဒီနန် မဂျဲလင်သည် ကမ္ဘာတစ်ပတ်ကို ရေကြောင်း ခရီးလမ်းအားဖြင့် ပထမဆုံး ပတ်မိသူဖြစ်ကာ ကမ္ဘာကိုပတ်၍ သွားသော ရေကြောင်းကိုခရီးကို တွေ့ရှိခဲ့သူ ဖြစ်လေသည်။ သူသည် ပေါ်တူဂီလူမျိုးဖြစ်၍ မှူးမတ်မျိုးရိုးမှ ဆင်းသက်လာသူ ဖြစ်သော်လည်း ဆင်းရဲလေသည်။ သို့ဖြစ်၍ ငယ်ရွယ်စဉ်က နန်းတော်အတွင်း လက်ပါးစေအဖြစ်ဖြင့် နေထိုင်ခဲ့ရ၏။

အသက် ၂၅ နှစ်အရွယ်တွင် အိန္ဒိယရှိ ပေါ်တူဂီနယ်များ၏ ဘုရင်ခံအား လမဲအီဒါးနှင့် လိုက်ပါ၍ စစ်မှုထမ်းလေသည်။ အိန္ဒိယပြည်သို့သင်္ဘောနှင့် လပေါင်း အတော်ကြာအောင် သွားရသည်ဖြစ်ရာ လမ်းခရီးတွင် သင်္ဘောသားများနှင့် ပင်လယ်အကြောင်းကို လေ့လာစူးစမ်း မှတ်သားရင်း အချိန်ကုန်ခဲ့လေသည်။ အိန္ဒိယ၌ တိုက်ပွဲများတွင် ပါဝင် ခဲ့ပြီးနောက် စမဲအမွှေး အကြိုင်များထွက်ရာ အရှေ့အိန္ဒိယ ကျွန်းစုများသို့တိုင် ရောက်ခဲ့၏။ အိန္ဒိယတွင် ၇ နှစ်ခန့် စစ်မှုထမ်းခဲ့သည်ဖြစ်၍ စစ်ဗိုလ်အဆင့်အတန်းပင် ရရှိခဲ့၏။

သို့သော် မကြာမီပင် ဘုရင်ခံနှင့် ပနံမစားတော့သဖြင့် ပေါ်တူဂီနိုင်ငံသို့ပြန်လေ၏။ မိုရော့ကိုနယ်၌ အာရပ်တို့ကို ပေါ်တူဂီတို့က သွားရောက် တိုက်ခိုက်သည်တွင် မဂျဲလင် လိုက်ပါ ထမ်းဆောင်လေသည်။

ထိုအတောအတွင်း မဂျဲလင်သည် ပထဝီဝင် ပညာရပ် တွင် စိတ်ပါဝင်စားလာ၍ ထိုပညာရပ်ကို စူးစမ်း လေ့လာခဲ့၏။ ထို့ပြင် ရေကြောင်းအတတ်ကိုလည်း အတော်ပင် တတ်ကျွမ်း လာလေသည်။ ပေါ်တူဂီနိုင်ငံမှ အနောက်စူးစူး အရပ်သို့ သင်္ဘောများဖြင့် ရှေးရှူသွားကာ တောင်အမေရိကတိုက်ကို ပတ်ပြီးလျှင် မကြာသေးမီက ဗဲလဗိုအာ တွေ့ရှိခဲ့သော ရေပြင် ကျယ်ကို ဖြတ်ကျော်၍ သွားလေသော် အိန္ဒိယပြည်သို့ရောက် မည်ဟု မဂျဲလင် စွဲမြဲ ယုံကြည်လေသည်။ သို့ရာတွင် ပေါ်တူဂီ ဘုရင်ထံ တင်ပြသောအခါ ဘုရင်က သူ့ကို အားမပေးသဖြင့် စပိန် ဘုရင်ထံသို့သွားရောက်၍ အကူအညီ တောင်းလေသည်။

စပိန်ပြည့်ရှင် ပဉ္စမချားဘုရင်ကား ကိုလံဗပ် ကဲ့သို့ပင် မဂျဲလင် လည်း အောင်မြင်လိမ့်မည်ဟု ယုံကြည်သဖြင့် သူ့အား သင်္ဘော ၅ စင်းနှင့် လူ ၃ဝဝ ခန့်ပေးလေသည်။


ခရစ် ၁၅၁၉ ခုနှစ် စက်တင်ဘာလအတွင်း၌ မဂျဲလင် သည် ယင်းသင်္ဘော ၅ စင်းနှင့် ဆန်လုကာ ဆိပ်ကမ်းမှ ထွက်ခွာခဲ့၏။ နောက် ၄ လခန့်အကြာတွင် တောင်အမေရိက တိုက်သို့ရောက်သွားလေသည်။ ထို့နောက် မဂျဲလင်နှင့် အပေါင်းပါ သင်္ဘောသားတို့သည် ကမ်းရိုးတန်း တစ်လျှောက် တောင်ဘက်သို့ဆက်လက် သင်္ဘောလွှင့်သွားကြ၍ ဆောင်း ဝင်လာသောအခါမှ ခရီးတစ်ထောက် နားကြလေသည်။ ထိုသို့ နားနေစဉ် မကျေ မနပ်ဖြစ်နေသော သင်္ဘောသားအချို့က သူ့ကို တော်လှန်ရန် ကြံစည်ကြသည်။ သို့ရာတွင် မဂျဲလင်က တင်းတင်း မာမာ နှိပ်ကွပ်လိုက်သဖြင့် အားလုံး ငြိမ်ဝပ်သွား ကြလေသည်။ မဂျဲလင်သည် မည်သည့် အနှောင့်အယှက်များ ကိုမျှ ဂရုစိုက်သူမဟုတ်ချေ။ ရိက္ခာများ တဖြည်းဖြည်း လျော့နည်းလာသော်လည်း မဂျဲလင်သည် ရွက်များမှ သားရေ ကိုပင် စားရစေသူကား အလျှော့မပေးဘဲ သူ့အကြံ အထ မြောက်ရေးအတွက် ကြိုးပမ်းမည်ဟု သန္နိဌာန် ပြုလေသည်။

မဂျဲလင်သည် ကုန်းအနေအထားကို စုံစမ်းရန်အတွက် သင်္ဘောတစ်စင်း လွှတ်လိုက်ရာ ထိုသင်္ဘောမှာ ပင်လယ်၌ ပျက်စီးနစ်မြုပ်သွားလေသည်။

ဆောင်းရာသီကုန်မှ ဆက်လက်ထွက်ခွာ သွားခဲ့ပြီး နောက် ၃ ရက်အကြာတွင် တောင်အမေရိကတိုက် တောင်ဘက်ဖျားရှိ အငူကို သူတို့ပတ်မိကာ ရေလက်ကြား ကလေးတစ်ခုကို ဖြတ်လျှင် ရေပြင်ကျယ်ကြီးထဲသို့ရောက်သွား ကြလေသည်။ ယင်းရေလက်ကြားမှာ သူဇွဲသန်သန်နှင့် ရှာခဲ့ သော ရေလက်ကြားဖြစ်၍ အနောက်ဘက်သို့ထွက်ပေါက် ပင်ဖြစ်၏။ ယခုသော် ထိုရေလက်ကြားကို မဂျဲလင်ရေလက် ကြားဟု ခေါ်ကြသည်။ ထို့ပြင် သူတို့ရောက်ရှိနေသော ရေပြင်ကျယ်ကြီးမှာ သူတို့ဖြတ်သန်းလာခဲ့သော သမုဒ္ဒရာနှင့် စာသော် လှိုင်းလေငြိမ်သက်လှ သဖြင့် ပစိဖိတ် (အေးချမ်း ငြိမ်သက်ခြင်း) သမုဒ္ဒရာဟု မှည့်ခေါ်ခဲ့လေသည်။ ထို့နောက် တွင်ကား သင်္ဘော တစ်စင်းမှာ စပိန်နိုင်ငံသို့လှည့်ပြန်သွား ပြီဖြစ်၍ သင်္ဘော ၃ စင်းသာ ကျန်တော့၏။

ဤသို့အားဖြင့် ရက်ပေါင်း ၉၈ ရက်ကြာအောင် အနောက်စူးစူးသို့ခရီးလွှင့်ခ့ကြရသောအခါ မဂျဲလင်နှင့် သင်္ဘောသားတို့မှာ အစောရေစာ ပြတ်သွားသဖြင့် အတိဒုက္ခ ရောက်ကြကာ ဖျားနာကြ၏။ ထို့ကြောင့် သင်္ဘောပေါ်ရှိကြွက် များနှင့် သားရေကြိုးများကိုပင် စားကြရလေသည်။ စောစော ပိုင်းက မဂျဲလင်ဆိုခဲ့သော စကားသည် နိမိတ်သဖွယ် ဖြစ်နေ တော့၏။

ယင်းသို့လူများပင် သေကြေပျက်စီးကြသော်လည်း မလျှော့သော ဇွဲသတ္တိဖြင့် ဆက်လက်လွှင့်သွားကြရာ ယခု မယ်ရီယန္နားကျွန်းစုခေါ် ကျွန်းများသို့ရောက်သွားလေသည်။ ထိုကျွန်းများမှာ အစာရေစာဖြည့်တင်း၍ အနောက်စူးစူးသို့ လွှင့်ပြန်သော် ရက်အနည်းငယ်အတွင်း ဖိလစ်ပိုင် ကျွန်းစုသို့ ရောက်ကြလေ၏။

ကျွန်းသားများမှာ ပျူငှာဖော်ရွေ၍ စေဗူးခေါ် ကျွန်း တစ်ကျွန်းမှ လူရိုင်းဘုရင်က မဂျဲလင်နှင့်လာ၍ မိတ်ဖွဲ့လေ သည်။ မဂျဲလင်က သူ၏မေတ္တာကို တုံ့ပြန်သောအားဖြင့် သူတိုက်တွန်းသည့်အတိုင်း အခြား ကျွန်းတစ်ကျွန်းရှိ လူရိုင်းဘုရင်ကို သွားရောက်တိုက်ခိုက်နှိမ်နင်းပေးလေသည်။

ထိုသို့လူရိုင်းများနှင့် တိုက်ခိုက်ရာ၌ မဂျဲလင်သည် အသက် ဆုံးရှုံးရလေသည်။ သူ၏ နောက်လိုက်များမှာလည်း ဘူရိုင်း ဘုရင်၏ ဖမ်းဆီးခြင်းကို ခံရလေသည်။

စပိန်နိုင်ငံမှ ထွက်သွားစဉ်က ပါသွားသော လူ ၃ဝဝ နီးပါးအနက် ၃၁ ယောက်သာ သင်္ဘောတစ်စင်းနှင့် ဗော်နီယို ကျွန်းမှတစ်ဆင့် ဂွတ်ဒဟုပ် အငူကိုပတ်၍ စပိန်နိုင်ငံသို့ ပြန်ရောက်ခဲ့လေသည်။ မဂျဲလင်ကား စပိန်နိုင်ငံသို့ပြန် မရောက်ခဲ့သော်လည်း သူသည် ယခင်က ကမ္ဘာအရှေ့ဖျား သူကျဆုံးသော အရပ်အထိသို့ပင် ရောက်ခဲ့ ဖူးပြီဖြစ်၍ ကမ္ဘာကို သင်္ဘောဖြင့် ပထမဆုံး ပတ်ဖူးသည်ဟု ဆိုရမည် ဖြစ်ပေသည်။[၁]


(၁၅၀၆) တွင် ကိုလံဘတ် ကွယ်လွန်သောအခါ၊ ၎င်း၏စူးစမ်းမှုရှာဖွေသော အလုပ်ကို မက်ဂျလန် (Ferdinand Magellan) က ဆက်လက်ဆောင်ရွက်သည်။ မက်ဂျလန်သည် ပေါ်တူဂီလူမျိုး ဖြစ်သော်လည်း စပိန်ဘုရင်၏ အမှုထမ်းတယောက်ဖြစ်၏။ (၁၄၉၉)တွင် အီတလီပြည် ဖလောရင့်မြို့သား "အမေရိဂို-ဗက်စပုချိ" ဆိုသူ သင်္ဘောသား တယောက်သည် စပိန်ဘုရင်၏ အထောက်အပံ့ဖြင့်စူးစမ်းရှာဖွေရန် ပင်လယ်ခရီး ထွက်သည်တွင် တောင်အမေရိကတိုက်သို့ ရောက်ရှိသွားသဖြင့်၊ ကိုလံဘတ် တွေ့ရှိခဲ့သော နယ်မြေများသည် အာရှတိုက်မှ မဟုတ်ကြောင်း အသေအချာ သိရှိတော့၏။ အမေရိဂို-ဗက်စပုချိကို အစွဲပြု၍ တိုက်သစ်ကြီးနှစ်တိုက်ကို "အမေရိကား" အမေရိကတိုက်ဟု ခေါ်ဆိုကြသည်။ ထိုကြောင့် မက်ဂျလန်သည် ဟင်းခတ်အမွှေးအကြိုင်ထွက်သော အရှေ့တောင်အာရှဒေသများသို့ ရောက်နိုင်ရန်အတွက် အမေရိကတိုက်ကို ကွင်းသွားမှ ဖြစ်မည်ဟုအကြံရ၏။

(၁၅၁၉) တွင် စပိန်ဘုရင်က ပေးသော သင်္ဘောငါးစင်းနှင့် အတ္တလန်တိတ် သမုဒ္ဒရာကို ဖြတ်ကျော်ပြီး တောင်အမေရိကတိုက် "ဘရာဇီး" ကမ်းခြေသို့ရောက်သော်၊ ကမ်းရိုးတန်းအတိုင်း တောင်ဘက်သို့ဆက်လက်သင်္ဘောလွှင့်သွား၏။ တောင်အမေရိကတိုက်တောင်ဘက်စွန်းသို့ ရောက်သောအခါ အလွန်ကျဉ်းမြောင်းသော ရေလက်ကြားတခုကိုတွေ့၍ ထိုရေလက်ကြားအတိုင်း အနောက်ဖက်သို့သွားလေရာ၊ လှိုင်းလေ အလွန်ပြင်းထန်သောကြောင့် တလကျော်ကြာမှ ထိုရေလက်ကြားကို လွန်သွား၏။ ထိုရေလက်ကြားကို "မက်ဂျလန်" အားအစွဲပြု၍ "မက်ဂျလန်ရေလက်ကြား" ဟုခေါ်၏။

မက်ဂျလန်ရေလက်ကြားကို ကျော်လွန်သွားသောအခါ အလွန်ကျယ်ဝန်းသော သမုဒ္ဒရာကြီးတခုကိုတွေ့၏။ ထိုသမုဒ္ဒရာသည် အလွန်ငြိမ်သက်သောကြောင့် ငြိမ်သက်သော သမုဒ္ဒရာ "ပစိဖိတ်သမုဒ္ဒရာ" ဟုအမည်ပေးခဲ့သည်။ ထိုပစိဖိတ်သမုဒ္ဒရာကိုလွန်သောအခါ ကျွန်းစုတခုကိုရောက်သည်။ ထိုကျွန်းစုကို သူ၏ကျေးဇူးရှင် စပိန်ဘုရင်၏သားတော် ဖိလစ်ကို ဂုဏ်ပြုသောအားဖြင့် "ဖိလစ်ပိုင်ကျွန်းစု" ဟုအမည်ပေးခဲ့သည်။ မက်ဂျလန်သည် ထိုကျွန်းစုများကို စပိန်ဘုရင်အတွက် သိမ်းသွင်းရင်း ကျွန်းသားများနှင့် စစ်တိုက်ရာတွင် ကျဆုံးသွားသည်။

မက်ဂျလန်ကျဆုံးပြီးနောက်၊ သူ၏လက်ထောက် မာလိန်မှုသည် သူစီးသောအင်္ဘော "ဝိတိုရိယ" ကိုကွပ်ကဲအုပ်ချုပ်ပြီး၊ အိန္ဒိယသမုဒ္ဒရာကို ဖြတ်ကျော်၍ "ဂွတ်ဟုပ်အငူ" (Cape of Good Hope)ကိုရောက်၏။ ထိုမှတဖန် အာဖရိကတိုက် အနောက်ဖက် ကမ်းရိုးတန်း အတိုင်း မြောက်ဖက်သို့သွားရာ နောက်ဆုံးတွင် စပိန်ပြည်သို့ရောက်လေ၏။ စပိန်ပြည်ကစထွက်သည်အချိန်မှစ၍ ပြန်ရောက်သည့်အချိန်ထိ သုံးနှစ်ကြာသည်။ သင်္ဘောငါးစင်းအနက် တစင်းသာပြန်ရောက်၏။ ကျန်လေးစင်းမှာ လမ်းတွင်ပျက်ခဲ့၏။ မူလကပါသွားသော သင်္ဘောသား ၂၈၀ ကျော်မှ ၁၈ယောက်သာ စပိန်ပြည်သို့ပြန်ရောက်လေသည်။ မက်ဂျလန်၏စွန့်စားမှုကြောင့် သူ၏သင်္ဘောများသည် ပင်လယ်ရေကြောင်းခရီးအားဖြင့် ကမ္ဘာကို အရှေ့မှအနောက်သို့ပတ်မိကြသည်။ ဤသို့ပတ်မိခြင်းက ကမ္ဘာသည် အမှန်စင်စစ် အပြားမဟုတ် အလုံးဖြစ်ကြောင်း ခိုင်မာစွာသောသက်သေပြလိုက်၏။


ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)