ဘော်တွင်း (သတ္တုတွင်း)

ဝီကီပီးဒီးယား မှ

ဘော်တွင်း (သတ္တုတွင်း)[ပြင်ဆင်ရန်]

နမ္မတူဘော်တွင်းဟူသော အမည်ဖြင့် ပို၍ လူသိများသော ဘော်တွင်းဒေသသည် ရှမ်းပြည်နယ်မြောက်ပိုင်း တောင်ပိုင်းနယ်များတွင် ရှိသည်။ နမ္မတူ ဘော်တွင်းဟု တစ်ဆက်တည်း ခေါ်လေ့ရှိကြသော် လည်း ဘော်တွင်းနှင့် နမ္မတူသည် တစ်နေရာစီ ဖြစ်သည်။ ဘော်တွင်းသည် နမ္မတူမြို့၏ အရှေ့မြောက် ဘက် ၁၂ မိုင်ခန့် ဝေးသော အရပ်တွင်ရှိ၍၊ မြေအောက်တူးဖော်ရေးလုပ်ငန်း သက်သက် လုပ်ကိုင်ရာ စခန်းဖြစ်သည်။ နမ္မတူတွင် ဘော်ချက်စက်ရုံကြီးရှိ၍၊ ဘော်တွင်းမှ တူးဖော်ရရှိသော သတ္တုရိုင်းများကို ကျိုချက်သန့်စင်ပေး ခြင်းကို ဆောင်ရွက် ပေးရသော ဌာနဖြစ်သည်။ စင်စစ် နမ္မတူသည် ဘော်တွင်း ဒေသမှ သတ္တုလုပ်ငန်းကို အကြောင်းပြု၍ နာမည်ထင်ရှား လာခြင်း ဖြစ်သည်။


အလုပ်သဘောအားဖြင့် ဆက်စပ်နေ သဖြင့် နမ္မတူဘော်တွင်းဟု ခေါ်ဝေါ်ခဲ့ကြဟန် တူပေသည်။ ဘော်တွင်း၌ ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရနှင့် ဗြိတိသျှပိုင် ဘားမားကော်ပိုးရေးရှင်း လီမိတက်တို့ပူးပေါင်းကာ ဘားမားကော်ပိုးရေးရှင်း (၁၉၅၁) လီမိတက်အမည်သစ်ဖြင့်၊ ၁၉၅၂ ခုနှစ်အတွင်းမှစ၍၊ သတ္တု တူးဖော်ရေးဖက်စပ်လုပ်ငန်းကို တည်ထောင်ဆောင်ရွက်လျက် ရှိလေသည်။ ဘော်တွင်းဒေသသည် ပြည်ပိုင် အစိုးရက သတ္တုတူး ဖော်ခွင့်ပြုထားသည့် အကျယ်အဝန်းအရ၊ စတုရန်း ၁ဝ မိုင် ပတ်လည်ရှိသည်။ ပျမ်းမျှခြင်းအားဖြင့်၊ ပင်လယ် ရေပြင်မှ ပေ ၃၂ဝဝ ကျော်မြင့်၍၊ အနိမ့်ဆုံး အပိုင်းသည် ပေ ၂၆ဝဝ ဖြစ်ပြီးလျှင်၊ အမြင့်ဆုံးအပိုင်းသည် ၄၆၁၅ ပေဖြစ်သည်။

ထိုဒေသကို ဖြတ်သန်းစီးဆင်းသည့် မြစ်ကို စတန်းမြစ်ဟူ၍ လည်းကောင်း၊ ရှမ်းဘာသာဖြင့် နမ့်ပန်းယန်၊ သို့မဟုတ် နမ့်ဟောင်မို၊ သို့မဟုတ် နမ့်မော် မြစ်ဟူ၍ လည်းကောင်း ခေါ်ဆိုကြသည်။ ထိုမြစ်ဖြတ်သန်းစီးဆင်းရာ တစ်လျှောက်တွင် ပေတစ်ထောင်ခန့်နက်သော ချောက်ကမ္ဘားကြီးကို ဖြစ်ပေါ် စေသည်။

ဘော်တွင်းဒေသတစ်ဝိုက်သည် တောင်ကုန်းထူထပ် သည်။ နမ္မတူမှ ဘော်တွင်း တစ်လျှောက်တွင်၊ စတန်း မြစ်အောက်ပိုင်း၌၊ သစ်ပင် ဝါးပင်အတော်အသင့်ပေါက်ရောက် သော်လည်း နမ္မတူမှ ၇ မိုင်အကွာ လိုပါမှ လွန်သော် သစ်ပင် ဝါးပင်တို့တဖြည်းဖြည်း ပါးသွာုးပြီးလျှင် ဘော်တွင်းဒေသသို့ ရောက်သည့်အခါ တောင်ကုန်း တောင်တန်းများတွင် မြက်ပင် များသာ ပေါက်ရောက်သည်ကို တွေ့ရသည်။ အထူးသဖြင့် သတ္တုတွင်းများအနီးနှင့် အရှေ့မြောက်ဘက် ယွန်းယွန်းတွင် တောင်များသည် တောင်ကတုံးများ ဖြစ်ကြ၍ အခြား သစ်ပင်ဝါးပင်များ မပေါက်ရောက်ပေ။

ဘော်တွင်း၌ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း မြေအောက်တူးဖော်ရေး လုပ်ငန်းများကို ဆောင်ရွက်သည်။ မြေအောက်လိုဏ်ခေါင်းများသို့မာမီယန်ထွက်ပေါက်ရှိ ဓာတ်လှေကားဖြင့် ဆင်းကြရသည်။ လိုဏ်ခေါင်း အထပ်ထပ်မှ တူးဖော်ရရှိသော သတ္တုရိုင်းများကို မြေအောက် ဥမင်လမ်း ကြောင်းအတိုင်း ဓာတ်ရထား တွဲငယ် ကလေးများဖြင့် ၁ မိုင်ခန့်ဝေးသော ကျားစခန်း ဘူတာရုံ ( ဘော်တွင်းနှင့် နမ္မတူအကြားရှိ ဘူတာရုံ ) အထိ ပို့ပေးရသည်။

ယင်းမှတစ်ဖန်၊ နမ္မတူဘော်ချက်စက်ရုံအထိ မီးရထားဖြင့် ပို့ပေးရသည်။ ဘော်တွင်းမြို့သည် မြို့ပိုင်ရုံးစိုက်မြို့ဖြစ်သည်။ ဘားမားကော်ပိုးရေးရှင်း ကုမ္ပဏီပိုင် အလုပ်ရုံးများ၊ စတိုး များ၊ စာကြည့်တိုက်၊ ရဲဌာနာ စသည်တို့ဖြင့် သိုက်သိုက်မြိုက် မြိုက်ရှိ၍၊ ကုမ္ပဏီပိုင် သတ္တုတွင်းမြို့ကလေး တစ်မြို့သဖွယ် ရှိ၏။

ယင်းသို့ဖွံ့ဖြိုးတိုးတက်သော ဒေသအဖြစ် ရောက်ရှိ လာသည့် ဘော်တွင်းဒေသ၏ သမိုင်းသည် ရာစုနှစ် များနှင့် ချီ၍ ကာလကြာရှည်ခဲ့ပေပြီ။ ယခုလက်ရှိ အခြေအနေသို့ ရောက်ရှိခဲ့ခြင်းသည် ဘားမားကော်ပိုးရေးရှင်း လီမိတက်၏ စွမ်းဆောင်ချက်ကြောင့်ဖြစ်ရာ ဘော်တွင်း၏ သမိုင်းတွင် ထိုကုမ္ပဏီသည် အရေးကြီးဆုံးသော ကဏ္ဍမှ ပါဝင်ခဲ့ပေသည်။

ရှေးရာစုနှစ်ပေါင်းများစွာကပင် ဘော်တွင်း ဒေသ၌ သတ္တုများ တူးဖော်လုပ်ကိုင်ခဲ့ကြသည့် အထောက် အထားများ ကို တွေ့ရှိကြရသည်။ အချို့က ရှေးနှစ်ပေါင်း ၁ဝဝဝ ကျော် ခန့်ကပင် စတင်လုပ်ကိုင်ခဲ့သည်ဟု ဆိုကြသည်။ သို့သော် ထိုအဆိုကို အထောက်အထား ခိုင်လုံစွာ မပြနိုင်ချေ။

ထောက်လှမ်း စုံစမ်းရသမျှတို့ကို အထောက်အထား ပြုရလျှင်၊ ဘော်တွင်းဒေသ၌ သတ္တုတူးဖော်ရေး လုပ်ငန်းသည် အနှစ် တစ်ထောင်ကျော် မရှိနိုင် သေးကြောင်းသိရသည်။ ဘော်တွင်း၌ တွေ့ရှိရသော ( တရုတ်ဘာသာဖြင့် ရေးထိုးထားသည့် ) ကျောက်စာအရ၊ ဘော်တွင်း၌ သတ္တုတူးဖော်ခြင်းကို ခရစ်နှစ် ၁၄၁၂ ခုနှစ်ခန့်က စတင်ခဲ့သည်ဟု သိရ၏။

ဘော်တွင်း၌ သတ္တုတူးဖော်ခြင်းကို စတင်ခဲ့သူများ သည် တရုတ်လူမျိုးများ ဖြစ်ကြသည်။ ထိုအချိန်က တရုတ် နိုင်ငံတွင် မင် မင်းဆက်ဖြစ်သော ရင်ဟိုမင်း လက်ထက်တော်ဖြစ်သည်။ ထိုမင်းသည် နန်းစံ ၉ နှစ် မြောက်သော နှစ်တွင် ဘော်တွင်းဒေသကို တိုက်ခိုက်သိမ်းပိုက် သည်။ ထိုနောက်တွင် သတ္တုတူးဖော်ခြင်းကို စတင်ခဲ့သည်။

သို့သော် ထိုမင်းလက်ထက်တွင် သတ္တုလုပ်ငန်း မဖွံ့ဖြိုးခဲ့ချေ။ ၁၇၉၆ ခုနှစ်မှ ၁၈၂၁ ခုနှစ်အတွင်း ဖြစ်သော ချီယာချင်းမင်း လက်ထက်မှ စတင်၍ လုပ်ငန်းအောင်မြင်လာသည်။ ၁၈၆၈ ခုနှစ်အထိ ထိုဒေသတွင် ဘော်လုပ်ငန်းသည် တိုးတက်ဖွံ့ဖြိုး ခဲ့သည်။

ထိုခေတ်ကာလတွင် ဘော်တွင်းဒေသသို့ပထမဆုံး ရောက်ရှိလာသော ဥရောပတိုက်သားသည် ဆိုင်းဆို သူဖြစ်၍၊ ဗန်းမော်မြို့မှ ၆ ရက်ခရီးကွာဝေးသော ဘော်တွင်းဒေသသို့ ၁၇၉၅ ခုနှစ်တွင် ရောက်ရှိကြောင်း၊ ခရီး သွားမှတ်တမ်း၌ ဖော်ပြခဲ့သည်။

၁၈၂၇ ခုနှစ်တွင် ဘော်တွင်းမှ ကုန်သည်များနှင့် တွေ့ဆုံရသော ကရောဖို့အမည်ရှိ ဥရောပတိုက်သားက၊ ဘော်တွင်းမှ နှစ်စဉ် ထွက်ရှိသော ဘော်ငွေသား၏ အလေးချိန် သည် ကျပ် အချိန် ၉၆ဝဝဝဝ (ပေါင်စတာလင် ၁၂ဝဝဝဝ) ဟု သိရှိရကြောင်း၊ အင်းဝမင်းသို့နှစ်စဉ် ဘဏ္ဍာတော်အဖြစ် ဆက်သရသော ဘော်ငွေသားသည် ကျပ်အချိန် ၄၈ဝဝ ( ပေါင်စတာလင် ၆ဝဝ ) ဖြစ်ကြောင်း၊ ဘော်တွင်း၌ အလုပ်သမားဦးရေ တစ်ထောင်ခန့်ရှိကြောင်း စသည်တို့ကို ကြားသိရသမျှ မှတ်တမ်းတင်ခဲ့လေသည်။

၁၈၅၅ ခုနှစ်တွင် ဆာအာသာဖယ်ယာ၏ အဖွဲ့ဝင် တစ်ဦးအဖြစ် အထက်မြန်မာနိုင်ငံသို့ရောက်ရှိခဲ့သော ဒေါက်တာ အိုလဒမ်၏ မှတ်တမ်းအရမှာမူ၊ ဘော်တွင်း၌ ထိုအချိန်က လူပေါင်း တစ်သောင်းကျော်ခန့်အလုပ်လုပ် နေကြကြောင်း၊ ဘော်တွင်းမှ တစ်နေ့လျှင် ဘော်ငွေသား ပိဿာချိန် လေးဆယ်ထွက်ကြောင်း စသည်တို့ကို ဖော်ပြ ခဲ့သည်။ အဆိုပါ အချက်များတွင် ချဲ့ထွင်ပြောဆိုချက်များ ပါရှိကောင်း ပါရှိမည်ဖြစ်သော်လည်း ၁၈၅၅ ခုနှစ်ခန့်က ဘော်တွင်း၌ သတ္တုလုပ်ငန်းစည်ပင် ဖွံ့ဖြိုးလျက် ရှိကြောင်းကိုမူ ခိုင်ခိုင်လုံလုံ သိရှိရလေသည်။

တရုတ်တို့ကြီးစိုးသည့် အချိန်ကလည်း ဘော်တွင်း ဒေသတွင် ကြီးကျယ်စည်ကားခဲ့ဟန် တူပေသည်။ ကျောက်စာ ဝန်တော်စိန်ခို၏ အလိုအရ မဝေးလှသော ခေတ်က ဘော်တွင်း ဒေသ၌ လူပေါင်း ၂ဝဝဝဝ ခန့်နေထိုင်ခဲ့သည်ဟု ဆိုသည်။ ယခုတွေ့ရှိရသော အထောက်အထားများအရ၊ ထိုလူဦးရေ ဂဏန်းသည် များလွန်းလှ သည်ဟု ဆိုရပေမည်။ သို့သော် ဘော်တွင်းဒေသ၏ အနောက်ဘက်၊ အနောက်မြောက်ဘက်နှင့် မြောက်ဘက်တို့တွင် ရန်သူများ တိုက်ခိုက်လာပါက ခုခံ တွန်းလှန်ရန် အခိုင်အမာ ပြုလုပ်ထားသော ရှေးခံတပ် အပျက် အစီးများသည် ၁၂-၁၄ မိုင်ခန့်ရှည်လျားသည်ကို တွေ့ကြရ သည်။

ဘော်တွင်းတစ်ဝိုက်ရှိ တောင်စောင်း၊ တောင်ခါးပန်း စသော လူနေအိမ်ခြေ တည်နိုင်သည့် နေရာများတွင် လူနေအိမ် ခြေ ထူထပ်စွာ ရှိခဲ့ပြီးလျှင်၊ ကျောက်ခင်းလမ်းတစ်လမ်းဖြင့် ဆက်သွယ်ထားခဲ့ကြောင်းများကိုလည်း တွေ့ရသည်။ ဘော်တွင်း ကို ဖြတ်သန်းစီးဆင်းသည့် ချောင်းကို ကျောက်ဖြင့်ပြီးသော ခုံးတန်တား ၃ ခုဖြင့် ကျော်ဖြတ်ထားရာ၊ တံတားတို့၏ အလျားသည် ၁၆-၂ဝ ပေခန့်ရှိ၍၊ အနံ ၆ ပေခန့်ရှိသည်။

ကျောက်ခုံ တံတား ၃ ခုအနက် တစ်ခုကိုသာ မပျက်မစီး တွေ့ကြရသည်။ လှေကားပြက်ကျယ်ကျယ် ကြီးများဖြင့် ဆင်းတက် ရသော ကျကျနန ဆောက်လုပ်ထားခဲ့ဟန် တူသည့် တန်ဆောင်း အပျက်အစီးများကို ထောက်ရှု၍ တစ်ခေတ်က ထိုဒေသတွင် လူအများအပြား နေထိုင်ခဲ့ကြကြောင်း မှန်းဆရ လေသည်။

၁၈၆၈ ခုနှစ်တွင်မူ ဘော်တွင်း၌ သတ္တုလုပ်ငန်း ရပ်ဆိုင်းသွားကြောင်း သိရသည်။ ရပ်ဆိုင်းခဲ့ရသော အကြောင်း မှာ အမျိုးမျိုး ဖြစ်နိုင်သည်။ အဓိက အကြောင်းသည် ပန်းသေးများ ထကြွခြင်းနှင့် တိုင်းရင်းသား ရှမ်း၊ ကချင် စသည်တို့တော်လှန်ပုန်ကန်ခြင်းကြောင့်ဟု ယူဆရလေသည်။

ဆိုခဲ့သောနှစ်တွင် တရုတ်ပြည်မနှင့် နမ္မတူ အပါ အဝင် မြန်မာနိုင်ငံအကြားရှိ တောင်ကုန်းဒေသမှ ပန်းသေ လူမျိုးတို့ထကြွကြသည်။ ယင်းတို့ထကြွကြလျှင် ဘော်တွင်း ဒေသမှ ကချင်နှင့် ရှမ်းတို့ကလည်း ဘော်တွင်း၌ ကြီးစိုး နေသော တရုတ်တို့ကို ပုန်ကန်ကြသည်။ ထိုအခါ တရုတ် ပြည်မနှင့် ဘော်တွင်းဒေသမှ တရုတ်တို့အဆက် ပြတ်ကာ၊ ထိုဒေသကို စွန့်ပြေးရန် ဖြစ်လာသည်။ ဘော်တွင်း၌ ကြီးစိုး ခဲ့သော တရုတ်တို့သည် တရုတ်တို့သည် ဘော်တွင်းအတွက် အလုပ်သမားများကို တရုတ်နိုင်ငံမှ ခေါ်ယူခဲ့ကြသည်။

ယင်းတို့ကို ကျေးပိုင် ကျွန်ပိုင်စံနစ်ဖြင့် လည်းကောင်း၊ ရာဇဝတ်ကြောင်းဖြင့် မင်းဒဏ်ခတ်၍ လည်းကောင်း ခေါ်ယူခဲ့ခြင်းဖြစ်ရာ၊ တိုင်းရင်းသားတို့အုံကြွမှုကို အခါ အခွင့်ယူလျက် ထိုတရုတ်အလုပ်သမားတို့သည်လည်း ဘော်တွင်းဒေသကို စွန့်၍ နေရင်းဇာတိသို့ပြန်ထွက်ပြေးကြ သည်။ ထို့ကြောင့် သတ္တုလုပ်ငန်းများ ရပ်ဆိုင်းသွားပြီးသော်၊ ထိုအချိန်မှစ၍ တရုတ်တို့ကြီးစိုးသော သတ္တုလုပ်ငန်းသည် ဘော်တွင်း၌ အဆုံးတိုင်ခဲ့လသည်။

ထိုစဉ်က တရုတ်တို့တူးဖော်လုပ်ကိုင်ခဲ့သော ဘော်ငွေ သားစံချိန်သည် ယနေ့စံချိန်ထက် မညံ့ဟုသိရသည်။ တရုတ် တို့သည် ငွေသားကိုသာ ထုတ်ယူ၍ အခြားပါဝင်သော သတ္တု များကို ခေတ်အလျောက် တန်ဖိုးမရှိ၍ စွန့်ပစ်ကြသည်။ ယခု ထက်တိုင် နမ္မတူဘော်တွင်း မီးရထားလမ်းဘေးရှိ ပန်းယန် မြစ်ကမ်းနဖူး၌ တရုတ်တို့စွန့်ပစ်ထားခဲ့သော သတ္တုရိုင်း အစအနများ၊ ချော်ချေးများကို တွေ့ကြရသေးသည်။

တရုတ်တို့စွန့်ပစ်သော ချော်ချေးများ၊ သတ္တုရိုင်း အစအနများတွင် ခဲသားနှင့် အခြားသတ္တုရိုင်း တန်ချိန်သည် ပါရှိသည်။ တရုတ်တို့တူးဖော်ခဲ့သော သတ္တုရိုင်း တန်ချိန် သည် ၂၅ဝဝဝဝ ( ထိုအထဲတွင် တန်ချိန် ၅ဝဝဝဝ ခန့်သည် ငွေနှင့်ခဲ ရောနှောပါရှိသော သတ္တုရိုင်းများ ဖြစ်ကြသည် ) ဟု ခန့်မှန်းကြသည်။ အချို့ကမူ သတ္တုရိုင်းတန်ချိန် ၁ဝဝဝဝဝဝ နှင့် ဘော်ငွေသား အောင်စ ၁ဝဝဝဝဝဝဝ ဟု ခန့်မှန်းသည်။

တရုတ်တို့စွန့်ထားသည့် ဘော်ငွေသားကိုသာ ထုတ်ယူပြီးခဲ့ သားများ ကျန်နေသေးသော ချော်ချေးများသည် တောင်ပုံရာပုံ ဖြစ်နေရာ ယင်းတို့ကို အကြောင်းပြု၍ ဥရောပတိုက်သား များသည် ဘော်တွင်း၌ သတ္တုလုပ်ငန်းကို ပြန်၍ အသက်သွင်း ခဲ့ကြ လေသည်။

တရုတ်တို့စွန့်ခွာသွားလေသဖြင့် ဘော်တွင်းသတ္တု လုပ်ငန်းများ ရပ်ဆိုင်းနေခဲ့ရာ၊ ၁၈၉၁ ခုနှစ်တွင် အေစီ မာတင်တဆိုသူ ဗြိတိသျှလူမျိုး တစ်ဦးသည် ဘော်တွင်းဒေသ သို့ရောက်ရှိလာသည်။ အေစီမာတင်သည် တရုတ်တို့စွန့်ထား သော သတ္တုရိုင်း အစအနများ တောင်ပုံ ရာပုံဖြစ်နေ သည်ကို တွေ့မြင်ရာမှ ယင်းတို့ကို ကျိုချက်ယူလျှင် အခြား အဖိုးတန် သတ္တုများ ရရှိနိုင်သေးကြောင်း တွေ့မြင်သိရှိရသဖြင့်၊ ဘော်တွင်း၌ သတ္တုလုပ်ငန်းကို ဥရောပတိုက်သားများ ပြန်၍ စကြပြန်လေသည်။

ဒေအီ မာတင်သည် ဂျေဆာကီဆိုသူနှင့် နှစ်ဦးစပ်ကာ စတုရန်း ၄ မိုင်ကျယ်သော မြေကို ပြည်ပိုင်အစိုးရ ထံမှ ဂရန် ယူ၍ သတ္တုလုပ်ငန်းကို စတင်ခဲ့သည်။ ယင်းတို့၏ လုပ်ငန်း သည် ချော်ချေးများမှ ခဲစသော သတ္တုများ ကျိုချက်ထုတ်ယူ ခြင်းဖြစ်သည်။ သို့သော် အကျိုးများစွာ မဖြစ်ထွန်းခဲ့ချေ။ ထို့ ကြောင့် အမ်အီးကင်ဒါစလေ ဆိုသူ နှင့် တွဲဘက်၍၊ မြန်မာ ပြည် သတ္တုတူးဖော်တိုးချဲ့ရေး အေဂျင်စီကို ဖွဲ့စည်းဆောင်ရွက် ကြသည်။ ထိုအေဂျင်စီ အဖွဲ့ကို ၁၉ဝ၃ ခုနှစ်တွင် ဂရိတ်အိ စတင်းမိုင်းနင်း ကုမ္ပဏီဟု ခေါ်တွင် အသိအမှတ်ပြုသည်။

ထိုကုမ္ပဏီသည်လည်း များစွာ အကျိုးကျေးဇူး မခံစားရချေ။ ထို့ကြောင့် ဘားမားမိုင်း အင်စမယ်လတင်း လီမိတက်သို့ ရောင်းချလိုက် ပြန်သည်။ ၁၉ဝ၈ ခုနှစ်တွင် ထိုကုမ္ပဏီသည် ဘားမားမိုင်းလီမိတက်ဟု အမည်ပညတ် ပြောင်းပြန်သည်။

နောင်အခါ ဘားမားမိုင်းလီမိတက်၏ ငွေရင်းတွင် ၉၉ ့၈ ရာခိုင်နှုန်း အစုပါဝင်ထားသော ဘားမားကော်ပိုးရေးရှင်း လီမိတက် ( လန်ဒန် ) ၏ အမည်ကို ယူလိုက်ပြန်လေသည်။ ယင်းသို့ဖြင့် ဘားမားကော်ပိုးရေးရှင်း လီမိတက်သည်ဘော်တွင်း ဒေသတွင် စခန်းထလာခဲ့လေသည်။

ဘားမားကော်ပိုးရေးရှင်း လီမိတက်၏ လက်အောက် သို့ဘော်တွင်း သတ္တုလုပ်ငန်း ရောက်သွားသောအခါ ကုမ္ပဏီ ၏ ပထမဆုံး ရည်ရွယ်ချက်သည် တရုတ်တို့စွန့်ထားခဲ့သော ချော်ချေးသတ္တုကျိုစက်သို့ပို့ဆောင်နိုင်ရန် ဘော်တွင်းမှ မန့်ပွေးသို့မီးရထားလမ်း ဖောက်လုပ်ပြီးစီးခဲ့သည်။ ပြည်မ မီးရထားလမ်းနှင့် ဆက်မိလေအောင် နမ့်ယော်အထိ ဖောက်လုပ် သည်။ နမ့်ယော်သည် မန္တလေးမြို့ဟောင်း ဘူတာမှ ၁၆၅ မိုင်ကွာ၍၊ ဘော်တွင်းမှ နမ့်ယော်အထိ မီးရထားလမ်းသည် ၄၄ မိုင်ရှည်လျားပေရာ၊ တောတောင် အထပ်ထပ်၊ လျှိုမြောင် အသွယ်သွယ်တို့ကို ဖြတ်သန်းကာ ခဲယဉ်းပင်ပန်းစွာ ဆောက် လုပ်ခဲ့ရသဖြင့် ကုမ္ပဏီ၌လည်း ငွေရေးကြေးရေးများစွာပင် ထိခိုက် ခဲ့လေသည်။ သို့သော် နောင်အခါတွင်မူ ထိုမီးရထား လမ်းကြောင့် တစ်ဘက်တစ်လမ်းပြန်၍ အကျိုးရှိခဲ့သည်။

ထိုမီးရထားလမ်းကို ယခုတိုင်လည်း အသုံးပြုလျက် ရှိသည်။ ယင်းမီးရထားလမ်းကို ဖောက်လုပ်ပြီးစီးခဲ့သော်လည်း သတ္တုကျိုစက်ရုံကို မန္တလေး၌ ထားရှိသဖြင့်၊ သယ်ယူပို့ ဆောင်ရေးအတွက် ပြည်ပိုင်အစိုးရ မီးရထားကိုလည်း အသုံး ပြုနေရပြန်ပေရာ စရိတ်တက်လှသောကြောင့် ထင်သလောက် အကျိုးမရှိခဲ့ပေ။ ထို့ကြောင့် ဂဏန်းကြေ၍ အရှည်မှန်း တတ်သော ကုမ္ပဏီသည် ၁၉၁၁ ခုနှစ်တွင် ကျိုစက်ရုံကို မန္တလေးမှ ဖြုတ်ပြီးသော် နမ္မတူ၌ ပြောင်းရွှေ့တပ်ဆင် လေသည်။ ထိုအခါမှသာလျှင် ကုမ္ပဏီ၌ အကျိုးခံစားမှုကို တစ်စတစ်စ ရရှိလာသည်။

စင်စစ် ကုမ္ပဏီ ဖွံ့ဖြိုးတိုးတက်လာခြင်းသည် တရုတ် သတ္တုကျောခေါ် သုံးမကုန် ယူမခန်းအောင် ကြွယ်ဝလှသော သတ္တုကျောကို တွေ့ရှိပြီးသည့် နောက်ပိုင်းတွင်သာဖြစ်သည်။ ၁၉၁ဝ ပြည့်နှစ်အထိ၊ ကုမ္ပဏီသည် မြေအောက်သတ္တု တူးဖော် ရေးကို ထိရောက်စွာ မလုပ်ကိုင်သေးဘဲ တရုတ်တို့စွန့်ခဲ့သော ချောချေးများ၊ သတ္တုရိုင်း အစနအနများမှ ဘော်ငွေသား၊ ခဲသားနှင့် အခြားသတ္တုများကို ကျိုချက်ထုတ်ယူခြင်းသာ ပြုခဲ့ သည်။ ၁၉၁၃ ခုနှစ် တွင်သာ ထုတ်ယူမကုန်အောင် အဖိုး ထိုက်လှသော ငွေတွင်းကြီးနှင့် ပမာတူသည့် တရုတ်သတ္တု ကျောကို တွေ့ရှိခဲ့ ပေသည်။ ထိုအချိန်မှစ၍ ကုမ္ပဏီသည် အလွန်ဖွံ့ဖြိုးတိုးတက်ခဲ့လေသည်။

ဘားမားကော်ပိုးရေးရှင်း လီမိတက်သည် ကြီးပွား တိုးတက်ခဲ့ပေရာ၊ ဒုတိယကမ္ဘာစစ်ကြိုခေတ်က မြန်မာ နိုင်ငံ တွင် အမြတ်စွန်းဆုံးဖြစ်သော ဘီအိုစီရေနံကုမ္ပဏီနှင့်ပင် ပခုံးချင်း ယှဉ်နိုင်အောင် အမြတ်အစွန်းများခဲ့သည်။ လစဉ် မြေအောက်တူးဖော်ရေးလုပ်ငန်းမှ သတ္တုရိုင်း တန်ချိန်ပေါင်း ၄ဝဝဝဝ မျှ တူးဖော်နိုင်ခဲ့၍၊ နမ္မတူဘော်ချက် စက်ရုံမှ တန်ချိန် ၃ဝဝဝဝ ကျော်ကို လစဉ် ကျိုနိုင်ခဲ့သည်။ ထိုစဉ်က သတ္တုတွင်း အလုပ်မသားသက်သက် ၆ဝဝဝ ကျော်မျှ ရှိခဲ့ သည်။ သတ္တုချက်စက်ရုံကြီး တစ်ခုနှင့်ပင် မနိုင်နင်း၍၊ နမ္မတူမှ ၃၂ မိုင်တွင် စက်ရုံကြီး တစ်ခုကို ဒုတိယ ကမ္ဘာစစ် ကြိုခေတ်က တည်ဆောက်ခဲ့ရာ အထပ် ၇ ထပ်ရှိသော စက်ရုံ ကြီးဖြစ်သည်။ သို့သော် ဒုတိယ ကမ္ဘာစစ်ကြီး အတွင်းက စစ်ဒဏ်ကြောင့် ပျက်စီးသွားခဲ့လေသည်။

ဘားမားကော်ပိုးရေးရှင်း ကုမ္ပဏီသည် ပထမကမ္ဘာ စစ်နှင့် ဒုတိယကမ္ဘာစစ်အကြားတွင် တရှိန်ရှိန် တိုးတက်။ ငွေနှင့်ခဲသာမက၊ ဘော်တွင်းမှ ကြေး၊ သွပ် ချော်၊ သံ၊ ပလက်တီနံနှင့် ရွှေအနည်းငယ်လည်း ထွက်ရှိသည်။ ဘားမားကော်ပိုးရေးရှင်း ကုမ္ပဏီသည် တိုးတက် ကြီးပွားလာသည့်အလျောက်၊ ၁၉၁၉ ခုနှစ် ဒီဇင်ဘာလ တွင် ဘားမားကော်ပိုးရေးရှင်း ကုမ္ပဏီ ( လန်ဒန် ) ကို ဖျက်သိမ်း ၍ ဘားမားကော်ပိုးရေးရှင်းကုမ္ပဏီ (အိန္ဒိယ) ဟု မြန်မာပြည်ပ ပြန်၍ဖွဲ့စည်းတည်ထောင်ပြီးနောက်၊ လန်ဒန်ကုမ္ပဏိ၏လုပ်ငန်း များကို ဆက်လက်ဆောင်ရွက် သည်။ ဂရိတ်အိစတင်း မိုင်းနင်းကုမ္ပဏီက မြေစတုရန်း ၄ မိုင်ပတ်လည် ဂရန်ခံထား သော သတ္တုတူးဖော်ခွင့် မြေငှားစာချုပ်ကို ဖျက်သိမ်း၍ အိန္ဒိယ အစိုးရနှင့် ဂရန်မြေငှား စာချုပ်သစ် ထပ်မံချုပ်ဆိုသည်။

ထိုဂရန်သစ်အရ၊ ၁ဝ စတုရန်းမိုင် ပတ်လည်မြေ၌ သတ္တု တူးဖော်ခွင့် ရရှိ၍၊ ၁၉၂ဝ ပြည့်နှစ် ဇန်နဝါရီလမှ စတင်ပြီးလျှင် အနှစ် ၃ဝ ဂရန် ခံယူရရှိခဲ့လေသည်။ ထိုဂရန်နှစ် မစေ့မီကလေးဖြစ်သော ၁၉၄၉ ခုနှစ်တွင် မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရရှိခဲ့သည်။ ပြည်ထောင်ဟု မြန်မာနိုင်ငံ၏ သယံဇာတပစ္စည်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စု၏ အခြေခံ ဥပေ၊ဒအရ၊ ပြည်ထောင်ဟု အစိုးရသည် ဘားမားကော်ပိုးရေးရှင်း လီမိတက်၏ သတ္တု တူးဖော်ခွင့် ဂရန်နှစ်စေ့လျှင် နောက်ထပ် ဂရန် ၂၅ နှစ် ထပ်ခံခွင့်ပြုပေးသည်။ သို့သော် ၁၉၅၂ ခုနှစ်တွင် ကုမ္ပဏီကို ဖျက်သိမ်း၍ ကုမ္ပဏီအသစ် တည်ထောင်သည်။ ထိုကုမ္ပဏီ သစ်ကို ဘားမားကော်ပိုးရေးရှင်း လီမိတက် ( ၁၉၅၁ ) ဟု မည်ပညတ်ပြောင်း၍ ပြည်ထောင်စု အစိုးရက ကုမ္ပဏီ၏ အရင်းငွေထက်ဝက် စု ၅ဝ ရာခိုင်နှုန်းပါဝင်၍၊ ဘားမားမိုင်း လီမိတက် (လန်ဒန်) က အစု ၅ဝ ရာခိုင်နှုန်း ပါဝင်လေ သည်။

စစ်ကြိုခေတ်က အမြတ်အစွန်း လွန်များ၍ ကြီး ကျယ်သော လုပ်ငန်းကြီးများ ဆောင်ရွက်လျက် ရှိသော်လည်း၊ မြန်မာတိုင်းရင်းသားတို့သည် နမ္မတူနှင့် ဘော်တွင်းဒေသအ ကြောင်းကို ကောင်းစွာမသိခဲ့ကြချေ။ သို့သော် ကမ္ဘာကမူ မြန်မာပြည်မှ ဘော်ငွေသား ရတနာမြေအကြောင်း သိရှိနေခဲ့ကြ သည်။ စစ်ပြီးခေတ်တွင်မူ စစ်ကြီး ခေတ် အခြေအနေအတိုင်း ဘော်တွင်း၌ ရင်းစားပြန်ထိုးနိုင်ရန် ဘားမားကော်ပိုးရေးရှင်း လီမိတက်သည် ကြိုးစား နေဆဲဖြစ်သည်။ များသောားဖြင့် မြေအောက် တူးဖော်ရေးကို ကောင်းစွာ မဆောင်ရွက်နိုင်သေး ဘဲ၊ ယခင်က တူးဖော်ပြီး၍ ကျန်ခဲ့သော သတ္တုမြေဟောင်းများ ကိုသာ ပြန်လည်ကျိုချက်နေရရာ၊ အလုပ်သဘောအားဖြင့် စက်လည်ရုံမျှသာ ဖြစ်ခဲ့သည်။ ထိရောက်စွာ ပြန်လည်လုပ် ကိုင်နိုင်ပါက ဘော်တွင်းသည် ပြည်ထောင်စု မြန်မာနိုင်ငံ အတွက် နိုင်ငံခြားဝင်ငွေ အများအပြား ရရှိစေနိုင်သော ဒေသဖြစ်လာပေလိမ့်မည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)